နာဂလက်နက်ကိုင်နှစ်ဖွဲ့ကြားက စစ်ရေးပဋိပက္ခနှင့် နာဂဒေသရဲ့ လားရာ

ကချင်ပြည်နယ်အနောက်ဖက် အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ်ခွဲမှာ နှစ်ဆန်းပိုင်းက စတင်ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K (ယုန်းအောင်) အဖွဲ့နဲ့ NSCN-K အန်းမိုင်း အဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားလာပါတယ်။
ဇန်နဝါရီ (၉) ရက်နေ့ ပန်ဆောင်မြို့နဲ့ သုံးမိုင်ကျော်ဝေးတဲ့ ခမ္မတိုင်ကျေးရွာ၊ ဇန်နဝါရီလ ၁၂ ရက်နေ့ တကားကျေးရွာ နဲ့ နာမ်ဖာကျေးရွာကြားတို့မှာ အသီးသီး ဖြစ်ပွားခဲ့တာပါ။ ပထမအကြိမ် ဖြစ်ပွားခဲ့တဲ့ ခမ္မတိုင်ကျေးရွာတိုက်ပွဲမှာ NSCN-K အန်းမိုင်းအဖွဲ့က နှစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် အန်းမိုင်းအဖွဲ့က ခမ္မတိုင်ကျေးရွာမှာ ဝင်တိုက်ခံရတဲ့ဖြစ်စဥ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ယခင် NSCN-K (ခပ္ပလန်) အဖွဲ့ဌာနချုပ် ထိုင်ခဲ့ဖူးတဲ့ တကားကျေးရွာနဲ့ နာမ်ဖာကျေးရွာ ထဲက ယုန်းအောင်အဖွဲ့ရဲ့ ဒေသအခေါ် ၁၈ မိုင်စခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်သာပြည့်သွားသည့်တိုင် အခြားသောတိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေဖြစ်နေပေမယ့် နာဂဒေသမှာတော့ ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ဒီဖြစ်စဥ် နဲ့ ပတ်သက်ပြီး နာဂ အမျိုးသားအရေး တက်ကြွလှုပ်တဲ့ လဟယ်ဒေသခံ အမျိုးသားတစ်ဦးက“ဒီလို ပြည်တွင်းရေး မငြိမ်သက်တဲ့အချိန် ဘုံရန်သူကိုတော်လှန်နေတဲ့အချိန်မှာ ဒီလိုသွေးကွဲနေတော့ တခြားတိုင်းရင်းသားတွေကြားမှာကော ကိုယ့်လူမျိုးအချင်းချင်းကြားမှာ ကောတကယ့်အရှက်ရစရာ ဖြစ်တယ်။ အမြန်ဆွေးနွေးပြီး ပြေလည်ရင်ပြေလေ မပြေရင်တော့ ရှေ့လျှောက်ပြည်သူတွေလည်း အများကြီးနစ်နာလာမယ်”လို့ သူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၆ (ခ) အရ စစ်ကိုင်းတိုင်းမှာ ပါဝင်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းစတဲ့ သုံးမြို့နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဖြစ် ပြဌာန်းပေးခဲ့ပြီး အဲ့ဒီသုံးမြို့နယ်ထဲမှာ ဒုံဟီး၊ ပန်ဆောင်၊ ဆမ္မရာ စတဲ့မြို့နယ်တွေ ပါဝင်ပါတယ်။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြဌာန်းပေးခဲ့စဥ်က NSCN-K (ခပ္ပလန်) တစ်ဖွဲ့သာရှိပြီး ခပ္ပလန်ကွယ်လွန်သွားတဲ့နောက်မှာတော့ NSCN-K ကို ဗိုလ်ချုပ်ယုန်းအောင်က တာဝန်ဆက်ခံသူဖြစ်လာပါတယ်။
