သတင်းဆောင်းပါး

အခွန် စနစ်တကျကောက်ခံဖို့ ဖားကန့် ပြည်သူများ တောင်းဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အခွန်ကောက်ခံရာမှာ ပွင့်လင်းမြင်သာမှု နဲ့ စနစ်တကျဖြစ်မှုကို စံထားဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။

လက်ရှိ ဖားကန့်ဒေသတွင်း KIO ကောက်ခံနေတဲ့ အခွန်အမျိုးအစားတွေထဲမှာ ကွမ်းယာဆိုင် ၊ စျေးဆိုင်၊ လုပ်ငန်းခွန်၊ စက်ပစ္စည်းအခွန်၊ မြေခွန် ၊ ဆောက်လုပ်ရေးအခွန် နဲ့ လုပ်ငန်းရှင်တွေဆီမှာ အလုပ်လုပ်ကိုင်နေတဲ့ လူခွန် ၊ သယံဇာတအခွန် နဲ့ KIO အစိုးရ ပုံမှန်ကောက်ခံနေတဲ့ နှစ်စဉ်ကြေး (War Fund) တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ် KIA က ဖားကန့်ဒေသအများစုကို မသိမ်းပိုက်ခင်က ဒေသအတွင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုန်စုံဆိုင်၊ ဖုန်းဆိုင်၊ ဆီဆိုင်၊ ရွှေဆိုင်အပါ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေလောက်ကိုသာ အခွန်ကောက်ခံခဲ့ပေမယ့် ၂၀၂၄ နောက်ပိုင်း ကတင်စပြီး အခွန်တိုးချဲ့ ကောက်ခံခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး ဖားကန့်မှော်ထဲရှိ ကျေးရွာအသီးသီးက နေအိမ်တွေကို အိမ်ခွန်အဖြစ် ထပ်တိုးကောက်ခံပြီး တစ်နှစ်ကို တစ်သိန်းတစ်သောင်း မထည့်မနေရ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းကွင်အတွင်းအထဲက ရေမဆေးသမားများ

ကောက်ခံမည့် နှုန်းထားကို ကြေညာပေးစေလို

အခွန်ပေးဆောင်လိုက်ရသည့် ပမာဏ နဲ့ အခွန်ဖြတ်ပိုင်းပေါ် ရေးသားသည့် ငွေပမာဏ ကွာဟမှုတွေကြောင့်လည်း ဝေဖန်မှုများ ရှိနေပါတယ်။

ဒါ့အပြင် လုပ်ငန်းတခုရဲ့ အရှုံးအမြတ် နဲ့ မိသားစုအခြေအနေကို မသုံးသပ်ဘဲ နှစ်စဉ်အခွန်နှုန်း တိုးမြှင့်ကောက်ခံနေတာကြောင့် အခွန် ဝန်ပိလာတယ်လို့လည်း ပြောဆိုကြပါတယ်။

“KIO က အခွန်သာကောက်နေတာ တိကျတဲ့နှုန်းစနစ် သတ်မှတ်ထားတဲ့နှုန်းထား ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ဥပဒေတွေ ပွင့်လင်းမြင်သာစွာ ချမှတ်ထားတာမရှိဘူး။ ရှိတယ်ဆိုရင်လည်း ပြည်သူတွေကမသိရဘူး။ အဲ့တော့ ဘယ်လိုဖြစ်နေလဲဆိုတော့ အိမ်တွေဆိုရင်လည်း အဟောင်းပြင်ရင်လည်း အသစ်ဆောက်သလိုမျိုးပဲ အခွန်ဆောင်ရတယ်။ KIO က အခွန်လာကောက်တဲ့ အခါမှာ လည်း သူတို့ လိုချင်သလောက်တောင်းတယ်။ ဥပမာ၁၀ သိန်း၊ ၁၅ သိန်း တောင်းတယ်။ တကယ်တမ်းသူတို့ ဖြတ်ပိုင်းပြန်ပေးတဲ့အခါကျတော့ ၃ သိန်း၊ ၅ သိန်း၊ တစ်ခါတစ်လေကျရင် ၁ သိန်းလို့တောင်ရေးပေးတယ်။ ဖြတ်ပိုင်းမှာ ရေးထားတဲ့ အတိုင်းပဲ အစိုးရဆီရောက်မယ်။ ကျန်တဲ့ဟာက ဘယ်ကိုရောက်သွားတာလဲ။ ပြည်သူတွေက အဲ့လို မနိုင်ဝန်အခွန်တွေ ထမ်းနေရရတယ် လို့  အမည်မဖော်လိုသူ ဖားကန့်က အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသထဲမှာ စီးပွားရေးအဖြစ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ကွမ်းယာဆိုင်ပါ တစ်နိုင်တပိုင် ဖွင့်လှစ်ထားတဲ့ စျေးဆိုင်အသေးစား တွေအနေနဲ့ တစ်နှစ်လျှင် ပုံမှန် ၁၀ သိန်းကနေ ၁၅ သိန်းအထိ အခွန်ပေးဆောင်နေရပြီး ဝေါ့ရှောပ့်ဆိုင်၊ ကုန်စုံဆိုင်အကြီးနဲ့ စားသောက်ဆိုင်တွေက သိန်း ၃၀ ကနေ ၅၀ အထိ အခွန်ပေးဆောင်နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။

