သတင်း

လေရှီး-လဟယ် ရေလမ်းကြောင်း စစ်တပ်ကပိတ်ထားလို့ လဟယ်မှာ စက်သုံးဆီနဲ့ ဆန်တွေပြတ်လပ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊လဟယ်ဘက်သွားတဲ့ရေကြောင်းလမ်းကို စစ်ကောင်စီတပ်ကခန္တီးမြို့ကနေ ပိတ်ထားလို့ လဟယ်မြို့မှာ ဆန်နဲ့စက်သုံးဆီ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လေရှီး၊လဟယ်မြို့နယ်တွေအတွက် ကုန်စည်သယ်ယူဖို့နဲ့ခရီးသွားလာဖို့ အဓိကအသုံးများတဲ့ ခန္တီးလဟယ်လေရှီး ချင်းတွင်းမြစ်ကြောင်းကို စစ်ကောင်စီတပ်က သြဂုတ်လ ဒုတိယအပတ်ကစပြီး ခန္တီးမြို့ကနေ ပိတ်ထားတာဖြစ်တယ်လို့ လဟယ်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့ကနေပိတ်ထားတာ ခုထိပြန်မဖွင့်ပေးဘူး ခန္တီးကနေပိတ်ထားတာ ခန္တီးအထိတော့ဖလက်ခွံတွေလာတယ်။ ဟုမ္မလင်းကနေ ဒီဘက်ကိုမတက်ခိုင်းတာလို့ လဟယ်မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ခုဆို စစ်ကောင်စီတပ်က လေရှီး၊လဟယ်ဘက်ရေကြောင်းလမ်းကိုပိတ်တာ ရက် ၂၀ ကျော်ခန့်ရှိလာပြီလို့ သူကဆက်ပြောပါတယ်။

ခုလိုစစ်တပ်က ရေကြောင်းပိတ်လိုက်တဲ့တာဟာ လဟယ်ဘက်စစ်ရေးလှုပ်ရှားဖို့ဖြစ်နိုင်တယ်လို့  NSCN-K (ဗိုလ်ချုပ်ယုန်းအောင်)အဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ခုလိုသုံးသပ်ပြောပါတယ်။

ဖြစ်နိုင်ခြေကတော့ဒီစစ်ရေးတစ်ခုပဲရှိတယ်လေး သူတို့ဒီလေရှီး၊လဟယ်ဘက်တွေကိုလှုပ်ရှားဖို့ လမ်းကြောင်းကြိုရှင်းတာလည်းဖြစ်နိုင်တယ် ဘာကြောင့် ပိတ်တယ်လို့တော့မပြောဘူးဒီတိုင်းပိတ်ချလိုက်တာလို့သူကပြောပါတယ်။

လေရှီးလဟယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ နားလည်မှုယူထားတဲ့ NSCN-K(ဗိုလ်ချုပ်အန်းမိုင်း)အဖွဲ့နဲ့ စစ်ကောင်စီနဲ့ နားလည်မှုမယူထားတဲ့ NSCN-k(ဗိုလ်ချုပ်ယုန်းအောင်တို့ကစိုးမိုးထားတဲ့နေရာဖြစ်ပါတယ်။

ရေကြောင်းပိတ်လိုက်တဲ့နောက် စစ်ကောင်စီတပ်တွေ လေရှီး၊လဟယ်ဘက်သွားလာလှုပ်ရှားမှုတွေရှိနေပြီး လေရှီးမြို့နယ်ထဲမှာ လူငယ်တွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးတာတွေလည်းရှိနေတယ်လို့သိရပါတယ်။

ခန္တီးကနေ လဟယ် လေရှီးအထိ ဆိုင်ကယ်နဲ့ ကားအသေးသာသွားလာနိုင်တဲ့ ကုန်းကြောင်းရှိပေမယ့် လက်ရှိမိုးရာသီကာလ လမ်းပိုင်းပျက်စီးမှုတွေကြောင့် ခက်ခက်ခဲခဲသွားလာနေရလို့ ချင်းတွင်းမြစ်ကြောင်းကိုသာ အဓိက အားထားနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရေကြောင်းပိတ်လိုက်တဲ့အတွက် ဒေသခံတွေခရီးသွားလာရေးခက်ခဲတာ၊ ကုန်စည်ပြတ်တောက်တာ၊ကုန်စျေးနှုန်းကြီးတာတွေရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လဟယ်၊လေရှီးဒေသတွေဟာ နာဂလူမျိုးတွေအများစုနေထိုင်ကြတာဖြစ်ပြီးလဟယ်မြို့နယ်မှာကျေးရွာပေါင်း ၁၀၀ ကျော်နဲ့ လေရှီးမြို့နယ်မှာ ကျေးရွာပေါင်း ၇၀ ကျော်ရှိကာ လူဦးရေ ၂သိန်းနီးပါးနေထိုင်ကြောင်းသိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button