သတင်း

ဆိုင်ကယ်မှောက်သူကို ကူညီဟန်ဆောင်ပြီး ဆိုင်ကယ်လုယက်သွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မှောက်နေတဲ့ အမျိုးသားကို ကူညီဟန်ဆောင်ပြီး ဆိုင်ကယ်လုယက်သွားတယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ မနေ့ ည ၇ခွဲဝန်းကျင် မြို့သစ်ကြီး ရပ်ကွက် မိုင်တဲကွေ့နားမှာ အသက် ၃၀ အရွယ်အမျိုးသား တစ်ဦးဆိုင်ကယ်မှောက်နေတာကို အသက်၂၀ အရွယ် လူငယ် ၃ ဦးကနေပြီးတော့ ကူညီသလို ဟန်ဆောင်ပြီး ဆိုင်ကယ်လုသွားတာဖြစ်တယ်လို့ သိရပါတယ်။

သူက အရက်နည်းနည်းတော့ မူးနေတယ်။ မိုင်တဲကွေ့အကျော်နားမှာ လမ်းကြားမှာ ဆိုင်ကယ်သွားမှောက်တာ။ အဲမှာ ယောက်ကျားလေး သုံးယောက်က လာကူဟန်ဆောင်ပြီး ထိုးကြိတ်ပြီး ဆိုင်ကယ်ပြန်လုသွားတာတဲ့လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လုယက်ခံရတဲ့ အမျိုးသားကဟာ မေးစေ့နဲ့ ခြေ လက်တွေမှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပြီး အသက်အန္တရယ် စိုးရိမ်စရာတော့ မရှိဘူးလို့ သိရပါတယ်။ 

မြစ်ကြီးနားမြို့မှာ လုယက်မှုတွေ၊ အိမ်ထဲထိ ဝင်ရောက်ဖောက်ထွင်းမှုတွေ မကြာခန ဖြစ်နေပေမယ့် ထိရောက်စွာ အရေးယူမှုတွေ ဖမ်းဆီးနိုင်မှုတွေတော့ နည်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNG ရဲ့စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်ထိရှိခဲ့ပါတယ်။

 ဒီအချက်လက်ဟာ KNG ကစုစည်းထားတဲ့အချက်တွေသာဖြစ်ပြီး မြေပြင်နဲ့ကွဲလွှဲမှုအများကြီးရှိနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကချင်ဒေသမှာ ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြေပြင်အချက်သိရဖို့ခက်ခဲနေဆဲကြောင့်ဖြစ်ပါတယ်။

 Data For Myanmar ရဲ့ ပြုစုထားချက်အရ အာဏာသိမ်းပြီး ၃ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း ဘဏ်တွေဝင်ရောက်လုယက်ခဲ့တဲ့ဖြစ်စဉ် ၂၅ ခုနဲ့ရွှေဆိုင်လုယက်မှုဖြစ်စဉ် ၅၇ ခုရှိခဲ့တယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button