အင်တာဗျူး

ငလျင်ဒဏ်သင့်ပြည်သူတွေ နောက်ဆက်တွဲကျန်းမာရေးပြသာနာ ဘာတွေရှိနေလဲ

စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ၇ ဒဿမ ၇ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်က နေအိမ်အဆောက်အဦးတွေအပါအဝင် စစ်ကိုင်းတံတား၊ သမိုင်းဝင်အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ရတာဘဲ ဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အဲဒီဒေသတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာတဲ့အတွက် ကုသမှုတွေလိုအပ်နေတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တချို့အရပ်ဘက် အဖွဲ့အစည်းတွေကနေပြီးတော့ မြေပြင်မှာ သွားရောက်ကူညီမှုတွေ  ပြုလုပ်နေသလို အဖွဲ့အစည်းတစ်ချို့ကအွန်လိုင်းကနေတစ်ဆင့် အခမဲ့ကုသဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

အဲဒီလိုကူညီနေတဲ့ အဖွဲ့အစည်းတွေထဲမှာ တယ်လီကျန်းမာအဖွဲ့အစည်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

တယ်လီကျန်းမာ အဖွဲ့အစည်းကိုတော့ ကိုဗစ်တတိယလှိုင်း ကနဦးအစ ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက် (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့) မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး CDM ပြုလုပ်ထားတဲ့ အခြေခံကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးကျောင်းသား/ကျောင်းသူတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ၊ အထူးကုတွေနဲ့အခြား ကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့ ပညာရှင်ပညာတတ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိလည်း တယ်လီကျန်းမာအနေနဲ့ မည်သူကိုမဆို မည်သည့်ရောဂါ/ ကျန်းမာရေးကိစ္စရပ်အတွက်ဖြစ်ဖြစ် အခမဲ့တိုင်ပင်ဆွေးနွေးပေးပြီး ကုသမှုအကြံပြုချက်တွေကို  ပေးနေတာဘဲ ဖြစ်ပါတယ်။

ဒါကြောင့် ငလျင်ဒဏ်သင့်ခဲ့တဲ့ အရပ်သား ပြည်သူတွေဟာ ဘယ်လို နောက်ဆက်တွဲ ပြဿနာတွေ ကြုံတွေ့နေရသလဲ။ တယ်လီကျန်းမာအဖွဲ့အစည်းအနေနဲ့ကော ဘယ်လို ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေလဲ ဆိုတာနဲ့ ပက်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အထူးကု ဆရာဝန်ကြီးတွေကနေပြီးတော့ KNG ကို ဖြေဆိုထားပါတယ်။

မေး။    ။ ပထမဆုံး တယ်လီကျန်းမာအနေနဲ့ ငလျင်ဒဏ်သင့်တဲ့သူတွေကို အွန်လိုင်းကတစ်ဆင့် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အခမဲ့ကူညီပေးနေတာတွေရှိတယ်လို့ ကြားသိရပါတယ်။ ဘယ်အချိန်ကတည်းကနေ စတင်လုပ်ဆောင်ခဲ့တာလဲ လက်ရှိမှာကော ဘယ်လို အခြေအနေတွေရှိလဲ။

ဖြေ။    ။ ငလျင်ကြီးလှုပ်အပြီး နောက်တစ်ရက်ကစပြီး ပုံမှန်အွန်လိုင်းဆေးခန်းကြည့်ပေးချိန်ကို ည ၁၂ နာရီအထိ တိုးမြှင့်ပြီး လူနာတွေကို ကြည့်ရှုပေးခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ အင်းလေးဒေသတွေမှာရှိတဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် အစားအသောက်မဟုတ်တဲ့အရေးပေါ် အသုံးအဆောင်ပစ္စည်း. ၂၆၅ ခု၊တစ်ကိုယ်ရေသုံး ပစ္စည်း ၁၁၅ ခု၊ ရွာ ၁၄ ရွာအတွက် အဝီစိရေတိုင် ၁၅  ပေးအပ်လှူဒါန်းခဲ့ပြီး Funeral Support အနေဖြင့် 80 dead bodies ကို ကောင်းမွန်စွာ သဂြိုလ်ပေးနိုင်ဖို့ စီစဥ်ဆောင်ရွက်ခဲ့ပါတယ်။ အထွေထွေရောဂါကု ဆရာဝန်များအပြင် အထူးကုဆရာဝန်အထိရှိနေပြီး သက်ဆိုင်ရာရောဂါအလိုက် စနစ်တကျ ကြည့်ရှုကုသပေးနေပါတယ်။ 

