တိုက်ပွဲသတင်း

ဖားကန့်လမ်ပိုင်းမှာ တိုက်ပွဲပြင်းထန် နေပြီး ကျေးရွာ ၆ ရွာက ပြည်သူ‌ ထောင်ချီတိမ်းရှောင်

ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်အင်အားထောင်ချီ စစ်ကြောင်းထိုးတက်လာတဲ့အတွက် ဖားကန့်လမ်းပေါ် မအူပင်မှာ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတစ်ထောင်ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။

ကားမိုင်းလမ်းနဲ့ အင်းတော်ကြီးဒေသ ဂွေခါလမ်းနှစ်ခုကနေ ဖားကန့်ဒေသဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် လက်ရှိမှာ နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ ၊ ပျားအုံ၊ တံတားညီနောင် စတဲ့ကျေးရွာနေ ဒေသခံပြည်သူတွေက ထပ်မံတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

မနေ့က စတင်ပြီး ကျေးရွာတွေကနေ အကူအညီတောင်းဆိုလာတဲ့အတွက် နန့်ယာ၊ ကပ်မှော်၊ ဆိုင်းဖရာ ပြည်သူတွေကို ဖားကန့် KBC အသင်းတော်ကနေ သွားကြိုတဲ့လုပ်ငန်းတွေကို စတင်လုပ်နေပြီဖြစ်တယ်။ အသင်းတော်မှာရှိတဲ့ကားတွေ သွားကြိုပေးနေတယ်လို့ပြောပါတယ်။

ဧပြီလ ၂၄ ရက် မနေ့ကစတင်ပြီး ဖားကန့် ကချင်နှစ်ခြင်းအသင်းတော် KBC က ဦးဆောင်မှုဖြင့် ကားအစီး ၂၀ နဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ခန့်ကို သွားရောက်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

ဖားကန့်သွားလမ်းပေါ်မှာ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ယာယီတိမ်ရှောင်ကြမယ့် စစ်ဘေးရှောင်လူဦးရေ တစ်ထောင်ခန့်ရှိနိုင်ပြီး ဒီကနေ့ ဧပြီ ၂၅ ရက်နေ့အထိ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး သွားရောက်ကြိုဖို့ လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်တယ်လို့တာဝန်ရှိသူတွေပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်း ဒွမ်ဘုန်းနဲ့ လဝါးကျေးရွာအထိ စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ဝန်းကျင်နဲ့စစ်ကြောင်း ၃ ဖွဲ့ခွဲကာ ဧပြီလ ၂၃၊ ၂၄ ရက်နေ့ ဖားကန့်သွားတဲ့လမ်းအတိုင်း စစ်ကြောင်းထိုးတက်လာခဲ့ရာမှာ ကားမိုင်းမြို့အကျော် မအူပင်ကျေးရွာမှာ KIA တပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် လဝါး၊ ကားမိုင်းလမ်းဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ် စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်က မအူပင်ကျေးရွာမှာ သောင်တင်နေဆဲဖြစ်ပြီး ဧပြီလ ၂၄ ညနေပိုင်း ၃ နာရီဝန်းကျင်အထိ မအူပင်ရေကာတာ အနီးတဝိုက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။

အခြေအနေက စစ်ကောင်စီတပ်တွေက နည်းလမ်းပေါင်းစုံနဲ့ စစ်ကြောင်းထိုးလာတယ်။ တပ်ရင်း ၂၆ ဘက်ကနေ စစ်ကြောင်းထိုးလာသလို မိုးကောင်းနယ်ကနေ ကားမိုင်းမှာဆုံ ဒီလို စစ်ကြောင်း ၂ခုနဲ့ ဖားကန့်ဘက်ကို တက်လာတာ။ အခုက KIA တပ်ရင်း ၄၄ နယ်မြေတစ်ကြောမှာ တိုက်ပွဲဖြစ်နေတယ်။ အဲဒီနေရာကျော်သွားရင်တော့ တပ်မဟာ() တပ်ရင်း ၆ ဘက်ကို ဝင်ရောက်လာမှာဟုတ်တယ်။ အခုလောလောဆယ်က မအူပင်မှာပဲရှိသေးတယ်။ နန့်ယားကိုတော့ မဝင်နိုင်သေးဘူးလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီတပ် အင်အား ၅၀၀ ဝန်းကျင်ခန့်ဟာ မအူပင်ရေကာတာ ရွာကနေ ကျော်တက်လာနိုင်ခဲ့ရင် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နန့်ယာ၊ ဆိုင်းဖရာ၊ ကပ်မှော် ဒေသတွေကို ဘက်ကို ဝင်ရောက်လာနိုင်မှာဖြစ်ပါတယ်။

အင်းတော်ကြီးဒေသနဲ့ လဝါး၊ ကားမိုင်းလမ်းမကြီး နှစ်ခုကနေ စစ်ကောင်စီတပ် စစ်အင်အား တစ်ထောင်ဝန်းကျင်ခန့် တက်လာတယ်လို့ သတင်းအရင်းအမြစ်တွေဆီကနေ သိရပေမယ့် အင်းတော်ကြီးဒေသဘက်က တက်လာတဲ့ စစ်ကြောင်းအခြေအနေကို အသေးစိတ်မသိရသေးတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာလည်း မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ စစ်အင်အားအလုံးအရင်း တင်ဆောင်တဲ့ စစ်ကား ၅ စီးခန့် နမ္မတီးနဲ့ မိုးကောင်းမြို့နယ် ဘက်ကို ဦးတည်ပြီး တက်လာတယ်လို့လည်း မျက်မြင်တွေ့တဲ့သူတွေက KNG ကိုပြောပါတယ်။

ဖားကန့်ဒေသဘက်ကို လမ်းကြောင်းနှစ်ခုကနေ စစ်အင်အား တစ်ထောင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာဖြစ်တယ်လို့လည်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ဖြေဆိုထားတာလည်းဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဖားကန့်သွားလမ်းပေါ်က နန့်ယားကျေးရွာအပါ ဆိုင်းဖရာနဲ့ ကပ်မှော်ဒေသတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်ကျော်အတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖားကန့်သွားလမ်းတစ်လျှောက် KIA အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တာ တစ်နှစ်ပြည့်တဲ့ ကာလတစ်ခုအကြာမှာ စစ်ကောင်စီတပ်တွေက အခုလို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

စစ်တပ်အာဏသိမ်းပြီးနောက် ဖားကန့်သွားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားခဲ့တာကြောင့် နန့်ယာ၊ နန့်တိန့်၊ ကပ်မှော်၊ ဆိုင်းဖရာ၊ တံတားညီနောင်၊ ပျားအုံ ၊ ခွမ်စိုင်ဇွပ် စတဲ့ ကျေးရွာတွေက မကြာခဏလိုလို စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

ယခု ဧပြီလ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်ဟာ မြန်မာငလျင်ဒဏ်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်ကို အရှိန်အဟုန် လုပ်ဆောင်ပေးဖို့ဆိုပြီး ယာယီအပစ်ခတ်ရပ်စဲရေးကာလအဖြစ် သတ်မှတ်ကြေညာထားတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button