ကျန်ရှိတဲ့ ရွှေဆိုင် နဲ့ စက်သုံးဆီရောင်းဝယ်တဲ့ ဆီဆိုင်ကြီးတွေက သိန်း ၁၀၀ အထက် ပေးဆောင်နေရတာဖြစ်ပြီး တစ်ဖက်မှာ ကျောက်မျက် အခွန်အောက်မှာလည်း ကျောက်လုပ်ငန်းရှင်တွေနဲ့ ပတ်သက်ပြီး မြေနေရာ၊ လုပ်ငန်းခွင်၊ စက်ပစ္စည်း၊ လူအင်အားပေါ် မူတည်ပြီး တစ်ခုချင်းစီ တိုင်းမှာ အခွန်ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

အဆိုပါ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး KIO က တရားဝင် ချမှတ်ထားတဲ့ အခွန်နှုန်းထားတွေကို သိလိုတဲ့အကြောင်း ပြောဆိုကြပါ တယ်။

ဖားကန့် ဒေသအတွင်း စက်ယန္တရားကြီးတွေနဲ့ ကျောက်စိမ်းတူးဖော်နေတဲ့မြင်ကွင်း

အခွန်ကောက်ခံ တဲ့ စနစ်

ဖားကန့်မှာ ပုံမှန်အားဖြင့် အခွန်ကောက်ခံမှုကို ၆ လတစ်ခါစနစ်နဲ့ တစ်နှစ်မှာ ၂ ကြိမ် ပုံမှန်ပေးဆောင်ဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အခွန်ကောက်ခံမှု စနစ် နဲ့ ပတ်သက်ပြီး နောက်ထပ်ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက “KIO ရဲ့ အခွန်ကောက်ခံမှုစနစ် ဘယ်လောက်ထိ စနစ်မကျသလဲ ဆိုရင် ၆ လပြည့်ရင် တစ်ကြိမ် အခွန်ပေးဆောင်ရတာဖြစ်တယ်။ ဒါပေမယ့် ၆ လက မပြည့်သေးဘူး အထက်အမိန့်ကျလာတယ်ဆိုလို့ စောစောလေး လာကောက်တယ်။ အဲ့လိုဆို တစ်နှစ်မှာ ၂ ကြိမ် ပေးဆောင်ရမှာကို ဒါအခုက အဲ့လိုမဟုတ်ဘူး ၅ လလောက်ပဲရှိသေးတယ် ၆ လစာ ကောက်သွားပြန်ပြီ။ ၂ နှစ်မှာ ၅ ခါ၊ ၆ ခါလောက် ထည့်နေရတယ်။ အခြေခံလူတန်းစားတွေဆိုရင် အခုလိုချိန်မှာ ပိုခက်ခဲတယ်။ ကုမ္ပဏီတွေမှာ အရင်ကလို ကျောက်လွတ်လပ်လပ် ရှာခွင့်မရှိဘူး။ ခိုးရှာလို့လည်း မရဘူး။ မိရင် ရိုက်နက်ခံရတယ်လို့ ပြောပါတယ်။