မေး။   ။ တယ်လီကျန်းမာဆေးခန်းက ဘယ်လိုဆေးခန်းမျိုးလဲ။လက်ရှိချိန်ထိ လူနာပေါင်း ဘယ်လောက်ထိရှိပြီလဲ။

ဖြေ။    ။ လက်ရှိအချိန်အထိ လူနာပေါင်း ၂ သိန်းကျော်ကို အခမဲ့ ဆွေးနွေးတိုင်ပင် ကုသပေးပြီးဖြစ်ပါတယ်။ မြန်မာပြည်တွင်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၃၂၂ မြို့နယ်က လူနာများဆက်သွယ်ဆွေးနွေးတိုင်ပင်ကြသလိုဘာသာစကားအခက်အခဲနဲ့ ဆေးခန်းပြဖို့ အဆင်မပြေတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတို့အတွက်လည်း အထူးအားကိုးရတဲ့ အွန်လိုင်းဆေးခန်းဖြစ်ပါတယ်။ 

မေး။    ။ ငလျင်ဒဏ်သင့်ထားတဲ့ အရပ်သားပြည်သူတွေကနေပြီးတော့ နောက်ဆက်တွဲအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဘယ်လို ထိခိုက်မှုမျိုးတွေ ရှိနေတာကို တွေ့ရလဲဗျ။ သူတို့အနေနဲ့ စိတ်ကျန်းမာရေးနဲ့ ပက်သက်တဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့နေရလဲ။

ဖြေ။    ။ အခုအချိန်က ငလျင်ဘေးသင့်ပြီး တစ်လကျော်ကြာလာပြီဖြစ်လို့ ငလျင်ဘေးသင့် ပြည်သူအများစုကတော့ ဖြစ်ခါစနဲ့စာရင် စိတ်ထိခိုက်ခံစားရတာတွေ တဖြည်းဖြည်း သက်သာလာပြီး စိုးရိမ်စိတ်လေးကျန်နေသေးတာ၊ ဝမ်းနည်းလွယ်တာ၊ ညဘက်အိပ်ပျော်ဖို့ ခက်ခဲတာ၊ ပုံမှန်ထက်စာရင် နည်းနည်းပိုလန့်လွယ်နေတာ စတဲ့လက္ခဏာလေးတွေတော့ ကျန်နေနိုင်ပါသေးတယ်။ After shock လှိုင်းလေးတွေ ဖြစ်ပေါ်နေတာကြောင့် နောက်တစ်ကြိမ်ထပ်ဖြစ်မှာကို စိုးရိမ်ပြီး စိတ်လုံခြုံမှုမရှိသလို ခံစားနေကြရတာလည်း ရှိပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ထိခိုက်ဆုံးရှုံးမှု ပမာဏ၊ စိတ်ဖိစီးမှုကို တုံ့ပြန်ပုံမတူညီကြတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အတိုင်းအတာလည်း ကွာနိုင်ပါတယ်။ တစ်ချို့ သူတွေမှာတော့ အခုချိန်ထိအောင် စိုးရိမ်စိတ် လွန်လွန်ကဲကဲ ဖြစ်ပေါ်နေတာ၊ ငလျင်လှုပ်တဲ့နေ့က အဖြစ်အပျက်ကို မေ့မရဘဲ အမြဲပြန်သတိရ ကြောက်လန့် ဝမ်းနည်းတာ၊ အိပ်မက်ဆိုးတွေ မက်တာ၊ မျှော်လင့်ချက်မဲ့သလို ခံစားရပြီး စိတ်ဓာတ်ကျတာ၊ ထိတ်ထိတ်ပြာပြာဖြစ်၊ ဒေါသထွက်လွယ် စတဲ့ စိတ်ဒဏ်ရာလက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီခံစားချက်တွေနဲ့အတူ ရင်တုန်တာ၊ ခေါင်းမူးတာ၊ ကိုယ်လက်နုန်းချိနေတာ စတဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေလည်း ခံစားရနိုင်ပါတယ်။ သေချာတာကတော့ ပြည်သူအများစုက စစ်အာဏာသိမ်းပြီးကတည်းက စိတ်မပျော်ရွှင်မှု၊ စိတ်မလုံခြုံမှုတွေနဲ့ နေထိုင်ခဲ့ကြရတာဖြစ်လို့ အခုလို ကြီးမားတဲ့ကပ်ဘေး ထပ်မံကြုံတွေ့ရခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

