သတင်း

စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီးလေးရာကျော်သေဆုံး

နိုင်ငံတဝန်း အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီး ၄၁၅ ဦး သေဆုံးပြီး၊ ၄၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burmese Women’s Union(BWU) ရဲ့အချက်အလက်ဖော်ပြချက်အရ သိရပါတယ်။

ဒီထိခိုက်သေဆုံးမှုအချက်လက်က BWU အဖွဲ့ကနေပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စုစည်းထားတာဖြစ်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္လာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး စတဲ့မြို့နယ်တွေကနေ ကောက်ယူထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီသေဆုံးမှုဖြစ်စဉ်အားလုံးဟာ စစ်မြေပြင်မှာ သေဆုံးတာမျိုးမဟုတ်ပဲ စစ်ကောင်စီတပ်အနေနဲ့ စစ်မြေပြင်မဟုတ်တဲ့ ရပ်ရွာတွေကိုပါမချန် လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်သေဆုံးရတာဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူတွေကို အရေးမယူနိုင်တာကြောင့်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရာဇဝတ်မှုဆိုတာ အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီးမှ ကျူးလွန်သတ်ဖြတ်တာတွေ လူမျိုးတုန်းသတ်ဖြတ်တာတွေပါတယ်။ ကျူးလွန်သူတွေကို သေချာအရေးယူနိုင်ခြင်းမရှိသေးတာက ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုဆိုတာ ပျောက်ဆုံးနေတာနဲ့အတူ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရားရေး စနစ်တွေက ပျက်စီးနေတယ်။ ကျူးလွန်သူတွေက လွတ်မြောက်နေပြီး ကျူးလွန်ခံရတဲ့သူတွေက အသက်ဆုံးရှုံးရတဲ့ အခြေအနေရှိနေတယ်လို့ BWU အဖွဲ့ ရဲ့တွဲဖက်အထွေထွေ အတွင်းရေးမှူး၂ ဖြစ်တဲ့ မယဉ်‌မျိုးလှိုင်ကတော့ ဆိုပါတယ်။

ဒါ့အပြင် သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် မိန်းကလေး ၈၃ ပါဝင်နေတာလည်း တွေ့ရပါတယ်။

ဒါကြောင့် နိုင်ငံတကာအနေနဲ့ ခုလိုအကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ၊ စီးပွားရေးအရ ဆက်ဆံပြောဆိုတာတွေနဲ့ အလုပ်အတူ တွဲလုပ်နေတာတွေဟာ ပြည်သူတွေရဲ့ အသက်ကို ပေးဆပ်ခိုင်းနေတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာအကျိုးအမြတ်ကရတဲ့ အခကြေးငွေတွေကို ပြည်သူတွေကို သတ်ဖြတ်နေတဲ့ လက်နက်ကိရိယာအဖြစ် ပြန်လည်စီးဆင်းစေတာဖြစ်တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးရတဲ့ ဖြစ်စဉ်တွေက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ကျည်ထိမှန်မှု၊ သတ်ဖြတ်ခံရမှု၊ မြေမြုပ်မှိူင်းပေါက်ကွဲမှု၊ ရိုက်နှက်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေထက် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူအများဆုံးဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအချက်အလက်တွေဟာ ဆက်သွယ်မှုဆိုင်ရာ အခက်အခဲအမျိုးမျိုးကနေ လက်လှမ်းမှီသလောက် ကောက်ယူရရှိထားတာ ဖြစ်တဲ့အတွက် မြေပြင် အခြေအနေမှာတော့ ဒီထက်ပိုများနိုင်ချေရှိတယ်လို့ သိရပါတယ်။

