သတင်းတု၊သတင်းမှားတွေကြောင့် မော်လူးဒေသခံများမကြာခဏတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊အင်းတော်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ မော်လူးမြို့ခံတွေဟာ သတင်းတု၊ သတင်းမှားတွေကြောင့် မကြာခနတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မော်လူးမြို့ဟာ PDF၊ ကျောင်းသားတပ်(ABSDF)နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားပြီဖြစ်ပေမယ့် ယခုနောက်ပိုင်းခပ်စိပ်စိပ် ထွက်နေတဲ့သတင်းတုတွေကြောင့် မြို့ခံပြည်သူတစ်ချို့ မကြာခန ထွက်ပြေးတိမ်းရှောင်ရတယ်လို့ မော်လူးမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ကျန်တာတွေကတော့အေးဆေးပါပဲ ဒါပေမယ့် လကုန်ခါနီး၊လဆန်းပိုင်းတို့ဆိုရင် အဲ့လိုဆိုက်ဝါးသတင်းတွေဖြန့်တာ ခနခနကြုံနေရတယ်။ ဘယ်လိုလဲဆိုတော့ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာပြီးစစ်ကြောင်းဝင်လာတော့မယ်ဆိုတဲ့ သတင်းတွေကခနခနကြုံရတယ် ဟုတ်ဟုတ်မဟုတ်ဟုတ်ပြည်သူတွေက စစ်ကြောင်းဝင်လာတော့မယ်လို့ကြားရင်တော့ကြောက်လန့်ပြီးတိမ်းကြရှောင်ကြရတာ”လို့ အသက် ၃၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
မော်လူးမြို့အပါ အင်းတော်မြို့နယ်တစ်ခုလုံးကိုစစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကနေ ဖုန်းနဲ့အင်းတာနက်လိုင်းတွေဖြတ်တောက်ထားတဲ့အတွက်တပ်ထောက်ခံသူ အခုလိုပြည်သူတွေကြားမှာအလွယ်တကူ သတင်းတု၊သတင်းမှားတွေဖြန့်လို့နေရဖြစ်တယ်လို့ သိရပါတယ်။
“အရပ်ထဲတစ်ယောက်တဆင့်တယောက်တဆင့်ပြောကြတာပေါ့ ဘယ်နေ့မှာစစ်ကြောင်းထိုးမှာတဲ့ ကိုးလပိုင်းကိုးရက်နေ့နော် လကုန်ခါနီးဆိုရင်လည်းလကုန်ဘယ်နေ့စစ်ကြောင်းထိုးမှာတဲ့နော်ဆိုပြီးအဲ့လိုဆိုက်ဝါးထည့်တာပေါ့ ။ပြည်သူတွေက ကြောက်လို့ရှောင်ကြတာပေါ့”လို့ နောက်ထပ်အမျိူးသားတစ်ဦးက ဆက်ပြောပါတယ်။
အခုလိုသတင်းတု၊မှားတွေကြောင့် မြို့ခံပြည်သူ ငါးပုံတစ်ပုံခန့်ဟာတစ်လကို အနည်းဆုံးနှစ်ကြိမ်ထက်မနည်း မြို့နဲ့ နီးတဲ့တောတောင်တွေ၊ရွာတွေဘက်မှာ ယာယီတိမ်းရှောင်မှုတွေလုပ်နေရပြီး အများစုက တိမ်းရှောင်ဖို့အသင့်ပြင်ဆင်ပြီး နေနေရတဲ့အခြေအနေမျိုးတွေရှိတယ်လို့ မြို့ခံတွေဆီကနေစုံစမ်းသိရှိရပါတယ်။
သတင်းတုတွေကိုဘယ် သူဘယ်ဝါတွေက ဖြန့်နေသလဲဆိုတာကိုတော့ မြို့အုပ်ချုပ်ရေးပိုင်းနဲ့တာဝန်ရှိသူတွေက လိုက်လံစုံစမ်း နေဆဲဖြစ်တယ်လို့သိရပါတယ်။
KIA၊PDF နဲ့ မဟာမိတ်တပ်တွေရဲ့ မော်လူးမြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေထဲက ၉၀ ရာခိုင်နှုန်း မြို့ပေါ်ပြန်ရောက်ပြီး ပုံမှန်လိုမျိုး နေထိုင်နေကြပြီဖြစ်ပေမယ့် သတင်းတု၊သတင်းမှားတွေကပြည်သူတွေအတွက် စိန်ခေါ်မှုတစ်ခုလိုဖြစ်နေတယ်လို့မော်လူးမြို့ခံတွေကဆိုပါတယ်။
မော်လူးမြို့ဟာ ကချင်ပြည်နယ်ထဲက မိုးညှင်းမြို့နယ်ထဲထိစပ်နေပြီး ကုန်းကြောင်းဖြင့် မြစ်ကြီးနား၊ မိုးညှင်းဘက်ကနေ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာနိုင်တဲ့ လမ်းကြောင်းပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် သန်ခေါင်စာရင်းအရ မော်လူးမြို့ဟာလူဦးရေ ၈၀၀၀ ကျော်နေထိုင်တဲ့ မော်လူးမြို့ကို KIA၊PDF၊ ABSDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
By – Zaw Zaw



