ကချင်ပြည်နယ် ခေါင်လန်းဖူးမြို့နယ် KIA ပူးပေါင်းတပ် တွေထိန်းချုပ်ထားတဲ့ လာဟီဆင် စခန်းဘက်ကို ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။
ခေါင်လန်းဖူးမြို့နယ်နဲ့ လန်ဆယ်မြို့ကို သွားတဲ့လမ်းပိုင်းရှိ လာဟီဆင်စခန်းဘက်ကို ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်က စက်တင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး အင်အား ၃၀၀ ဝန်းကျင်နဲ့ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ပြန်ကြားရေးတာဝန်ခံဦးခွမ်စိုင်းခမ်ကပြောပါတယ်။
“ကျွန်တော်တို့ထိုင်တဲ့ဘက်ကိုသူတို့ကဝင်လာတော့ထိတွေ့မှုဖြစ်တာ သူတို့က ပြန်ဆုတ်တယ်ဆိုပေမယ့် လုံးဝဆုတ်သွားတာမဟုတ်ဘူး လန်ဆယ်– ခေါင်လမ်ဖူးလမ်းကြားမှာပဲရှိနေသေးတယ်။ ဘယ်ချိန်မဆိုတိုက်ပွဲကထဖြစ်နိုင်တယ်အဲ့မှာအင်အားတိုးချဲ့နေတယ်”လို့သူကပြောပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်ဘက်က အထိနာနေပြီးရှေ့ကိုတိုးလို့မရတာကြောင့် စစ်ကောင်စီတပ်ဘက်ကလေကြောင်းသုံးပြီးတိုက်ခိုက်နေကြောင်းသိရပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ကနေ ဒီမနက်ပိုင်းအထိ မြေပြင်မှာနှစ်ဖက် ထိတွေ့တိုက်ပွဲမှာ လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တာအပြင် လေကြောင်းဗုံးကြဲခံရပြီး တိုက်ပွဲပြင်းထန်တာ ၄ ရက်အထိရှိလာပြီဖြစ်ကြောင်းသိရပါတယ်။
လက်ရှိ KIAနဲ့ပူးပေါင်းတပ်တွေထိုင်ထားတဲ့ လာဟီဆင်စခန်းကုန်းနဲ့ မျက်နှာချင်းဆိုင်ထားတဲ့ တောင်ကုန်းတစ်ခုပေါ်မှာ ခေါင်လန်းဖူးပြည်သူ့စစ်တပ်စခန်းကုန်းတစ်ခုထိုင်ထားပြီး အဲ့ဒီစခန်းကနေတဆင့် စစ်ရေးကြိုတင်ပြင်ဆင်ပြီးမှ အခုလိုစစ်ကြောင်းထိုးလာတာလို့ အထက်ဖော်ပြပါတာဝန်ရှိသူကဆက်ပြောပါတယ်။
“အရင်ကျနော်တို့ လာဟီဆင်စခန်းသိမ်းတုန်းက ဆုတ်သွားတဲ့ပြည်သူ့စစ်တွေက ကျနော်တို့နဲ့မျက်နှာချင်းဆိုင်တောင်ကုန်းတစ်ခုမှာပြန်တပ်ထိုင်တယ် စစ်အင်အားတိုးချဲ့ပြီး အဲ့ကနေစထိုးတာထောက်ပို့တွေကောအပါဆိုရင်အားလုံး အင်အား ၃၀၀ ကျော် ၄၀၀ လောက်နဲ့လာတာ အခုလမ်းခုတ်မှာပဲရှိတယ်သူတို့”လို့သူကဆက်ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ကနေ ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ခေါင်လန်ဖူးပြည်သူ့စစ်ဘက်က အထိအခိုက်များတာကြောင့် ရှေ့ဆက်မတိုးနိုင်သေးပဲ လာဟီဆင်စခန်းနဲ့ လက်ရှိ ခေါင်လန်းဖူးပြည်သူ့စစ်တွေထိုင်ထားတဲ့ တပ်စခန်းနှစ်ခုကြားမှာ ယာယီတပ်ချနေကြောင်းသိရပါတယ်။
ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ လာဟီဆင်စခန်းကိုပြန်သိမ်းဖို့ ပြီးခဲ့တဲ့မေလကတည်းကနေ စစ်ရေးပြင်ဆင်နေပြီး မေလနဲ့စက်တင်ဘာလ ကြားထဲမှာလည်း နှစ်ကြိမ်ထက်မနည်းထိုးစစ်ဆင်လာတာရှိပေမယ့် KIAနဲ့ပူးပေါင်းတပ်တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်အထိနာပြီးပြန်ဆုတ်ခွာသွားကြတာလို့သိရပါတယ်။
လက်ရှိ ထိုးစစ်မှာ ပြည်သူ့စစ်ဘက်က အသုံးပြုနေတဲ့ စစ်သည်အင်အား ၃၀၀ ဝန်းကျင်ထဲမှာတော့ ယခုနှစ် နှစ်ဆန်းပိုင်းက နောင်မွန်း၊ ခေါင်လန်ဖူးမြို့ပေါ်တွေကနေ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်ထဲမဝင်မနေရစနစ်နဲ့ တပ်သားစုဆောင်းထားတဲ့ လူငယ်တွေအများပိုင်းပါဝင်နေကြောင်းသိရပါတယ်။
လာဟီဆင်စခန်းဟာ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်မှာရှိပြီး ဆော့လော်မြို့နယ်ထဲကရွှေမှော်ဒေသဖြစ်တဲ့ လန်ဆယ်သွားတဲ့လမ်းပိုင်းမှာရှိတာဖြစ်ပါတယ်။
လန်ဆယ်မြို့ကို ၂၀၂၅ မတိုင်မှီအထိ စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တွေထိန်းချုပ်ထားရာကနေ KIA နဲ့ပူးပေါင်းတပ်တွေ ၂၀၂၄ အောက်တိုဘာလမှာ သိမ်းယူလိုက်တာဖြစ်ပါတယ်။
လက်ရှိထိုးစစ်ဆင်နေတဲ့ လာဟီဆင်စခန်းကိုတော့ KIAနဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာထိန်းချုပ်ထားတာဖြစ်ပါတယ်။
လာဟီဆင်စခန်းဟာ ခေါင်လန်ဖူးဒေသကနေ လန်ဆယ်၊ချီဖွေ၊ပန်ဝါဘက်တွေအထိကုန်းကြောင်းကနေထိုးဖောက်ဝင်ရောက်နိုင်တဲ့လမ်းကြောင်းပေါ်မှာရှိနေတာကြောင့် စစ်ကောင်စီနဲ့ခေါင်လန်ဖူးပြည်သူ့စစ်တွေအတွက်အရေးပါသလို တစ်ဖက်မှာလည်းလန်ဆယ်၊ ချီဖွေနဲ့ပန်ဝါကိုထိန်းချုပ်ထားတဲ့ KIAနဲ့ပူးပေါင်းတပ်တွေအတွက် စစ်ရေးအရအရေးပါနေတာဖြစ်ပါတယ်။
By – Zaw Zaw



