စစ်ရေးသတင်း

စစ်တပ်က မချမ်းဘော့ဘက် စစ်အင်အားဖြည့်တင်းပြီး လမ်းပိုင်းတစ်ချို့ပိတ်ဆို့ထား

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့အထိုင်တပ် ခ..ရ ၁၃၇ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားဖြည့်နေပြီး လမ်းပိုင်းတစ်ချို့ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက မချမ်းဘော့မြို့ရဲ့အောက်ဘက် မလိခမြစ်အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း စစ်အင်အားဖြည့်လာသလို လမ်းပိုင်းတစ်ချို့ကိုလည်းထိန်းချုပ်ထားတယ်လို့ မချမ်းဘော့မြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ပူတာအိုဘက်ကနေလာပို့တယ်။ တစ်ခါတလေ လက်နက်ခဲယမ်းပါတယ်။ တစ်ခါတလေတော့စစ်သားတွေအပြည့်ပဲပါတယ်။ ဟိုနေ့ နတ်ကျွန်းအောက်ဘက်တိုက်ပွဲဖြစ်ပြီးနောက် အင်အားပိုဖြည့်လာတာလို့ အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် မချမ်းဘော့ဘက်အင်အားဖြည့်နေသလို မချမ်းဘော့အောက် လုံရှာယာန်ဘက်ဆင်းတဲ့ နောင်ခိုင်စက်လှေဆိပ်ကိုလည်းပိတ်ထားကြောင်းသိရပါတယ်။

နောင်ခိုက်စက်လှေဆိပ်ကတော့ပိတ်ထားတုန်းပဲဟုတ်တယ် သွားလို့မရသေးဘူး။ ပြီးတော့ မချမ်းဘော့အရှေ့ဘက် ထန်ဂါးဘက်လည်း သွားလို့တော့ရတယ် အစစ်အဆေးများတယ် ညဘက်တွေဆိုသွားလို့မရဘူး စက်လှေဆိပ်ကတော့လုံးပိတ်ထားတယ်နတ်ကျွန်းဘက်တော့လုံးဝပိတ်ထားတယ်လို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။

စစ်ရေးခြေနေကြောင့် နောင်ခိုင်စက်လှေဆိပ်ပိတ်လိုက်တဲ့အတွက် မလိခမြစ်အောက်ဘက်က ကျေးရွာအသွားအလာပြတ်တောက်နေပြီး မြစ်အောက်ဘက်မှာ စိုက်ပျိုးရေးလုပ်ထားတဲ့ဒေသခံတွေလည်းအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။

မချမ်းဘော့မြို့ဟာ ပူတာအိုမြို့ရဲ့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာမှာရှိတာဖြစ်ပါတယ်။

မချမ်းဘော့ပူတာအိုကားလမ်းပိုင်းကနေတစ်ဆင့် KIA နဲ့ပူးပေါင်းတပ်တွေ ပူတာအိုမြို့ထဲဝင်ရောက်လာနိုင်တာကြောင့် စစ်ကောင်စီတပ်က မချမ်းဘော့မြို့ထဲကိုအင်အားဖြည့်တာ ၊မချမ်းဘော့မြို့ထဲ ဝင်ရောက်နိုင်တဲ့လမ်းပိုင်းတွေကိုထိန်းချုပ်တာတွေလုပ်နေတာဖြစ်ပါတယ်။

စက်တင်ဘာလကုန်းပိုင်းကနေစပြီး KIAပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တွေဟာ ပူတာအိုမြို့ထဲဝင်ရောက်နိုင်တဲ့ ဆွမ်ပရာဘွမ့် ပူတာအိုကားလမ်းပိုင်းနဲ့ နောင်မွန်မချမ်းဘော့ကားလမ်းပိုင်းတွေမှာတိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

ပူတာအိုဘက်တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားလာတဲ့နောက် စစ်ကောင်စီတပ်ဟာ ပူတာအိုမြို့တွင်းမှာလည်းစစ်အင်အားဖြည့်တာ ၊မြို့တွင်းမြို့ပြင်ပုံမှန်စစ်ရေးလှုပ်ရှားတာတွေအပြင် ညဘက် လမ်းဆုံလမ်းခွတွေမှာပုံမှန်စစ်ဆေးရေးလုပ်တာတွေရှိလာနေတယ်လို့သိရပါတယ်။

ထို့အပြင် အောက်တိုဘာလနောက်ပိုင်းကနေစပြီး ပူတာအိုမြို့တွင်းအထိုင်းတပ် ခ..ရ ၄၆ တပ်အနီးက ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာလုံခြုံရေးဂိတ်ထိုင်ပြီး လမ်းပိုင်တွေကို အချိန်အကန့်အသတ်နဲ့ဖွင့်ပေးတာမျိုးတွေလုပ်နေကြောင်းသိရပါတယ်။

ပူတာအိုမြို့နယ်ရဲစခန်းရှေ့ကားလမ်းမတလျှောက်မှလည်း သံဆူးကြိုးတွေ အများအပြားချထားပြီး လုံခြုံရေးတင်းကြပ်ထားကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပူတာအိုမြို့အရှေ့ဘက် ထန်ဂါးကျေးရွာအနီးမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို အောက်တိုဘာ ၁၂ ရက်နေ့ မှာလည်း မြစ်ကြီးနား၊ ပူတာအို ကားလမ်းပိုင်းက တန်ဂျာကျေးရွာအနီးမှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဟီဆင်ဒေသဘက်မှာလည်း စစ်ကောင်စီက ၎င်းတို့လက်လွတ်ခဲ့ရတဲ့ လန်ဟီဆင်စခန်းနဲ့ လန်ဆယ်မြို့ကို ပြန်သိမ်းဖို့  စက်တင်ဘာ ၁၉ ရက်နေ့ကနေ စပြီး ၅ ရက်ခန့်ကြာ ထိုးစစ်ခဲ့ရာနေပူတာအိုဒေသမှာ လက်ရှိအချိန်အထိနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button