သတင်း

လုံရှာယန်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ ခရီးသည်များ ဒဏ်ငွေပေးဆောင်နေရ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေ ဒဏ်ငွေပေးဆောင်ပြီးသွားလာနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။

မြစ်ကြီးနားပူတာအိုကားလမ်းပိုင်း ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအိုမြို့ကြားမှာရှိတဲ့ လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေအနေနဲ့ တစ်ဦးကို ကျပ်ငွေတစ်သိန်းဝန်းကျင်အထိ ဒဏ်ငွေပေးဆောင်ရတာတွေရှိနေတယ်လို့  ခရီးသည်အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

မှတ်ပုံမပါရင်အရမ်းစစ်တယ် စစ်တာမှ တစ်နာရီနှစ်နာရီလောက်ကြာတယ်။ပြီးရင်ဒဏ်ငွေဆောင်ရတာ နှစ်သိန်းသုံးသိန်းတောင်းတယ်။ ဒါပေမယ့် အနည်းဆုံး တစ်သိန်းဝန်းကျင်ပေးရတာပေါ့လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လုံရှာယာန်ကျေးရွာအဝင်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလနောက်ပိုင်း တကျော့ပြန်တပ်ထိုင်လာတာဖြစ်ပြီး ဒီဇင်ဘာလမှာတော့ လူငယ်တွေကိုခရီးသွားလာခွင့်တားမြစ်တာ၊ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာ စတင်လုပ်‌ဆောင်လာတာပါ။

အဲဒီနောက် ၂၀၂၅ ခုနှစ် မေလဝန်းကျင်ကစလို့ မှတ်ပုံတင်မပါရင် ဒဏ်ငွေဆောင်ခိုင်းတာစတင်လုပ်ဆောင်လာပြီး ဒဏ်ငွေ မဆောင်နိုင်သူတွေကို လှည့်ပြန်ခိုင်းတာတွေရှိတယ်လို့ နောက်ထပ်ခရီးသည်အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

အရင်ကတော့စစ်တာဆေးတာမရှိဘူး အခုနောက်ပိုင်းပိုဆိုးလာတာ မှတ်ပုံတင်မရှိရင်နေခဲ့လှည့်ပြန်ခိုင်းတယ်။ တကယ်‌တော့ ပိုက်ဆံလိုချင်လို့လို့ ပြောပါတယ်။

ခုလို မှတ်ပုံတင်မပါတဲ့ခရီးသည်တွေကို ငွေကောက်ခံနေတဲ့အပြင် ကုန်ကားတွေကိုလည်းအခွန်အဆမတန်ကောက်ခံတာရှိတယ်လို့ သိရပါတယ်။

ကုန်ကားတွေဆီကားတွေဆို သိန်းကြီးငွေပေးရတယ်လေ အဲ့ကြောင့် ကားသမားတွေနဲ့ လုပ်ငန်းရှင်တွေက တိုင်စာပို့ပြီးတိုင်လိုက်တာ။ အခုတော့အခွန််နည်းလာပြီလို့ ဒေသခံလုပ်ငန်းရှင်တစ်ဦး ပြောပါတယ်။

လုံရှာယန်ကျေးရွာအဝင်ဂိတ်ဟာ မနက် ၆ နာရီကနေည ၆ နာရီကြားသာ သွားလာခွင့်ပြုထားတာကြောင့် ဒေသခံတွေလွှတ်လွှတ်လပ်လပ် သွားလာလို့မရတာ၊ ခရီးသည်ကားများ လမ်းခုလတ်မှာ ညအိပ်ရတာတွေရှိနေတယ်လို့သိရပါတယ်။

လက်ရှိ လုံရှာယာန်ဂိတ်မှာ တပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ပူရှိပြီး ပူတာအိုမြို့ ခ..ရ ၄၆ တပ်အတွက် မူလာရှီးဒီတပ်ပြီးရင်ဒုတိယအရေးပါတဲ့နေရာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ လက်ရှိ KIAနဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ပူတာအိုမြို့ကြားက လုံရှာယာန်၊ တန်ဂျာ၊ဆွမ်ပီယန်ကျေးရွာတွေအင်အားအလုံးအရင်းနဲ့တပ်ထိုင်နေတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button