တိုက်ပွဲလူ့အခွင့်အရေးချိုးဖောက်မှု

ဆဒုံးမြို့စျေးတန်း ဗုံးကြဲတိုက်ခံရမှုမှာ ကလေးအပါအဝင် အရပ်သား ၈ ဦးသေဆုံး

ဝိုင်းမော်မြို့နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၆ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့်အချိန်မှာ စစ်ကောင်စီက ဆဒုံးမြို့တွင်းစျေးတန်း နဲ့ တောင်ကုန်းနေရာတွေကို ပစ်မှတ်ထားပြီး လေယာဉ် ၄ ကြိမ်ထက်မနည်း ပစ်ခတ်သွားတယ်လို့ KIO ပြောပါတယ်။

ညနေ ၂ နာရီခွဲအချိန်မှာ မြစ်ကြီးနားက တက်လာတဲ့ ဂျက်လေယာဉ် ၂ စီးက ဆဒုံးစျေးတန်းနဲ့ တောင်ကုန်းနေရာတွေကို ဗုံး ၄ ကြိမ် ပစ်သွားတယ်။ အဓိကတော့ စျေးတန်းနေရာမှာ ပစ်ခတ်ခံရတာကြောင့် အရပ်သားသေဆုံးမှုများတယ်။ ပြီးရင်လည်း အဲဒီအချိန်က ကျောင်းသားတွေ ကျောင်းဆင်းတဲ့အချိန်ဖြစ်တဲ့အတွက် သေဆုံးမှုထဲမှာ ကျောင်းသားတွေလည်းပါတယ်။ နောက်ပြီး စျေးတန်းထဲက ပြည်သူတစ်ချို့လည်းပါတယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

ဂျက်လေယာဉ် ၂ စီးဟာ မြစ်ကြီးမြို့ဘက်ကနေ တက်လာပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စျေးတန်းနေရာက အဆောက်အဦးများနဲ့ လူနေအိမ်များအပြား ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပြောပါတယ်။

အရပ်သားပြည်သူ သေဆုံးမှု ၈ ဦးထဲမှာ ကျောင်းသား ကလေးငယ် ၃ ဦးပါဝင်ပြီး ကျန် ၅ ဦးက သက်ကြီး လူလတ်ပိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ၆ ဦးကို ဆေးကုသနိုင်တဲ့ နေရာကို ပို့ဆောင်လိုက်ပြီဖြစ်ပြီး ထိခိုက် သေဆုံးမှုဟာ လက်ရှိစားရင်းထက်လည်း ပိုများနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။

ဆဒုံးမြို့လယ်စျေးတန်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ကလေးငယ်တစ်ဦး သေဆုံးနေတဲ့မြင်ကွင်း

လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲမှာ ဦးမာမူလဲ့၊ အသက် ၃၀ အရွယ် ဒေါ်တိန့်လွေ၊ အသက် ၅၀ အရွယ် မစန္ဒာ၊ ဦးအာရွက် ဆိုသူရဲ့ အမျိုးသမီး နဲ့ သားဖြစ်သူအပါ၊ ကျောင်းသားတစ်ဦး၊ နောက်ထပ် အမည်မသိအမျိုးသားတစ်ဦးပါဝင်တယ်လို့ သိရပါတယ်။

စစ်တပ်က တိုက်ပွဲနေရာမဟုတ်တဲ့ ဆဒုံးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပြပါတယ်။

ဆဒုံးမြို့ကလည်း စစ်တပ်က လက်လွတ်လိုက်ရတဲ့ နေရာလည်းဖြစ်တယ်။ ပြီးရင် ဝိုင်းမော် လမြန်ဘက်မှာ ပုံမှန် ထိုးစစ်ဆင် တိုက်ပွဲတွေဖော်ဆောင်နေတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ သူတို့လက်လွတ်လိုက်ရတဲ့ နေရာတွေကို ရသလောက် ပြန်ယူဖို့လုပ်နေတယ်လို့မြင်တယ်။ ပြီးရင် လက်လွတ်လိုက်တဲ့ နေရာတွေကို KIO အစိုးရက အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာကိုမကြိုက်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် အခုလို ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့ပြောပါတယ်။

