မိုးညှင်းခရိုင်၊ အင်းတော်ကြီးထဲက မိုင်းနောင်၊ မမုံကိုင် ကျေးရွာနှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် လေကြောင်းနဲ့ လက်နက်ကြီးဒရုန်းတွေကြောင့် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၅၊ ၁၆ ရက်တွေမှာ မိုင်းနောင်နဲ့ မမုံကိုင် ကို KIA ဘက်က ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် ကျေးရွာအတွင်းနေရာယူထားတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်တွေကို လိုက်လံပစ်ခတ်ရှင်းလင်းနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်လို့ မိုင်းနောင်ဒေသခံတွေပြောပါတယ်။
“အခုက မိုင်းနောင်နဲ့ မမုံကိုင်ရွာကို KIA ဘက်က ပြန်ရပြီလို့ပြောလို့ရပါတယ်။ ဒါပေမယ့် တပ်ထိုင်လို့ရတဲ့အထိတော့မရသေးဘူး။ ရှမ်းနီတပ်တစ်ချို့က လုံးတုံဘက်ကို တပ်ဆုတ်တယ်လို့ ပြောတယ်။ အဲ့မှာ စစ်တပ်က လေကြောင်းနဲ့ လာပစ်တာတွေ၊ နောက် နန့်မွန်ရှု့ခင်းသာကုန်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်နေတာဖြစ်တဲ့အတွက် KIA ဘက်က အရင်ကလို ပြန်ထိုင်နိုင်ဖို့ကခက်ခဲအုံးမယ်”လို့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။
မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာတွေမှာ ရှမ်းနီ SNA တပ်တွေ စစ်ကြောင်းထိုးတက်လာလို့မရအောင် KIA ဘက်က လမ်းပိတ်ဆို့ တိုက်ခိုက်နေပြီးတော့ စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရေးအခြေအနေမှာ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ တပ်ထိုင်လို့မရအောင် လေကြောင်းအပါ နန့်မွန်း ရှု့ခင်းတောင် စစ်တပ်ကုန်းကနေ လက်နက်ကြီး ပစ်ခတ်ပေးနေသလို တစ်ဖက်မှာ ရှမ်းနီ SNA တပ်တွေလည်း ရွာထဲမှာ နေထိုင်လို့မရအောင် KIA တပ်တွေ လိုက်လံပစ်ခတ်နေတဲ့အတွက် နှစ်ဖက်တပ်အပြန်အလှန် နေရာလုတိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။
စစ်ရေးလမ်းကြောင်းအရ မိုင်းနောင်နဲ့ မမုံကိုင် ကျေးရွာနှစ်ခုစလုံးကို KIA တပ်တွေ အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် နန့်မွန်မြို့ရဲ့ အရှေ့ဘက်ခြမ်းရှိ ရှု့ခင်းသာ စစ်တပ်ကုန်းကို သိမ်းပိုက်ရန် လိုအပ်နေတယ်လို့ ဒေသခံတွေ သုံးသပ်နေပါတယ်။
“KIA အနေနဲ့ တကယ်လို့ အပြည်အဝတပ်ထိုင်နိုင်ိဖို့ဆိုရင် နန့်မွန်စစ်တပ်ကုန်းအထိ ထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်။ တကယ်လို့ အဲဒီနေရာတွေမှာ မထိုင်နိုင်ဘူးဆိုရင် မမုံကိုင်၊ မိုင်းနောင်က အခုလို သိမ်းထားပေမယ့် တပ်ထိုင်ဖို့အထိ မရနိုင်ဘူး။ ပြီးရင် စစ်ရှောင်တွေလည်း ဘယ်သူမှ ပြန်ရဲမှာမဟုတ်ဘူး။ စစ်ရေးဆိုတော့ တကယ်တမ်းဘယ်လိုပြန်ဖြစ်လာမလဲဆိုတာကတော့ မသိရသေးဘူးလေ”လို့ပြောပါတယ်။
လက်နက်ကြီး ပစ်ခတ်နေတဲ့ နန့်မွန်း စစ်တပ်ကုန်းနေရာဟာ အင်းတော်ကြီး ဒေသတစ်ခုလုံးကို လှမ်းထောက်နိုင်တဲ့ တောင်ကုန်းနေရာဖြစ်ပြီးတော့ မိုင်းနောင်၊ မမုံကိုင်နဲ့ ၅ မိုင်ခန့်အကွာမှာ တည်ရှိနေတာဖြစ်ပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့မှာလည်း KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုင်းနောင်၊ မမုံကိုင် ဘက်ကို ရှမ်းနီ SNA တပ်တွေ ဒရုန်းတားဆီးနိုင်တဲ့ ဂျမ်မာစက်(Jamma) တင်ပြီး တက်လာခဲ့ရာမှာ တိုက်ခိုက်ခံရပြီးတော့ ကားတစ်စီးနဲ့အတူ KIA ဘက်က သိမ်းယူနိုင်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ မိုးညှင်းဒေသခံတွေပြောပါတယ်။
“ဂျမ်မာစက်ကို ဖောက်ခွဲပေးလိုက်တာတော့မဟုတ်ဘူး။ ရှမ်းနီတပ်တွေက ကားနဲ့တင်ပြီးလာတာကို KIA ဘက်က တိုက်ခိုက်လို့ တိုက်ပွဲဖြစ်သွားတယ်။ အဲ့မှာ ကားရော တင်လာတဲ့ ဂျမ်မာ စက်အကြီးတစ်ခု သိမ်းယူခဲ့တယ်။ နောက်ပြီး ဒရုန်းတစ်စင်းကိုလည်း ပစ်ချပေးလိုက်တယ်”လို့ပြောပါတယ်။
နောက်ပြီး အခုရက်ပိုင်းအတွင်းဖြစ်တဲ့ တိုက်ပွဲမှာ ရှမ်းနီတပ်ဘက်က အရာရှိ ဗိုလ် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး မြစ်ကြီးနားမြို့မှာ ဆေးကုသခံယူနေတဲ့အချိန် သေဆုံးသွားတယ်လို့လည်း KIA စစ်ရေးသတင်းအရင်းအမြစ်တွေပြောပါတယ်။
အင်းတော်ကြီးဒေသမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက် မိုင်းနောင်နဲ့ မမုံကိုင် ကျေးရွာ နှစ်ခုစလုံးကို ရှမ်းနီ SNA တပ်တွေ ထိန်းချုပ်လိုက်ပြီးနောက် ဒေသအတွင်းနေထိုင်တဲ့ ဒေသခံ ကချင်ပြည်သူတွေကို နေထိုင်လို့မရအောင် သတ်ဖြတ်တဲ့အထိ လူမျိုးရေးပြဿနာ ဖော်ဆောင်နေတာကြောင့် တိုက်ပွဲနဲ့ လူမျိုးရေး နှစ်ခုယှဉ်တွဲပြီး ဖြစ်ပွားနေတာဖြစ်ပါတယ်။
ရှမ်းနီ SNA တပ်တွေ ထိန်းချုပ်ထားတဲ့ တစ်လပြည့်တဲ့ နေ့မှာပဲ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးဆင်ပြီး ပြန်လည်သိမ်းပိုက်ယူလိုက်တာဖြစ်ပါတယ်။
အင်းတော်ကြီးဒေသမှာ တိုက်ပွဲအပြင် လူမျိုးရေးပြဿနာနှစ်ခု ယှဉ်တွဲပြီး ဖြစ်နေတာကြောင့် ကချင်ပြည်သူ နှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



