လိုင်ဇာ – မိုင်ဂျာယန်လမ်းလုပ်တဲ့ အလုပ်သမားတွေကို တရုတ်ကုမ္မဏီက လုပ်အားခခေါင်းပုံဖြတ်နေ
လိုင်ဇာ – မိုင်ဂျာယန်လမ်းလုပ်တဲ့ အလုပ်သမားတွေကို တရုတ်ကုမ္မဏီတွေက လုပ်အားခအပြည့်မပေးပဲ ခေါင်းပုံဖြတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လိုင်ဇာနဲ့ မိုင်ဂျာယန်လုပ်ဖို့ KIO အစိုးရငှားရမ်းထားတဲ့က တရုတ်ကုမ္မဏီရဲ့လုပ်ငန်းရှင်တွေဟာအလုပ်သမားတွေကို လစာမပေးတဲ့အပြင် ကျေနပ်မှုမရှိပါက ကြိုက်တဲ့နေရာ တိုင်တန်းနိုင်ကြောင်းပြောဆိုနေတယ်လို့ လမ်းလုပ်တဲ့အလုပ်သမားတွေ KNG ကိုပြောပါတယ်။
“အဲမှာစက်ပြင်သမားတွေ၊ ထမင်းချက်တဲ့သူတွေ အလုပ်လုပ်ဖို့ ခေါ်ထားတဲ့သူတွေအားလုံးကို လစာက တစ်ဝက်လောက်ပဲ ပေးချေပြီး မောင်းမောင်းထုတ်လိုက်ကြတာ။ ကျနော်တို့ကို ဆိုရင် တစ်ဝက်တောင် မချေပေးဘူး။ ပေးပါလို့ ပြောလည်း မပေးဘူး။ ကျနော်တို့လည်း သူတို့ခိုင်းသမျှ အားလုံးလုပ်ပေးပါတယ်။ ပြောရင်လည်း အဲဒီတရုတ်တွေက ကြိုက်တဲ့နေရာသွားတိုင် ပဲ ပြောတယ်။ တိုင်မဲ့နေရာလဲမသိ၊ အဲမှာဆက်လုပ်နေရင်လည်း လုပ်အားခ တစ်ပြားမှမရလို့ ခိုးပြန်လိုက်ကြတဲ့သူတွေ ရှိတယ်”လို့ မိုင်ဂျာယန်– အင်ခေါင်းပါကြား လမ်းလုပ်ဆိုဒ်တစ်ခုမှာအလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတစ်ဦးက KNG ကချင်သတင်းဌာနကို ပြောပါတယ်။
KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ အင်ခေါင်းပါကနေ မိုင်ဂျာယန်အထိလမ်းလုပ်ဖို့ တာဝန်ခံထားတဲ့ တရုတ်လုပ်ငန်းရှင်တွေက အလုပ်သမားတွေကို ခေါ်ယူပြီး လစာအပြည့်မပေးပဲ တစ်ဝက်သာ ရှင်းပေးတာ၊တစ်ချို့အလုပ်သမားများကို လစာလုံးဝမပေးပဲ အတင်းအဓမ္မခိုင်းတာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် အလုပ်သမားတွေဟာ လုပ်အားခအပြည့်ရဖို့ စောင့်ဆိုင်းနေသူတွေရှိသလို သုံးလခန့်ရှိလာပေမယ့် လစာတစ်ပြားတစ်ချပ်မှမရတဲ့အတွက် ခိုးပြန်တဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
နဂိုရှိရင်းစွဲ အလုပ်သမားတွေကို လစာရှင်းပေးခြင်းမရှိပဲ ပြီိးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က တရုတ်ဆောက်လုပ်ရေးကုမ္မဏီဆိုဒ်က ခေါင်းဖြူလို့ခေါ်ကြတဲ့ တရုတ်မန်နေဂျာအမျိုးသားဟာ စက်ယန္တရားတွေပြင်ဖို့ တစ်လ ယွမ်ငွေ ၈၀၀၀ ပေးမယ်လို့ ဆိုပြီး အလားတူအလုပ်သမားတွေကို ထပ်မံခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
