အိမ်ဘေးနား ထိုင်နေတဲ့ အမျိုးသားကို လူ ၆ ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ်လာလု
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေစဉ် လူ၆ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ် လာလုယက်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကတော့ မနေ့ည ၁၀ခွဲဝန်းကျင်အချိန် ခေမာသိရိရပ်ကွက်မှာ အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေတဲ့ အသက် ၄၀ဝန်းကျင်အရွယ် အမျိုးသားကို အသက်၂၀ကျော်ဝန်းကျင်အရွယ် လူလတ်ပိုင်း အမျိုးသား၆ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုယက်ခဲ့တဲ့အတွက် လုယက်ခဲ့ရသူဘက်ကလည်း ပြန်လည် ခုခံခဲ့တယ်လို့ သိရပါတယ်။
“သူက သူ့အိမ်ဘေးနားက အုတ်နံရံမှာထိုင်နေတာ အဲတာကို လူ၆ယောက်က အသံမထွက်နဲ့ ဘာညာပြောတော့ အဲမှာလှည့်ကြည့်တဲ့အချိန် ရုတ်ရင်းဆန်ခတ်ဖြစ်ပြီး ဓားတိုနဲ့ ထိုးသွားတယ်ထင်တယ် ဒဏ်ရာက သိပ်မနက်ဘူးဗျ”လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်လုယက်ခံရတဲ့အမျိုးသားကတော့ ကျောကုန်းမှာ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာတော့ မရှိဘူးလို့ သိရပါတယ်။
ဒါအပြင် လုယက်ခံရတဲ့အချိန် ရပ်ကွက်က လူတွေထွက်လာတဲ့အတွက် လုယက်သူ ၆ ယောက်ဟာ ထွက်ပြေးသွားပြီး ဆိုင်ကယ်လည်း ပါမသွားဘူးလို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ လုယက်မှုတွေ၊ အိမ်ထဲထိ ဝင်ရောက်ဖောက်ထွင်းမှုတွေ မကြာခန ဖြစ်နေပေမယ့် ထိရောက်စွာ အရေးယူမှုတွေ ဖမ်းဆီးနိုင်မှုတွေတော့ နည်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNG စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်ထိရှိခဲ့ပါတယ်။
ဒီအချက်လက်ဟာ KNG ကစုစည်းထားတဲ့အချက်တွေသာဖြစ်ပြီး မြေပြင်နဲ့ကွဲလွှဲမှုအများကြီးရှိနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကချင်ဒေသမှာ ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြေပြင်အချက်သိရဖို့ခက်ခဲနေဆဲကြောင့်ဖြစ်ပါတယ်။
Data For Myanmar ရဲ့ ပြုစုထားချက်အရ အာဏာသိမ်းပြီး ၃ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း ဘဏ်တွေဝင်ရောက် လုယက်ခဲ့တဲ့ဖြစ်စဉ် ၂၅ ခုနဲ့ ရွှေဆိုင်လုယက်မှုဖြစ်စဉ် ၅၇ ခုရှိခဲ့တယ်လို့ သိရပါတယ်။
By – Hope