War Fund ခေါင်းစဉ် သီးသန့်ဖြင့်လည်း လုပ်ငန်းရှင်တိုင်း လုပ်ငန်းပေါ်မူတည်ပြီး မဖြစ်မနေ ထပ်မံထည့်ဝင်ပေးနေရတဲ့ အခွန်တစ်မျိုး ဖြစ်ပါတယ်။ ရံပုံငွေအနေနဲ့ လုပ်ငန်းရှင်တစ်ဦးဟာ လုပ်ငန်းပေါ်မူတည်ပြီး တောင်းဆိုတဲ့ ငွေပမာဏတစ်ခုကို ထည့်ဝင်ပေးရသလို လုပ်ငန်းရှင်တစ်ဦးက အနည်းဆုံး ၅ သိန်းကနေ သိန်း ၅၀ ခန့်အထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။

အခွန်ကောက်ခံရာမှာလည်း အခွန်ကောက်ခံရေးအဖွဲ့ (Hkawn Kang Makan Dap) အပြင် မြို့နယ်၊ တိုက်နယ်၊ ကျေးရွာ ရံပုံငွေ စတဲ့ ဘက်ပေါင်းစုံကနေလည်း အခွန်ခေါင်းစဉ်အမျိုးမျိုးနဲ့ ကောက်ခံနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဖားကန့်ဒေသမှာ ချမှတ်ထားတဲ့ အခွန်ကောက်ခံမှုစနစ်နဲ့  ကောက်ခံတာမျိုး မရှိတဲ့အတွက် KIO အစိုးရရဲ့ အခွန်ကောက်ခံမှုစနစ်အပေါ်မှာ ပြည်သူလူထုတွေ မေးခွန်းထုတ်နေကြပါတယ်။

အခွန်ကောက်ခံဖို့အတွက် KIO အစိုးရက ချမှတ်ထားတဲ့ အခွန်စည်းမျဉ်း စည်းကမ်းတွေကို ပြည်သူလူထုထံ အသိပေးပြီး တိကျတဲ့အခွန်နှုန်းထား တွေနဲ့အညီ စနစ်တကျကောက်ခံပေးဖို့ ဖားကန့် ဒေသခံတွေ တောင်းဆိုနေပါတယ်။

အခွန်နဲ့ ပတ်သက်ပြီးပြောချင်တာက လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ သာမာန်လူတန်းစားပဲဖြစ်ဖြစ်၊ အခွန်နဲ့ပတ်သက်ပြီး မူဝါဒတိတိကျကျနဲ့ ဘယ်လိုနှုန်းထားဆိုရင် ဝင်ငွေခွန်ရဲ့ နှုန်းထားကို ဘယ်လောက်ထည့်ရမယ်။ ဥပမာဆိုင်ခန်းတစ်ခန်းက တစ်ရက်ရောင်းရငွေ တစ်သိန်းရှိတယ်ဆိုရင် ဘယ်လောက်ထည့်ရမယ်။ တစ်နှစ်စာဆိုရင် ဘယ်လောက်ဆောင်ရမယ်။ မြေခွန်ဆိုရင် ဘယ်လောက်ပေးဆောင်ရမယ်။ တိတိကျကျ ထုတ်ပြန်ပေးထားရင် ကြားထဲမှာ လာပြီးကောက်တဲ့ သူတွေကို ဘယ်လောက်ပေးရမယ် ဆိုပြီး ညှိနေစရာလည်း မလိုဘူး။ ဖြတ်ပိုင်းကိုကြည့်ပြီးတော့ ဘယ်လောက်ဆိုပြီး ပေးလိုက်ရုံ ဖြစ်သွားသလို အားလုံးအတွက်လည်း အဆင်ပြေသွားမယ်လိုပထင်ပါတယ် လို့ ပြောပါတယ်။

ပြည်သူလူထု ထမ်းဆောင်နေရတဲ့ အခွန်တွေထဲမှာ ဒေသအုပ်ချုပ်နေတဲ့ KIO အစိုးရအပြင် တစ်ဖက်မှာ မြို့တွင်းအခြေစိုက် စစ်ကောင်စီတပ်ကိုလည်း အခွန်ပေးဆောင်နေရသေးတယ်လို့ ဆိုပါတယ်။