ဖြစ်စဉ်တွေကိုကြည့်ရင် အကြမ်းဖက်သတ်ဖြတ်ခံရလို့ သေဆုံးသူအရေအတွက်ဟာ ဇွန်လ ၃၄ ဦး၊ မေလ ၉၂ ဦး၊ ဧပြီလ ၇၁ ဦး၊ မတ်လ ၆၆ ဦး ၊ဖေဖော်ဝါရီလ ၆၆ ဦး၊ ဇန်နဝါရီလ ၈၆ ဦးထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ဇွန်လမှာ ၄၉ ဦး၊ မေလ ၈၁ ဦး၊ ဧပြီလ ၅၀ ဦး၊ မတ်လ ၈၈ ဦး၊ ဖေဖော်ဝါရီလ ၆၈ ဦး၊ ဇန်နဝါရီလ ၇၇ ဦးထိရှိပါတယ်။

အလားတူ ကချင်ဒေသမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လထိ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် သေဆုံးသူအမျိုးသမီး ၁၅ ဦးထိရှိခဲ့တာကို တွေ့ရပါတယ်။

Kachin Women Peace Network ရဲ့အချက်အလက်မှာတော့ စစ်ကောင်စီအုပ်ချုပ်တဲ့နေရာဒေသတွေမှာ အမျိုးသမီးတွေ အဓမ္မအနိုင်ကျင့်ခံရတာ၊ လူကုန်ကူးမှု၊ ပညာရေးအခွင့်အလမ်းဆုံးရှုံးမှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခံနေရတယ်လို့ မလုလု(Lu Lu) Kachin Women Peace Networkက ခုလိုပြောပါတယ်။

လက်ရှိအချိန်မှာလုပ်လို့ရတာကတော့ နောင်တစ်ချိန်မှာ တရားမျှတမှုပြန်ရဖို့အတွက် သက်သေအထောက်အထားတွေနဲ့ သတင်းအချက်အလက်တွေ စုဆောင်းတာက အရမ်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ပြည်သူတွေကို အသိပညာပေးမှုတွေ လုပ်ပေးဖို့လိုပြီး နိုင်ငံတကာက ဒီမိုကရေစီနိုင်ငံတွေနဲ့ ပူပေါင်း ဆက်ဆံမှုတွေ ပြုလုပ်ဖို့လိုပါတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေအပေါ် ခုလိုအကြမ်းဖက်ကျူးလွန်မှုတွေ မဖြစ်စေဖို့ အမျိုးသမီးတွေကို ကာကွယ်တဲ့ ဥပဒေပေါ်လစီတွေ သေချာရေးဆွဲပြီး တာဝန်ရှိသူတွေအနေနဲ့ သေချာအကောင်အထည်ဖော်ရမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

Kachin Human Rights Watch(KHRW)အဖွဲ့ရဲ့ ပြောကြားချက်အရကတော့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇွန်လထိ အမျိုးသား၊အမျိုးသမီး စုစုပေါင်း သေဆုံးသူ ၂၃၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၄၀ဦးထိရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူပဲ Myanmar Pace Monitor MPM ရဲ့ စုစည်းထားတဲ့ အချက်အလက်မှာတော့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၄ နှစ်ကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း သေဆုံးသူ ၇၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသမှာ ၅၆၀ ဦးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အတွင်း ဖားကန့်ဒေသ KIO တပ်မဟာ ၉ နယ်မြေဖြစ်တဲ့ အနန့်ပါ၊ KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန့်လိုင်ခက် စစ်ရှောင်စခန်း၊ မြို့သစ်ကုန်းလောကျေးရွာတွေမှာ လေယာဉ်ဗုံးကြဲခံရတဲ့အတွက် အရပ်သားအစုပြုံလိုက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမ္မဂအဖွဲ့(UN)ရဲ့ ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိချိန်ထိ အရပ်သားပြည်သူ ၆၈၀၀ကျော် သတ်ဖြတ်ခံထားရပြီး လူပေါင်း ၂၂၀၀၀ကျော်ဟာ နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရတယ်လို့ ဆိုထားပါတယ်။

By – Hope

Show More

Related Articles

Back to top button