မေး။    ။ လက်ရှိငလျင်ဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတဲ့သူတွေက ဘယ်လောက်ထိများလဲ။ သူတို့ကိုကော ဘယ်လိုနည်းလမ်းတွေကို အသုံးပြုပြီးတော့ ကုသဆောင်ရွက်ပေးနေလဲ

ဖြေ။   ။ ဘယ်လောက်ထိများလဲ ဆိုတာတော့ အတိအကျပြောဖို့ ခက်ပါတယ်။ နိုင်ငံအသီးသီးမှာလုပ်ကြတဲ့ စစ်တမ်းတွေအရတော့ ကပ်ဘေးနဲ့ ကြုံတွေ့ခဲ့ရတဲ့ သူတွေရဲ့ ၁၀၃၀ ရာခိုင်နှုန်းလောက်က စိတ်ကျရောဂါ၊ စိိုးရိမ်စိတ်လွန်ရောဂါ၊ PTSD လို့ ခေါ်တဲ့ ပြင်းထန်စိတ်ဖိစီးမှု ဒဏ်သင့်ရောဂါတွေ ခံစားရတယ်လို့ တွေ့ရှိထားပါတယ်။တယ်လီကျန်းမာမှာလည်း ငလျင်ဖြစ်ပေါ်ပြီး နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး လာရောက်ဆွေးနွေးသူတွေ များလာပါတယ်။ အခြေအနေပေါ်မူတည်ပြီး ကုသမှုကတော့ ကွာခြားနိင်ပါတယ်။ တစ်ချို့သူတွေကတော့ သူတို့ ရင်ဖွင့်ပြောဆိုတာကို နားထောင်ပေးလိုက်ပြီး စိတ်တည်ငြိမ်အောင် သူတို့ကိုယ်တိုင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးလိုက်ရင်ကို အဆင်ပြေပါတယ်။ တစ်ချို့သူတွေမှာတော့ ဆေးပေးကုသရတာတွေ ရှိပါတယ်။ တယ်လီကျန်းမာမှာတော့ မိမိကိုယ်ကိုယ် ထိခိုက်နာကျင်အောင် ပြုလုပ်လိုသူတွေ၊ အလွန်အမင်း စိတ်မွန်းကျပ်ခံစားနေရသူတွေ ရင်ဖွင့်ပြောဆိုနိုင်ဖို့ ရည်ရွယ်ပြီး ဝန်ဆောင်မှုပေးနေတဲ့ Hotline၊ အခြေခံစိတ်ကျန်းမာရေး ဆေးကုသမှုပေးတဲ့ ဆေးခန်း၊ စိတ်ကျန်းမာရေး အထူးကုဆေးခန်းဆိုပြီး လိုအပ်ချက်အလိုက် စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအမျိုးအစား ၃ မျိုး ရှိပါတယ်။

.မေး။    ။ တယ်လီကျန်းမာအနေနဲ့ အွန်လိုင်းကတစ်ဆင့် ကုသဆောင်ရွက်မှုတွေလုပ်တဲ့ အခါ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလဲ။ ထိရောက်မှုကောရှိလား။

