စစ်တပ်ရဲ့ စစ်လက်နက်နဲ့ရိက္ခာတင်သင်္ဘောတွေ ကချင်အထိဦးတည်ဆန်တက်နိုင်
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၇ ရက် ဒီနေ့မနက်ပိုင်း ၈နာရီကစလို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘောနဲ့ရိက္ခာတင်သင်္ဘောအပါ တစ်ခြားတွရေယာဉ်အစီး ၂၀ ခန့် အထက်ဘက်ကိုဦးတည်ဆန်တက်လာနေပြီး ဗန်းမော်မြို့အထိဦးတည်နိုင်တယ်လို့ မြစ်ကြောင်းအခြေနေစောင့်ကြည့်နေတဲ့အဖွဲ့တွေကခန့်မှန်းပါတယ်။
“ကျနော်တို့ခန့်မှန်းတာကတော့ ဒီလကုန်လောက်ဆိုဗန်းမော်အထိတက်နိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကုန်တွေကလည်းများတယ် ရိက္ခာကလည်းများတယ်ဗျ။ ကုန်ကလည်းများတော့ဟိုးအထက်ပိုင်းအထိတော့ သွားလိမ့်မယ်လို့ကျနော်တို့ခန့်မှန်းတာပါ”လို့ Wetlet Informational Network အဖွဲ့ကတာဝန်ရှိသူတစ်ဦးကသုံးသပ်ပါတယ်။
တိုက်ခိုက်ရေးသင်္ဘော ၅ စီး၊ ရိက္ခာတင်သင်္ဘော ၇ စီး နဲ့ တခြားသောတွဲတွန်းယာဥ် အားလုံး စုစုပေါင်း ၂၀ စီးခန့် ဆန်တက်လာနေတာဖြစ်ပြီး လက်ရှိတော့ ဝက်လက်မြို့နယ်ထဲကိုရောက်ရှိနေပြီလို့ Wetlet Informational Network အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာ စစ်ကောင်စီတပ်ရဲ့စစ်သင်္ဘောတွေကရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့်ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နေထိုင်တဲ့ဒေသခံတွေ စစ်ရေးသတိရှိကြဖို့နဲ့ကြိုတင်တိမ်းရှောင်တာ၊အကာအကွယ်အတွက် ပြင်ဆင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်တွန်းလိုက်ပါတယ်။
“မြစ်ကမ်းဘေးရှိတဲ့ပြည်သူတွေကိုအဓိကပြောချင်တာက ကမ်းနဘေးတွေမှာမနေကြဖို့ သူ့လမ်းသူသွားတာဆိုပြီးပေါ့ပေါ့ဆဆအိမ်မှာမနေကြဘဲဘေးလွတ်ရာကိုတိမ်းကြဖို့ နောက်ဆုံးမတိမ်းနိုင်ဘူးဆိုရင်လည်း အကာအကွယ်ကောင်းကောင်းနဲ့ဗုံးခိုကျင်းတွေလိုနေရာမှာနေပေးဖို့ သူတို့အထက်ကိုဆန်သွားမှဘဲ အပြင်ထွက်ကြဖို့ပေါ့ အဲ့တာလေးတော့မှာချင်တယ်”လို့ Wetlet Informational Network အဖွဲ့ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီမြစ်ရေမြင့်တက်လာတာကိုအခွင့်ကောင်းယူပြီး မြစ်ကြောင်းကိုအသုံးပြု မန္တလေးတိုင်းကနေ ကချင်ပြည်နယ်အထိကို စစ်လက်နက်နဲ့ရိက္ခာတွေတင်ပို့လေ့ရှိပါတယ်။
အဲ့ဒီလိုတင်ပို့ချိန်မှာလည်း စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့မြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကိုပစ်ခတ်လေ့ရှိသလို မြေပြင်စစ်ကြောင်းထိုးတာ လေကြောင်းတိုက်ခိုက်တာတွေလုပ်လေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းနှစ်စဥ်ရှိခဲ့တာပါ။
ဒါ့အပြင် မြစ်ကမ်းဘေးတစ်လျှောက်နေရာယူထားတဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့လည်းတိုက်ပွဲတွေပြင်းထန်လေ့ရှိပြီး ပြီးခဲ့တဲ့နှစ်မှာတော့စစ်ကောင်စီရဲ့ စစ်သင်္ဘောတစ်ချို့ကိုဖျက်စီးသိမ်းပိုက်နိုင်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။
“နောက်ပိုင်းဒီဘက်ဆက်တက်လာမယ်ဆိုရင်တော့ သူတို့ကိုဖြတ်တိုက်မယ့်အဖွဲ့တွေရှိတယ်။ တကယ်လည်းတိုက်ခံရမှာပဲ။ အဲ့လိုအခြေနေမျိုးမှာသူတို့က အရပ်သားနေအိမ်ကျေးရွာတွေကိုရမ်းပစ်အုံးမှာပဲ။ သူတို့မှမဟုတ်ပါဘူး အရင်ကသင်္ဘောတွေလည်းမဲမဲမြင်ရာအကုန်ပစ်ပြီးတက်လာခဲ့ကြတာပဲ”လို့ထီးချိုင့်မြို့နယ်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
တစ်ဖက်မှာ မြစ်ကြောင်းအတိုင်းမထွက်လာခင်မှာလည်း မတ္တရာ၊စဥ့်ကူး နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးလမ်းကြောင်းရှင်း၊ နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။
ကချင်ပြည်နယ်အတွက်အရေးပါတဲ့ ဗန်းမော်ြမို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို့စစ်လက်နက်နဲ့ရိက္ခာတွေကိုရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ကြိုးစားနေတာကြောင့် ဒီတစ်ကြိမ်မှာရောစစ်သင်္ဘောတွေကချင်ပြည်နယ်အထိတက်သွားမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
By – အမိုး



