နာရေးကပြန်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ပွဲချင်းပြီးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ရှောင်အမျိုးသမီးတစ်ဦး နာရေးအိမ်ကနေ ပြန်လာချိန် ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၁ ရက် ဒီညနေပိုင်း ၄ နာရီဝန်းကျင် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် တစ်သုံးလုံး ကဖေးဆိုင် မျက်နှာစောင်းရှိ နာရေးအိမ်ကနေပြန်လာတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ခြေကျင်လမ်းဖြတ်ကူးတဲ့နေချိန် ကားတိုက်ခံလိုက်ရတယ် ဆိုပါတယ်။
အဆိုပါ ကားတိုက်ခံရသူ အမျိုးသမီးဟာ အတိုက်ခံရတဲ့ နေရာမှာပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဧရာဝတီလူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။
“လူနာကတော့ ဦးခေါင်းဒဏ်ရာဖြစ်တယ်။ ပြီးရင် ဘယ်ခြေကျိုးသွားတယ်ဗျ။ ကျွန်တော်တို့ ရောက်တဲ့အချိန် စစ်ဆေးကြည့်တော့ လူနာက အရောင်ပြောင်းနေပြီ”လို့ဆိုပါတယ်။
ကားသမားကတော့ ကားထားပြီး ထွက်ပြေးသွားပေမယ့် မိနစ်အနည်းငယ်မှာတော့ ပြန်ရောက်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် သေဆုံးသွားတဲ့အမျိုးသမီးဟာ ကချင်စစ်ရှောင်စခန်းတစ်ခုကဖြစ်တယ်လို့ သိရပြီး ရုပ်အလောင်းကိုတော့ မြစ်ကြီးနားဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလကလည်း သားအဖနှစ်ဦး ကားတိုက်ခံရပြီး သေဆုံးခဲ့ပေမယ့် ခုချိန်ထိ တိုက်ပြေးသွားတဲ့ တရားခံကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
မြစ်ကြီးနားမြို့တွင်း အခြေစိုက် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း၊ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်း (မြစ်ကြီးနားမြို့)၊ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်း၊ ချီဆောင်ခြင်း လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ စုံစမ်းမေးမြန်းသိရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်း မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်မှု တစ်လလျှင်အကြိမ် ၅၀ ဝန်းကျင်ထိရှိခဲ့ပြီး ပျှမ်းမျှအားဖြင့် ယာဉ်တိုက်မှုကြောင့် တစ်လမှာ တစ်ဦးနှုန်းဖြင့် သေဆုံးနေတယ်လို့ သိရပါတယ်။
By – Hope