စစ်တပ်ရဲ့ လေယာဉ်ဗုံးကြောင့်သေဆုံးသွားတဲ့ ကလေးငယ် နှစ်ယောက်

အခုလို တိုက်ပွဲမရှိတဲ့အပြင် အရပ်သားပြည်သူတွေပဲ နေထိုင်တဲ့နေရာမှာ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ် ကျူးလွန်မှုသာဖြစ်တယ်လို့ ပြောပါတယ်။

ဆဒုံးကန်ပိုင်တည် ကုန်သွယ်ရေးလမ်းမပေါ်ရှိ မြို့များကို ၂၀၂၄ ခုနှစ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားတာ တစ်နှစ်ကျော်ခန့်ကြာမြင့်လာတဲ့အပြင် KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆဒုံးဒေသခံအမျိုးသားတစ်ဦးက “ဒီဖြစ်စဉ်ကိုကြည့်ရင် လေယာဉ်ဗုံးလာပစ်တဲ့ နေရာက စစ်နဲ့ သက်ဆိုင်တဲ့သူတွေ ဘယ်သူမှ မရှိဘူး။ စစ်တပ်နေရာလည်း မရှိဘူး။ အရပ်သားပြည်သူသီးသန့်ရှိတဲ့ နေရာပဲဖြစ်တယ်။ အဲ့လိုနေရာမှာ လာပစ်တာ။ ဒီအခြေအနေကို ကြည့်ရင် စစ်တပ်က ပြည်သူကို ရန်သူသတ်မှတ်ပြီးတိုက်ခိုက်နေတာ။ စစ်နဲ့ဆိုင်ပြီး ဘာတစ်ခုမှ မဖြစ်သွားဘူး။ ပြည်သူလူထုတွေပဲဖြစ်သွားတာ။ တကယ်စိတ်မကောင်းစရာပါပဲ” လို့ ပြောပါတယ်။

ဆဒုံးမြို့လည် စျေးတန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နေအိမ်အပါအဝင် ဆိုင်ခန်း ၁၀ ခန်းကျော် တစ်စစီ ထိခိုက်ပျက်စီးသွားတယ်လို့ ဆဒုံးဒေသခံတွေ ပြောပါတယ်။

လေယာဉ်ဗုံးထိမှန်ပြီး ထိခိုက်ပျက်စီးသွားတဲ့အခြေအနေ

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲကတည်းက ချီဖွေ၊ ဆဒုံး၊ ကန်ပိုင်တည်နဲ့ ပန်ဝါဒေသတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းလာတာကြောင့် ပြည်သူ့စစ်အင်အား အများအပြား အသုံးပြုပြီး ဝိုင်းမော်မြို့နယ် လမြန်စစ်မျက်နှာကနေ ထိုးစစ်ဆင် တိုက်ပွဲဖော်ဆောင်နေသလို ခေါင်လန်ဖူးမြို့နယ်မှတဆင့် ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာဖက်ကိုလည်း ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဩဂုတ်လနဲ့ စက်တင်ဘာလဆန်းပိုင်းအထိ ဖြစ်ပွားတဲ့ ဝိုင်းမော် တိုက်ပွဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိခိုက်သေဆုံးမှုများတဲ့အတွက် ဝူယန်ကျေးရွာအထိ ပြန်ပြီးတပ်ဆုတ်ခဲ့ရသလို ခေါင်လန်ဖူး ထိုးစစ်မှာလည်း စစ်တပ်က နောက်ဆုတ်နေရတာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ ဝိုင်းမော်စစ်မျက်နှာသို့ စစ်ကူအဖြစ်ရောက်ရှိလာတဲ့ တနိုင်း အခြေစိုက် ခမရ ၃၁၈ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံးခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button