ဖားကန့် ကျောက်စိမ်း ကုမ္ပဏီ လုပ်ကွက်တစ်နေရာ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း ဖားကန့်ဒေသထဲက စစ်ကောင်စီတပ်စခန်းအထိုင်ချထားတဲ့ ကျေးရွာတစ်ချို့ကို လက်လွတ်လိုက်ရ တာကြောင့် ဖားကန့်မြို့ပေါ်လောက်သာ စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ လှုပ်ရှားနိုင်တော့တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ကျောက်မျက် လုပ်ငန်းရှင်ကြီးတွေကနေ အခွန်ရရှိနေဆဲဖြစ်ပြီး သူတို့ရဲ့ လုပ်ငန်းခွင်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ လေယာဉ်ပျံဝဲပြခြင်းတို့ကြောင့် အခွန်ပေးနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး KIO အစိုးရဘာပြောလဲ

အခွန်ကောက်ခံဖို့အတွက်  KIO အစိုးရက အခွန်ကောက်ခံရေးအဖွဲ့ (Hkawn Kan Makan Dap) ဖွဲ့စည်းထားသလို သက်ဆိုင်ရာနယ်မြေဒေသ အသီးသီးမှာ အခွန်အမျိုးမျိုးကောက်ခံဖို့အတွက် ညွန်းကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

အခွန်ကောက်ခံရေးအဖွဲ့ကနေ ကောက်ခံရမယ့် အခွန်အမျိုးအစားပေါ် မူတည်ပြီးတော့ ကြပ်မတ်ဆောင်ရွက်နေတာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“KIO ရဲ့ စီးပွားရေးဌာန (Sut Gan Dap) အောက်မှာ အခွန်နဲ့ ပတ်သက်ပြီး အားလုံးကိုယ်စားပြု ကြပ်မတ်လုပ်ဆောင်နေတာ ဖြစ်တယ်။ အသေးစိတ်ပြောဖို့တော့ ခက်တယ်။ KIO အနေနဲ့တော့ ကောက်သင့်တဲ့ အခွန်တွေကောက်ခံမယ်။ အခုပြောတဲ့ အိမ်ခွန်တွေကအစ KIO ပဲ ကောက်တာမဟုတ်ပါဘူး။ အစိုးရတစ်ခုအနေနဲ့ ရှိလာပြီဆိုကတည်းက အခွန်ကကောက်ပါတယ်။ နေရာတကာမှာလည်း အကုန်ကောက်ပါတယ်။ ဘယ်ထောက်ထိ ဘယ်လိုကောက်တယ်ဆိုတာက ဒေသမှာ ကြပ်မတ်နေတဲ့ တာဝန်ရှိသူတွေပဲပိုသိလိမ့်မယ် လို့ ပြောပါတယ်။

လက်ရှိ KIO အခွန်ကောက်ခံမှုစနစ်အရ အခွန်ကောက်ခံရေးအဖွဲ့ကသာ ကောက်ခံဖို့ ညွှန်ကြားထားတာဖြစ်ပြီး တိုက်နယ်ရုံး (Ninghtawn Rung) နဲ့ အုပ်ချုပ်ရေးရုံး (Uphkang Rung) တွေက အခွန်ကောက်ခံတာ မလုပ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါပေမယ့် ဖားကန့်ဒေသမှာက အခွန်ကောက်ခံရေးအဖွဲ့ (Hkawn Kan Makan Dap) အပါအဝင် တိုက်နယ်ရုံးနဲ့ အုပ်ချုပ်ရေးရုံးတွေက အစအခွန်ကောက်ခံနေတာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေက ပြောဆိုတာဖြစ်ပါတယ်။

Photo- ဖားကန့်မြို့တွင်းတစ်နေရာ
ဖားကန့်မြို့တွင်း ပြည်သူများသွားလာလှုပ်ရှားနေတဲ့မြင်ကွင်း

ပေါ်လစီ ချမှတ်ပြီး လူထုကို နားလည်အောင် ဦးဆုံးချပြဖို့လိုအပ်

တော်လှန်ရေးကာလမှာ အများပြည်သူ နားလည်ပေးနိုင်ပေမယ့် အနည်းငယ် ငြိမ်းချမ်းလာတဲ့အချိန်မှာ အခွန်ကိစ္စရပ်ဟာ အမြန်ဖြေရှင်းသင့်တဲ့ အချက်ဖြစ်တယ်လို့ Life Coach and Business Growth Consultant တစ်ဦးဖြစ်တဲ့ Kumba Roi Nu က အကြံပြုပါတယ်။

