သတင်း

ကချင်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၈ ဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ ထုတ်ပြန်ပါတယ်။

ဒီသေဆုံးမှုစာရင်းတွေဟာ ဖေဖော်ဝါရီလအတွင်း မိုးမောက်နဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီကနေပြီးတော့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဖြစ်တယ်လို့ KHRW က မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အချိန်ကာလတစ်ခုရောက်လာရင်တော့ စစ်ကောင်စီတွေအနေနဲ့ကတော့ ကျူးလွန်ခဲ့တဲ့အရာတွေကို တာဝန်ခံရမှာဘဲလို့ မြင်ပါတယ်။ သူတို့ ကျူးလွန်တဲ့အရာတွေလည်း တစ်ခုနှစ်ခုဘဲ မဟုတ်တော့ဘူး စုံနေပြီ လက်ရှိမှာလည်း နိုင်ငံတကာ စစ်ဥဒေကို ချိုးဖောက်နေတဲ့အတွက် အဲဒီအရာတွေအားလုံးကို ဝာာဝန်ယူရမှာဘဲ ဖြစ်ပါတယ်လို့ Kachin Human Rights Watchအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကို ဂျက်ကော့(Jacob) ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက် ဖားကန့်မြို့နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်  ဝါရာဇွပ်ကျေးရွာ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှု အရပ်သား အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၉ ရက် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုမှာ ၁၀ နှစ်အောက် ကလေးသူငယ် ၃ ဦး၊ အမျိုးသားတစ်ဦး အမျိုးသမီး ၂ ဦး နောက်ထပ် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ခုလိုအရပ်သားပြည်သူတွေကို ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲမှုတွေနဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်နေတာဟာ စစ်ရှုံးလာတဲ့စစ်တပ်အနေနဲ့  ပြည်သူလူထုကို အကြောက်တရားနဲ့ အုပ်ချုပ်လိုတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါဟာ အာဏာသိမ်းစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်ဥပဒေချိုးဖောက်နေတာဖြစ်ပြီး ဒီလုပ်ရပ်အပေါ် တရားမျှတမှုရရှိလာအောင် ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်ပက ICC, ICJ တရားဥပဒေရှေ့နေတွေက ကြိုးစားဆောင်ရွက်နေကြပြီဖြစ်တယ်လို့ ဆက်ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီကနေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၇၃၉၄ ခုထိရှိခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်ထက်စာရင် ၂၀၂၄ ခုနှစ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုက နှစ်ဆနီးပါးမြင့်တက်သွားတယ်လို့ သိရပါတယ်။

ကျွန်တော်တို့ရရှိထားတဲ့အချက်အလက်တွေက သက်သေအထောက်အထားတွေဖြစ်ပါတယ် ဒီသက်သေအထောက်အထားတွေကို စနစ်တကျစုံစမ်းပြီးတော့ မှတ်တမ်းတင်ပြီး တရားစွဲဆိုနိုင်ဖို့လုပ်ဆောင်နေတဲ့double I doubleအဖွဲ့ယန္တရားကိုလည်း ကျွန်တော်တို့ရဲ့သတင်းတွေကို ပေးပို့ပြီးတော့ တရားမျှတမှုနဲ့ အပြစ်ပေးအရေးယူမှုတွေပြုလုပ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်လို့အမျိုးသားညီညွှတ်ရေးအစိုးရလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကနေပြီးတော့ ဇန်နဝါရီ ၃ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားထား ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်မှာတော့ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းချိန်က စပြီး  မတ်လ ၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ စစ်ကောင်စီကြောင့် အရပ်မဲ့ပြည်သူ (၆၃၈၁) ဦးသေဆုံးခဲ့ပြီး၊ ဖမ်းဆီးခံခဲ့ရသူ (၂၈၇၅၂) ဦးရှိပြီး အဲထဲမှာမှ (၂၁၉၇၅) ဦးကတော့ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံရတဲ့ သူတွေထဲက (၁၀၅၂၁) ဦးကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button