ဖြေ။   ။ အွန်လိုင်းတယ်လီအကြံဥာဏ်ပေးကုသမှု (Teleconsultation) တွင် ကြုံတွေ့နိုင်သော စိန်ခေါ်မှုတွေကတော့ ရောဂါရှင် (သို့မဟုတ်) ဆရာဝန်ဘက်က အင်တာနက်ဆက်သွယ်မှုမကောင်းရင် ပေးထားသည့် အချိန်အတွင်း ဆွေးနွေးမှုအပြည့်အဝမလုပ်‌ဆောင်နိုင်တာ၊ ရောဂါအမျိုးအစားခွဲခြားနိုင်မှုအားနည်းတာ ၊နည်းပညာအသုံးပြုဖို့ အခက်အခဲရှိတာ၊ တစ်ချို့သော ရောဂါရှင်တွေက အွန်လိုင်းကို သေချာအသုံးမပြုတတ်တာအားနည်းတာကြောင့် ဆွေးနွေးမှုကို ထိရောက်စွာမလုပ်နိုင်တာရှိပါတယ်။ 

အွန်လိုင်းတယ်လီကုသမှု(Telemedicine)ရဲ့ ကောင်းကျိုးတွေကတော့ အချိန်နှင့် ခရီးသွားကုန်ကျစရိတ် ချွေတာနိုင်ခြင်းဆေးရုံ (သို့မဟုတ်) ဆရာဝန် ရှိရာသို့ ခရီးမသွားဘဲ မိမိနေရာမှာတင် ဆွေးနွေးကုသနိုင်တယ်။ သွားလာရေး ခက်ခဲသော ဒေသတွေအတွက် အထောက်အကူပြုတာ၊ ကျန်းမာရေးဝန်ဆောင်မှုမရနိုင်သော ဒေသများတွင် နည်းပညာမှတစ်ဆင့် ဆရာဝန်နှင့် ဆက်သွယ်ကုသနိုင်တာ၊ နိုင်ငံရပ်ခြားရှိ ဆေးခန်းပြဖို့ခက်ခဲသူများအတွက်ပါ အကျိူးရှိတယ်။ 

ပြီးတော့ နာတာရှည်ရောဂါများ၊ သာမန်ဖျားနာမှုများ၊ အရေပြားရောဂါ စသည့် ရောဂါများအတွက် အလွယ်တကူ ဆွေးနွေးကုသနိုင်တယ်။ ဆေးသောက်ပြီးနောက် အခြေအနေပြန်စစ်ဆေးခြင်း၊ ဆရာဝန်ရဲ့ အကြံဉာဏ် ဆက်ပြီးရယူတာတွေ အလွယ်တကူလုပ်နိုင်တယ်။ ပြီးတော့ COVID-19 လိုရောဂါကူးစက်မှုကာလမှာဆိုလူစုလူဝေးမဖြစ်စေရန်နှင့် ကူးစက်မှုအန္တရာယ်လျှော့ချနိုင်တယ်။ ကျန်းမာရေးမှတ်တမ်း တစ်နေရာတည်း စုစည်း ထိန်းသိမ်းနိုင်တယ်။

မေး။    ။ လက်ရှိ လူနာတွေအတွက် ဘယ်လို ကူညီစောင့်ရှောက်မှုတွေ အဓိကလိုအပ်နေလဲ။

ဖြေ။    ။ တယ်လီကျန်းမာဟာ ပြည်တွင်းပြည်ပမကျန်လူနာပေါင်းစုံ၊ ရောဂါပေါင်းစုံကို ကုသပေးနေတာဖြစ်လို့ ဒီမေးခွန်းကို အတိအကျတော့ မဖြေတတ်ပါဘူး။ လူနာတွေဟာ သူ့လိုအပ်ချက်အလိုက် သပ်သပ်စီရှိနေနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦးကလည်း မတူညီနိုင်ပါဘူး။ IT နည်းပညာပိုင်း အားနည်းလို့ အွန်လိုင်းကနေ ဆေးခန်းပြဖို့ အခက်အခဲရှိနေသူတွေ၊ အင်တာနက်အခက်အခဲရှိသူတွေ စတဲ့သူတွေကို ပြည်သူအချင်းချင်းကပဲ ကူညီစောင့်ရှောက်ပြီး တယ်လီကျန်းမာမှာ ဆေးခန်းပြနိုင်ဖို့ စီစဥ်ဆောင်ရွက်ပေးနေတာတွေလည်းရှိပါတယ်။ နောက်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်ရက်စက်မှုတွေကြောင့်စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှု လိုအပ်နေသူတွေ၊ အခုငလျင်လို သဘာဝဘေးအန္တရာယ်ဆိုးကြီးနဲ့ ကြုံတွေ့ပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှု လိုအပ်နေသူတွေ ဒါမျိုးတွေလည်း ရှိပါတယ်။

