နာဂလူငယ်တွေကိုပစ်မှတ်ထား ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO ထုတ်ပြန်
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ စစ်ကောင်စီတပ် ခရီးသွားလာတဲ့ နာဂလူငယ်တွေကို ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ နာဂဒေသထဲက ခန္တီး – လဟယ်လမ်းပိုင်းနဲ့ လေရှီး–ဆင်သေ၊ ထမံသီလမ်းပိုင်းမှာ နာဂလူငယ်တွေနဲ့အသက်မပြည့်သေးတဲ့ လူငယ်တွေကို ဖမ်းဆီးနေကြောင်း (NSO)က ဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်ပြီးနောက် နာဂဒေသရှိ လူငယ်တွေကိုရပ်ရွာထဲအထိ အတင်းအဓမ္မဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တဲ့အပြင် ဒီနောက်ပိုင်း ခရီးသွားလာနေတဲ့လူငယ်တွေကိုပါ ပစ်မှတ်ထားဖမ်းဆီးတာ၊ အသက်မပြည့်သေးတဲ့လူငယ်တွေကိုဖမ်းဆီးတာတွေခပ်စိပ်စိပ်လုပ်ဆောင်နေတယ်လို့လည်း NSO အဖွဲ့တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။
“အစကတော့ ခန္တီးမြို့ထဲအထိဝင်ဖမ်းတယ် အရပ်ဝတ်တွေနဲ့ဖမ်းတယ် ဒီနောက်ပိုင်း လူငယ်တွေကအိမ်ထဲမှာမလုံခြုံတော့ တခြားနေရာကိုရှောင်ကြ လူမရတော့တဲ့အခါသူတို့က ခရီးသွားတဲ့လူငယ်တွေ၊ကားနောက်လိုက်တဲ့လူတွေကိုဖမ်းတာတွေလုပ်နေတယ် အများကြီးအဖမ်းခံလိုက်ရတယ် ခန့်မှန်းခြေ ၁၀၀ လောက်တော့ရှိပြီဖမ်းထားတာ”လို့ NSO အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ခန္တီး၊လဟယ်မြို့ပေါ်တွေမှာ အိမ်စီးကားသုံးပြီး အရပ်ဝတ်တွေနဲ့လူငယ်တွေကိုဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့အတွက်လူငယ်အများစု တိမ်းရှောင်တာတွေများလာတာကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနောက်ပ်ိုင်းကနေတော့ ခရီးသွားတဲ့လူငယ်တွေကိုပစ်မှတ်ထားလာတာလို့သိရပါတယ်။
“ဒီနောက်ပိုင်းတော့ သူတို့လည်းစစ်ကြောင်းထိုးပြီး ခန္တီး–လဟယ်လမ်းပိုင်းတို့ ဆင်သေ–လေရှီး ထမံသီလမ်းပိုင်းတို့မှာခရီးသွားတဲ့လူငယ်တွေကိုစောင့်ပြီးဖမ်းတာ အခုအထိ မိဘတွေနဲ့အဆက်အသွယ်မရသေးတဲ့လူငယ်တွေ ရာဂဏန်းလောက်ရှိတယ်သူတို့ဖမ်းသွားလို့”ဟု အထက်ဖော်ပြပါတာဝန်ရှိသူကဆက်ပြောပါတယ်။
NSO ရဲ့ပြောပြချက်အရ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖမ်းဆီးခံရတဲ့ နာဂလူငယ် တစ်ရာနီးအထိရှိပြီး မိဘတွေနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ အခုလိုခရီးသွားလူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတဲ့အတွက် နာဂလူငယ်တွေ ကျန်းမာရေး၊ပညာရေးနဲ့စီးပွားရေးစတဲ့ကဏဏ္ဍာစုံမှာ ထိခိုက်နစ်နာမှုတွေများစွာရှိလာနေတယ်လို့ လဟယ်မြို့ခံလူငယ်တစ်ဦးက KNG ကိုပြောပါတယ်။
“လမ်းမှာတားပြီးဖမ်းတော့သွားလာရခက်ခဲသွားတာပေါ့ ၈ လပိုင်းမှာအဝေးသင်အပ်ရမှာဘယ်သူမှကျောင်းသွားမအပ်ဖြစ်ကြဘူး။ ပြီးတော့ဒီဘက်မှာကမိဘတွေဗမာစကားမပြောတတ်ကြတာများတယ် မိဘတွေဖျားနာလို့နည်းနည်းသိတတ်တဲ့ကျနော်တို့လူငယ်တွေက မြို့ပေါ်ဆေးရုံကိုခေါ်သွားရအောင်လည်းဖမ်းတယ်ဆိုတော့ဆေးသွားမကုနိုင်တဲ့မိဘတွေလည်းအများကြီးရှိတယ်”လို့ အသက် ၃၀ ကျော်အရွယ် လူငယ်တစ်ဦးကပြောပါတယ်။
ခန္တီး၊လဟယ်နဲ့လေရှီးဒေသတွေမှာတော့ စစ်ကောင်စီတပ်နဲ့နားလည်မှုယူထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K(ဗိုလ်ချုပ်အန်းမိုင်း) အဖွဲ့က စိုးမိုးထားတာဖြစ်ပြီး ယင်းအဖွဲ့က စစ်ကောင်စီအနေနဲ့ နာဂဒေသမှာ လူငယ်တွေကို မတရားဖမ်းဆီးတာမျိုးမလုပ်ဖို့ NSO ကသတိပေးထုတ်ပြန်တာမျိုးရှိခဲ့ပါတယ်။
လေရှီးမြို့ပေါ်မှာပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက စစ်ကောင်စီပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုကြိုဆိုကြောင်းကိုပြည်သူ့တစ်ချို့ကထောက်ခံပွဲတွေပြုလုပ်ခဲ့တာရှိပါတယ်။
နာဂ ကျောင်းသားများအဖွဲ့အစည်း (NSO) စစ်ကိုင်းတိုင်း လဟယ်မြို့မှာ အခြေစိုက်ထားပြီး လက်ရှိ နာဂကျောင်းသားအရေးနဲ့ လူငယ်များအရေး တက်ကြွလှုပ်ရှားနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
By – Zaw Zaw



