ငလျင်နောက်ဆက်တွဲ ကချင်၊ မန္တလေးနဲ့ စစ်ကိုင်း က တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေ မီးထဲပါသွားတယ်လို့ စစ်ကောင်စီထုတ်ပြန်

စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ဆက်တွဲမှာ မန္တလေးတက္ကသိုလ်ပင်မဆောင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်အပါအဝင် မန္တလေးနဲ့စစ်ကိုင်းကတက္ကသိုလ်ဝင်စာမေးပွဲအခြေလွှာအားလုံးမီးထဲပါ သွားတယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက် မနေ့ညကဘဲ သတင်းထုတ်ပြန်လိုက်ပါတယ်။
၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်တဲ့ ကချင်ပြည်နယ်က ၈၆၉၉ ဦးရဲ့ ဖြေလွှာတွေအပါအဝင် မန္တလေးတိုင်း က ဖြေဆိုသူ ၄၆၉၄၄ ဦးရဲ့အဖြေလွှာ၊ စစ်ကိုင်းတိုင်း က ၇၃၁၁ ဦးရဲ့ အဖြေလွှာတွေအားလုံး မီးလောင်ဆုံးရှုံးပျက်ဆီးခဲ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ အခုလိုအဖြေလွှာတွေမီးလောင်ဆုံးရှုံးသွားကြောင်းကိုဘဲအသိပေးထုတ်ပြန်ခဲ့ပြီး စာမေးပွဲရလဒ်ကို ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုတော့ ပြောဆိုသွားတာ မရှိပါဘူး။
ရာစုနှစ်တစ်ခုကျော်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ သေဆုံးသူ ၁၆၀၀ ကျော် ရှိလာပြီဖြစ်ပြီး အဲ့ဒီထဲမှာ အသေအပျောက်အများဆုံးက မန္တလေးတိုင်းက ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စစ်ကိုင်းနဲ့မန္တလေးတို့ကို ဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ မြေငလျင်ပြင်းအားဟာ ၇ ဒဿမ ၇ ခန့်ရှိတယ်လို့ အမေရိကန်အစိုးရ ဘူမိဗေဒတိုင်းတာရေးအဖွဲ့ USGS ထုတ်ပြန်ထားပြီး သေဆုံးမှုက မြန်မာပြည်တစ်ဝှမ်းမှာ ၁သောင်းကနေ ၁ သိန်းကြား လူဦးရေရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်က နေအိမ်အဆောက်အဦးတွေအပါအဝင် စစ်ကိုင်းတံတား၊ သမိုင်းဝင်အဆောက်အဦးများ ပြိုကျ ပျက်ဆီးခဲ့ရပါတယ်။
By – အမိုး