မေး။    ။ တယ်လီကျန်းမာကနေပြီးတော့ စိတ်ပိုင်းဆိုင်ရာခံစားနေရသူတွေအတွက် တခြားအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ကူညီပေးလို့ရနိုင်တယ်လို့ မြင်မိလဲဗျ။

ဖြေ။    ။ ဒီအချိန်မှာ ပြည်သူအချင်းချင်းကူညီမှု၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ကူညီမှု၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများရဲ့ ကူညီမှုက အင်မတန်အရေးကြီးပါတယ်။ ထိရောက်မှုလည်းည်း ရှိပါတယ်။ စိတ်လူမှုပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုက ဆေးပညာရှင်များရဲ့ ကုသမှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ငလျင်ဘေးသင့် ပြည်သူတွေအတွက် အခြေခံလိုအပ်ချက်တွေ အချိန်အတာတစ်ခုအထိ ပံ့ပိုးပေးပြီး ပြည်သူတွေ မိမိကိုယ်တိုင် ပြန်လည်ရုန်းကန် ရပ်တည်လာနိုင်အောင်၊ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ပြန်လည် သန်စွမ်းလာအောင် ကူညီပေးရပါမယ်။ ပြည်သူအချင်းချင်း စာနာမှုနဲ့ ဖေးမကူညီနိုင်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ အခြေခံလိုအပ်ချက်၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ ပညာဆက်လက်သင်ကြားနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း စတဲ့ ကဏ္ဍအသီးသီးမှာ ရေတိုရေရှည် စီမံချက်တွေထားပြီး ကူညီပေးခြင်းက ကပ်ဘေးသင့်ပြည်သူဘဝတွေ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။

မေး ။   ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြီး ပြောချင်တာများရှိရင် ပြောပေးပါအုံး

ဖြေ။    ။ကျန်းမာရေးနဲ့ပတ်သက်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေး ကုသမှုခံယူလိုသူများရှိရင် တယ်လီကျန်းမာမှာ အွန်လိုင်းမှတစ်ဆင့် အဆင်ပြေလွယ်ကူစွာ ဆွေးနွေးတိုင်ပင်လို့ရကြောင်း အသိပေးမျှဝေပေးစေလိုပါတယ်။ လုပ်ဆောင်ရမယ့် အချက်လေးတွေကလည်း ရှင်းလင်းလွယ်ကူပါတယ်။ တယ်လီကျန်းမာရဲ့ messenger ( https://m.me/telehealthmm ) ကို ဆက်သွယ်လိုက်ရုံပါပဲ။ Messenger ကို ဆက်သွယ်လိုက်ရုံနဲ့ လိုအပ်တာတွေ အကုန်ရှင်းပြပြောပြပေးပြီး လူနာတွေအဆင်ပြေအောင် ဆက်လက်ဆောင်ရွက်ပေးမှာပါ။ တကယ်ဆွေးနွေးကုသ အကြံပေးတဲ့အခါ Telegram ကနေ ပြုလုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ့်ဖုန်းထဲမှာ messenger နဲ့ telegram အကောင့်ရှိနေဖို့တော့ လိုအပ်မှာပါ။ ဒီအကောင့် ၂ ခုရှိနေရုံနဲ့ ကိုယ့်ဘေးနားမှာ မိသားစုဆရာဝန်တစ်ဦး ရှိနေရုံသာမက လိုအပ်ရင် အထူးကုဆရာဝန်များကပါ အခမဲ့ ဆွေးနွေးကုသပေးမယ့် ခံစားချက်ကို ရရှိပိုင်ဆိုင်စေမှာပါ။ တယ်လီကျန်းမာ Messenger ကို ဆက်သွယ်ရမယ့်အချိန်ကတော့ နေ့စဥ် မြန်မာစံတော်ချိန် မနက် ၈ နာရီမှ ည ၁၀ နာရီအထိဖြစ်ပါတယ်။

Hope – Hope

Show More

Related Articles

Back to top button