ပေါ်လစီဆိုတာ တိုင်းတာရမယ့် ပေတံဖြစ်တယ်။ ပေါ်လစီ မရှိရင် ဘာနဲ့ သွားတိုင်းမလဲ၊ ပေါ်လစီမရှိတဲ့အတွက် ကျူးလွန် သူတွေကို ဘယ်လို အရေးယူမလဲဆိုတာလဲ မရှိ။ ဒါကြောင့် အခုမှ နေရာကျယ်ကျယ်ပြန့်ပြန့် အုပ်ချုပ်လာတဲ့ အစိုးရက ဒီအချက်ကို အချက်ဖြေရှင်းလိုက်ရမယ်။ ပေါ်လစီ အမြန်ချပြီး လူထုကို အမြန်ချပြရမယ် ဒါက တိုင်းပြည် ငြိမ်းချမ်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်က KIO အစိုးရနဲ့ စစ်တပ်က ချစားမှုဖြစ်စေတယ်လို့ သူမက ထောက်ပြပါတယ်။

ဒါ့အပြင် မကောင်းမှုနဲ့ နာမည်သွင်တဲ့ စစ်ကောင်စီအစိုးရပင် အခွန်လျော့ပေါ့ရေးအတွက် မသန်စွမ်းများ၊ ကလေးထောက်ပံ့ နေသူများ ကို ထည့်သွင်းစဉ်းစားပေးသလို KIO အစိုးရမှာလည်း ပြည်သူအခွန်ဝန်မပိစေရေးအတွက် ထည့်သွင်းသင့်တယ်လို့ ဆိုပါတယ်။

ပြည်သူတစ်ဦးအနေဖြင့် အခွန်ပေးရန် တာဝန်ရှိပြီး အစိုးရက အဲဒီ အခွန်ဘဏ္ဍာဖြင့် ပြည်သူလူထု လူမှုဘဝ တိုးတက်ရေးနဲ့ လုံခြုံရေးအတွက် တာဝန်ယူပေးဖို့ ဖြစ်ပါတယ်။ လူထုအကျိုုးအတွက် အခွန်ဘဏ္ဍာကောက်ခံခြင်း ဖြစ်သော်လည်း ရှင်းလင်းတိကျမှုမရှိရင် လူထုနဲ့ မသင့်မြတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ သူမက ထောက်ပြထားပါတယ်။

လက်ရှိ ရေစိမ့်ယိုမှု ဖြစ်ပွားနေတဲ့ ဖားကန့် ကျောက်စိမ်းတောင်ရေကန်

ဖားကန့် ဒေသမှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကြား များပြားလှတဲ့ အခွန်စနစ်ကြောင့် ပြည်သူလူထုတွေအနေနဲ့ အခွန်ဝန်ပိမှု မဖြစ်ရလေအောင် ပေးဆောင်ပေးရမယ့် အခွန်နှုန်းထားတွေကို အများသိအောင် ထုတ်ပြန်ပေးဖို့ နဲ့ စနစ်တကျ ကောက်ခံပေးဖို့ ပြည်သူတွေလည်း တောင်းဆို နေကြတာလည်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မတ်လနောက်ပိုင်း ဖားကန့်ဒေသ ၇၀ ရာခိုင်နှုန်းလောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ထိန်းချုပ်ခဲ့ပြီး ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာလည်း KIO အစိုးရက အုပ်ချုပ်ရေးစနစ် လည်ပတ်နေတာ တစ်နှစ်ကျော်ခန့် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

လက်ရှိ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ သွားနေတဲ့ ဖားကန့်မြို့နယ်ထဲက ကျေးရွာတွေဟာ ဆိုင်းတောင်၊ ဂွေခါ၊ တာမခံ၊ နမ်မှော်၊ တောမှော်၊ ဆန်ခါ၊ မဇွပ်ယန် စတဲ့ ကျေးရွာတွေ အဓိကပါဝင်တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button