မူးယစ်ဆေးဝါးသတင်း

မှော်ဆီစာရှိ မူးယစ်ဆေးသမား ရာချီနေထိုင်တဲ့ အဆောက်အဦးကို Pat Jasan အဖွဲ့ သွားရောက်ရှင်းလင်းဖျက်ဆီး

မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်သူ စုစုပေါင်း ၂၀၀ ခန့်ဖမ်းဆီးနိုင်

ဖားကန့်ဒေသ မှော်ဆီစာကျေးရွာအနီး သာယာကုန်းနဲ့ ကုဋေမှော်ရွာနှစ်ခု ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးနဘေးရှိ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ရာနဲ့ချီ အုပ်စုဖွဲ့ နေထိုင်တဲ့ အဆောက်အဦးတဲနေရာတွေကို ဖားကန့် ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး Pat Jasan အဖွဲ့က သွားရောက်ရှင်းလင်း ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်လောက်မှာ Pat Jasan အဖွဲ့က အဆောက်အဦးတွေကို သွားရောက်ရှင်းလင်းခဲ့တဲ့အပြင် တုံဖုံးကား ၂ စီးနဲ့ မူးယစ်ဆေးဝါးစွဲသူ၊ ရောင်းဝယ်သူ စုစုပေါင်း ၂၀၀ ဝန်းကျင်ခန့်ကို သွားရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖားကန့် Pat Jasan တာဝန်ရှိသူတစ်ဦးပြောပါတယ်။

ဆက်သွယ်ရေးရုံး၊ တာဝါတိုင်ရှိတဲ့ အနီးမှာ အုပ်စုလိုက်ရှိနေကြတဲ့ မူးယစ်ဆေးဝါး၊ ရောင်းဝယ်ဖောက်ကားသူတွေရဲ့ နေရာတွေကို သွားရောက် ရှင်းလင်းဖျက်ဆီးခဲ့တဲ့ အခြေနေပါပဲ။ ဦးဆောင်ပြီးလုပ်တာက ဖားကန့်ဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီအဖွဲ့ ဦးဆောင်တယ်။ အခုလို ဘာလို့လုပ်ဆောင်လာသလဲဆိုတော့ ပြည်သူလူထုတွေ မနက်၊ ညမနား လုပ်ကိုင်စားသောက်ဖို့ သွားလာဖြတ်သန်းတဲ့ နေရာဖြစ်နေတယ်။ ကြာလာတော့ ပွဲနေရာလိုဖြစ်လာတယ်။ အခုလိုလုပ်တာလည်း ဘေးပတ်ဝန်းကျင်မှာ စျေးဆိုင်တွေအများကြီးရှိတာဟုတ်တယ်။ ပြည်သူတွေရဲ့ လုံခြုံရေးကို စိုးရိမ်ပေးရတယ်လို့ပြောပါတယ်။

အဲ့ဒီနေရာဟာ ဂေါက်ကွင်း၊ စျေးတန်းနေရာအနီး လမ်းမကြီးပေါ်မှာတည်ရှိနေပြီး မူးယစ်ဆေးဝါး၊ ရောင်းဝယ်ဖောက်ကားသူတွေ တစ်ရက်ကို ၂၀၀ ဝန်းကျင်အထိ အုပ်စုဖွဲ့နေထိုင်တဲ့ နေရာဖြစ်တယ်လို့သိရပါတယ်။ 

Pat Jasan အဖွဲ့တွေ သွားရောက်ရှင်းလင်း မဖျက်ဆီးခင်အထိ ပြည်သူတွေလူထုတွေ သွားလာရေးအတွက် စိုးရိမ်ရတဲ့အပြင် လမ်းသွားလမ်းလာ ပြည်သူတွေ ခိုးဆိုးလုယက်မှုတွေမကြာခဏကြုံတွေ့နေရပြီး အနီးတဝိုက်ရှိ စျေးဆိုင်၊ နေအိမ်တွေရှိ တန်ဖိုးရှိပစ္စည်းတွေ ပျောက်ဆုံးမှုတွေလည်း ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲ ၊ ရောင်းဝယ်တဲ့ နေရာက ဖမ်းဆီးသွားတဲ့ အယောက် ၂၀၀ ခန့်ကို လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆက်ပြောပြပါတယ်။ 

