သတင်း

မြစ်ကြီးနားမှာ သစ်ပင်ကျိုးကျလို့ ကလေးငယ်တစ်ဦး‌ ခြေ ထောက်ကျိုး၊ နောက်ထပ်အမျိုးသားတစ်ဦးခါးကျိုးဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သစ်ပင်ကြီးကျိုးကျမှုကြောင့် ကားတစ်စီးပျက်စီးခဲ့ရပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီကနေ့ ဇူလှိုင်လ ၂၄ ရက် ည ၄ နာရီဝန်းကျင်အချိန် လေပြင်းတိုက်ခတ်တဲ့အတွက် ကျွန်းပင်သာရပ်ကွက်၊ဝတုတ်မအကင်ဆိုင်ရှေ့ ၊ Tsin Aung စားသောက်ဆိုင်အနီးက သစ်ပင်ကြီးတစ်ပင် အမြစ်လှန်ပြီးကျိုးကျရာ လမ်းမကြီးပေါ် ဖြတ်မောင်းနှင်လာတဲ့ Honda Fid ကားအပြာရောင်ပေါ်ကို ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

ကားအပေါ်ကို သစ်ပင်ကျိုးကျခဲ့တဲ့အတွက် ကားမှာပါလာတဲ့ လူ ၃ ဦးထဲက ကားနောက်မှာစီးတဲ့ ကလေးတစ်ဦးနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကားမောင်းနှင်တဲ့အမျိုးသားကတော့ လက်မှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

ကလေးကတော့ ခြေထောက်ကျိုးပြီးတော့ ပြတ်လုနီးပါးဖြစ်သွားတာပေါ့။ ယာဉ်မောင်းကျတော့ လက်ဘဲထိပြီး နောက်က လူကြီးတစ်ယောက်ကတော့ ခါးရိုးကျိုးသွားတာဗျလို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုတော့ မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ထားပြီဖြစ်ပြီး ကားကတော့ တစ်စီးလုံးပျက်စီးသွားတယ်လို့ ဆက်ပြောပါတယ်။

ခုလို ကားအပေါ်မှာ သစ်ပင်ကြီးတစ်ခုလုံး ကျိုးကျနေတာဖြစ်တဲ့အတွက် မီးသတ်တပ်ဖွဲ့နဲ့အတူ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်း၊ မျိုးဆက်သစ်လူမှုကယ်ဆယ်‌ရေးအသင်းတွေနဲ့ တခြားလူမှုကူညီရေးအသင်းတွေကနေပြီးတော့ ဝိုင်းဝန်း ကူညီဖယ်ရှား ပေးခဲ့ရတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့တုန်းကလည်း ယာဉ်မတော်တဆမှုကြောင့် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာဘဲ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့တွင်း အခြေစိုက် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း၊ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်း (မြစ်ကြီးနားမြို့)၊ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်း၊ ချီဆောင်ခြင်း လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ စုံစမ်းမေးမြန်းသိရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်း မြစ်ကြီးနားမြို့မှာ ယာဉ်မတော်တဆ တစ်လလျှင်အကြိမ် ၅၀ ဝန်းကျင်ထိရှိခဲ့ပြီး ပျှမ်းမျှအားဖြင့် ယာဉ်မတော်တဆမှုကြောင့် တစ်လမှာ တစ်ဦးနှုန်းဖြင့် သေဆုံးနေတယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button