မြစ်ကြီးနားမှာ နေ့ခင်းဘက် ဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာ
ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ နေ့ခင်းဘက် အကြောင်းမဲ့ဖမ်းဆီးခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လူငယ်၊လူလတ်ပိုင်းတွေများပြီး ဩဂုတ် လဝက်အတွင်း နေရာ ၃ ခုမှာ ဖမ်းဆီးခံရမှုဖြစ်ခဲ့တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ မြို့ခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။
“ပလနသွားတဲ့လမ်းဆုံမှာ ဟိုနေ့က မိန်းကလေး ၅ ယောက်ပါသွားတယ်။ ဘယ်အဖွဲ့ကမှန်းမသိဘူးအရပ်ဝတ်တွေနဲ့ကားပေါ်ကဆင်းပြီး ဖမ်းသွားတာ။ တစ်ယောက်က ဆိုင်ကယ်နဲ့လမ်းဘေးရပ်နေတာ ဆိုင်ကယ်လည်းကျန်ခဲ့တယ်”လို့ ပြောပါတယ်။
အလားတူ ဩဂုတ်လ ၁၂ ရက်နေ့မှာလည်း အေးမြသာယာကနေ နန်းကွေ့သွားတဲ့လမ်းမှာ မိန်းကလေး နှစ်ဦးနဲ့ ယောကျာ်းလေးနှစ်ဦးဖမ်းခံရပြီး၊ ဩဂုတ်လ ၁၉ ရက်နေ့ မနောကွင်းရှေ့မှာ အသက် ၂၀ ဝန်းကျင် မိန်းကလေးတစ်ဦးလည်းထပ်ပြီးဖမ်းခံသွားရတယ်လို့ မြို့ခံတွေပြောပါတယ်။
မြို့တွင်း၊မြို့ပြင် ခုလ်ိုလိုက်လံ ဖမ်းဆီးနေသူတွေဟာ မည်သည့်လက်နက်ကိုင်အဖွဲ့စည်းကဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသေးပေမယ့် မြို့ခံသုံးသပ်တာကတော့ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်က တပ်သားသစ်စုဆောင်းတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
တစ်ဖက်မှာလည်း မြစ်ကြီးနားမြို့ဟာ အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်း၊ ခိုးဆိုးလုယက်မှုတွေများလာတာကြောင့် ဒီလိုအမျိုးသမီးငယ်အများပိုင်းဖမ်းဆီးခံရတာဟာ လူကုန်ကူးမှုတွေဖြစ်လာနိုင်သလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ရှိနေတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“တကယ်မလုံခြုံဘူး မြစ်ကြီးနားက အဲဒါကြောင့် အိမ်က ကလေးတွေ ကျောင်းသွားလည်း စိုးရိမ်နေရတယ်။ဒီမှာ ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေ မကောင်းတော့ ဘယ်နားဘာဖြစ်သွားလဲ ဖြစ်ပြီးမှ သိရတာ။ လိုအပ်လို့အပြင်သွားမယ်ဆိုရင်တောင် သတိနဲ့သွားနေရတယ်”လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ဟာ စစ်ကောင်စီတပ်အပြည့်အဝထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်တပ်က မြို့တွင်း၊မြို့ပြင် စစ်ဆေးရေးတင်းကြပ်နေတဲ့မြို့ဖြစ်ပေမယ့် ပြည်သူတွေရဲ့လုံခြုံရေးက တစ်နေ့ထက်တစ်နေ့ ပိုစိုးရိမ်စရာဖြစ်လာနေတယ်လို့ ဆိုကြပါတယ်။
မြစ်ကြီးနားမြို့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ မြစ်ကြီးနားအထွေထွေအုပ်ချုပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်အရ မြို့ပေါ်ရပ်ကွက် ၂၉ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၀ ဝန်းကျင်ဖြင့်ဖွဲ့စည်းထားပါတယ်။
By – Zami