ကျနော်တို့ ခေါ်ဆောင်သွားတယ်ဆိုတာကလည်း လက်ရှိ စစ်ရေးအခြေအနေအရ စစ်ဆေးမေးမြန်းသင့်တဲ့ နေရာကို ခေါ်ဆောင်သွားတာဖြစ်တယ်။အဲ့ဒီနေရာမှာ အချိန်ယူပြီး စစ်ဆေးနေလို့မရဘူး။ ဘာလို့လဲဆိုတော့ လက်နက်ကြီး၊ ဒရုန်းတွေလည်း အချိန်မရွေးရောက်လာနိုင်တယ်။ အဆောက်အဦးတွေလည်း မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်တဲ့အတွက် ကြာကြာနေလို့မရပါဘူးလို့ဆက်ပြောပါတယ်။ 

လက်ရှိမှာ သောက်သုံးတဲ့ သူတစ်ချို့ကို ပြန်လွတ်ပေးလိုက်ပြီဖြစ်သလို ဘိန်း ၊ဘိန်းဖြူ၊ ရာမ ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိတဲ့ သူတွေကိုတော့ ပြစ်ဒဏ်ချဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

ဖားကန့်မှာ လွန်ခဲ့သော နိုင်ငံရေး၊ အခင်းအကျဉ်းမဖြစ်ခင်ကတည်းက မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ်သူ အလွန်ပေါများပြီး ရယူ ဝယ်ယူဖို့ အလွယ်ကူဆုံးဖြစ်ခဲ့တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ 

ယခု စစ်တပ် အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်းမှာ ယခင်ကထက် ၃ ဆခန့်ဆိုးရွာသွားပြီး လက်ရှိမှာ ဘိန်းဖြူဆိုရင် ကျပ် ၅၀၀ အထိကနေ ဝယ်ယူလို့ရနိုင်သလို ရာမဆေးဝါးက ကျပ်တစ်ထောင်ကနေ ဝယ်ယူလို့ရတယ်လို့ သိရပါတယ်။ စစ်ရေးနိုင်ငံရေးကြောင့် ကုန်စျေးနှုန်း၊ ပစ္စည်းတန်ဖိုးစျေးနှုန်းတွေ တစ်နေ့ထက် ထိုးတက်နေတဲ့အချိန် မူးယစ်ဆေးဝါးပစ္စည်းတွေက စျေးအနှိမ့်ဆုံး ကျပ်တစ်ထောင်အောက်အထိ ဝယ်ယူလို့ရနိုင်တယ်လို့ သိရရှိရပါတယ်။ 

ဒီလိုအခြေအနေရပ်တွေကို စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ ၊ ၂၀၂၀ ဝန်းကျင်အထိ ဖားကန့်ဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး Pat Jasan အဖွဲ့တွေ အရေးယူဆောင်ရွက်တာတွေ ထိရောက်မှုရရှိခဲ့ပေမယ့် ယခုနောက်ပိုင်းမှာ လုံခြုံရေးအရ သွားလာဖို့ ၊ လုပ်ငန်းလုပ်ကိုင်ဖို့ ခက်ခဲသွားတာဖြစ်တယ်လို့ တာဝန်ရှိသူတွေပြောပါတယ်။ 

အလားတူ ကချင်ပြည်နယ်ထဲက ဖားကန့်အပါ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအို စတဲ့ မြို့နယ် ခရိုင်တွေမှာလည်း မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှုတွေ ယခင်ကထက် ပေါ်ပေါ်တင်တင် ရောင်းချလာတဲ့အထိ ဆိုးရွားလာတာမြင်တွေ့ရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button