အဲဒီလုပ်ငန်းဆိုဒ်မှာ စက်ပြင်ဖို့ထပ်မံခေါ်ထားတဲ့ အလုပ်သမားတွေက ကား၊ ဘတ်ဖော နဲ့ စက်ယန္တရားအားလုံးကို ပြင်ရပြီး တစ်လကျော်လာတဲ့အထိ လုပ်အားခရှင်းမပေးတာကြောင့် လုပ်အားခမရပဲ ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။
“အဲမှာ အလုပ်လုပ်နေတဲ့သူအားလုံးပဲ အလုပ်ဆက်လုပ်မယ်ဆိုလဲ အပြည့်ပေးမယ်မပြောဘူး။ တစ်ဝက်ပဲတဲ့။ အဲဒီတစ်ဝက်ကိုတောင် ဟိုနေ့ပေးမယ်၊ ဒီနေ့ပေးမယ်ပြောပြီး ပေးမလာပါဘူး။ ကျနော်တို့ အချိန်တစ်ခုထိ စောင့်ခဲ့ပါသေးတယ် ပေးမလာပါဘူး။ လစာအပြည့်ရတဲ့သူ မရှိဘူး။ ခေါ်တုန်းကလစာနဲ့ ပေးတဲ့လစာနဲ့လဲ ကိုက်ညီမှုမရှိပါဘူး။ လစာမရတဲ့သူလဲများပါတယ်။ အဲမှာရှိတဲ့ တရုတ်စာကားပြန်ကလည်း ပြန်ခိုင်းသလိုမပြန်ပေးပဲ ထိန်ချန်ထားတာတွေ ပြီးတော့ တရုတ်ဖက်ပါပြီး အလုပ်သမားတွေကိုအပေါ် ဖိတာတွေရှိနေပါတယ်”လို့ လမ်းလုပ်ဆိုဒ်ကနေ လုပ်အားခ တစ်ပြားမှမရလာပဲ ပြန်လာခဲ့တဲ့ အလုပ်သမားက ဆက်ပြောပါတယ်။
ဒါ့အပြင် တရုတ်လုပ်ငန်းရှင်တွေက ဆောက်လုပ်ရေးဆိုဒ်က အလုပ်သမားတွေနဲ့ စက်ပြင်သမားတွေကို ဝါးမြစ်တွေသွားရှာချိုးခိုင်းတာတွေ၊ တဲတွေဆောက်ဖို့ ဝါးသွားခုတ်ခိုင်းတာတွေ လုပ်ခိုင်းချိန် ဝါးပိုင်ရှင်တွေနဲ့ ပြဿနာဖြစ်ခဲ့ချိန်လည်း ဘာမှ တာဝန်ယူပေးခြင်းမရှိဘူးလို့ သူက ပြောပါတယ်။
KIO အစိုးရရဲ့ စီမံကိန်းအောက် လမ်းခင်းဆောက်လုပ်ရေးတာဝန်ယူထားတဲ့ တရုတ်ကုမ္မဏီ လုပ်ငန်းရှင်တွေဘက်က အခုလို အလုပ်သမားတွေကိုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုနဲ့လုပ်အားခမပေးပဲ ခေါင်းပုံဖြတ်နေမှု အခြေအနေတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တရုတ်ကုမ္မဏီဆိုဒ်နဲ့ KIO အစိုးရထံ KNG က ဆက်သွယ်မေးမြန်းရာ အဲဒီဘက်လမ်းခင်းတာမျိုးလည်းမရှိသလို ဘာမှမသိရဘူးလို့ KIO သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှိူးကြီးနော်ဘူက ပြောပါတယ်။
လိုင်ဇာ – မိုင်ဂျာယန် လမ်းဆောက်လုပ်ရေး လုပ်ငန်းဆိုဒ်တွေထဲ အလုပ်သမားအများပိုင်းက အဝေးကလာရောက်လုပ်ကိုင်သူတွေများပြီး စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းပြည်နယ်အပြင် မြစ်ကြီးနား၊ ဒေါ့ဖုန်းယန် စတဲ့နယ်အသီးသီးက အလုပ်သမားတွေ လာရောက်လုပ်ကိုင်ကြတာလို့ သိရပြီး လုပ်အားခရရှိဖို့ သက်ဆိုင်ရာ KIOအစိုးရ အနေနဲ့တာဝန်ယူဖြေရှင်း ပေးကြဖို့ကိုလည်း အလုပ်သမားတွေ မျှော်လင့်နေကြပါတယ်။
ဒီလမ်းကို ပြီးခဲ့၂၀၂၄ ခုနှစ်ကစလို့ လမ်းခင်းဖို့ စီမံကိန်းချခဲ့တာဖြစ်ပြီး ဒီလမ်းတွေကို တာ၀န်ယူလမ်းခင်းဖို့ အဲဒီဒေသက မြေရှားသတ္တုတူးဖော်တဲ့ ကုမ္မဏီတွေနဲ့ လက်တွဲတာ၀န်ပေးထားတယ်လို့ ဒေသခံတွေ ဆိုပါတယ်။
By – ဂျာဘောက်ရာ