NSCN-K အဖွဲ့ကို ဦးခပ္ပလန်က ၁၉၈၀ ခုနှစ်မှာ စတင်ဦးဆောင်လာတာဖြစ်ပြီး ခန္တီးမြို့နယ်အပါအဝင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ နန်းယွန်း၊ လဟယ်၊ လေရှီး၊ ပန်ဆောင်ဒေသတွေမှာ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
NSCN-K (YA) နဲ့ NSCN-K (AM) အဖွဲ့နှစ်ဖွဲ့စလုံးဟာ NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးတဲ့အဖွဲ့ ဖြစ်ပါတယ်။ NSCN-K (YA) အဖွဲ့ကတော့ ၂၀၁၂ ခုနှစ်မှာ အစိုးရနဲ့ တိုင်းဒေသကြီးအဆင့်အပစ်ရပ်ဆဲရေး (Bilateral) ရေးထိုးထားတဲ့ အဖွဲ့ ဖြစ်ပြီး AM အဖွဲ့ကလည်း Bilateral လက်မှတ်ရေးထိုးနိုင်ရေး ၂၀၂၄ ခုနှစ်ကတည်းကနေ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
NSCN-K (YA) အဖွဲ့ နှင့် အစိုးရ နှင့် ၂၀၁၂ ခုနှစ်က တိုင်းဒေသကြီးအဆင့် အပစ်ရပ်ဆဲရေးလက်မှတ် ရေးထိုးထား ပေမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက NSCN-K အဖွဲ့မှ ခေါင်းဆောင် ငါးဦးကို ဖမ်းစီးပြီး ပုဒ်မ ၁၇/၁ နဲ့ တရားစွဲ ထောင်ချခဲ့တာကြောင့် စစ်တပ်ဟာ Bilateral ကို ချိုးဖောက်ခဲ့ကြောင်း NSCN-K ဘက်က ထုတ်ပြန်ချက်ပေးပို့ခဲ့ ပါတယ်။
လက်ရှိမှာတော့ Bilateral ရေးထိုးထားတဲ့ YA အဖွဲ့ရော AM အဖွဲ့ပါ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် သူတို့နှစ်အဖွဲ့အချင်းချင်းကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
နာဂဒေသမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အန်းမိုင်းအဖွဲ့က ယုန်းအောင်အဖွဲ့အဓိက လှုပ်ရှားနယ်မြေဖြစ်တဲ့ နန်းယွန်းမြို့နယ်ထဲက ပန်ဆောင်မြို့နယ်ခွဲထဲကို ဝင်ရောက်လာတာကြောင့် တိုက်ပွဲ စဖြစ်တာ ဖြစ်တယ်လို့ NSCN-K ယုန်းအောင်အဖွဲ့နဲ့ နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“အန်းမိုင်းအဖွဲ့ကတော့ နာဂဒေသ ဘယ်နေရာမဆိုကိုယ့်ဒေသကိုယ့်နယ်မြေပေါ့သွားလာလို့ရတယ်ဆိုပြီး သွားကြတာ ယုန်းအောင်ဖက်က ကျတော့ ဒုံဟီးကနေဒီဘက် နန်းယွန်း၊ ပန်ဆောင်ဘက်ကို မကျော်လာနဲ့ဆိုပြီး သုံးကြိမ်တိတိ သတိပေးထားတဲ့ကြားကနေ ပန်ဆောင်အထိရောက်လာတာ ပန်ဆောင်ရောက်ပြီး တစ်ပတ်ကျော်မှာတိုက်ပွဲ ဖြစ်တာပဲ”လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ နာဂဒေသထဲက ပန်ဆောင်မြို့နယ်ခွဲနဲ့ နန်းယွန်း မြို့နယ်ထဲက တကား၊နာမ်ဖန်ကျေးရွာဘက်တွေမှာ နှစ်ဖက်ခြေနေတင်းမာနေဆဲ ဖြစ်တာကြောင့် ပြည်သူတွေစိုးရိမ်တကြီး နေနေရတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အရပ်ဖက်လူကြီးတွေနဲ့ ရိုးရာဘက်ကတော့လူကြီးတွေတော့ညိပေးပါတယ်ဒါပေမယ့်မထူးဘူးဗျ သူတို့ချင်းချင်းကြားကအတော်လေးကိုတင်းမာနေတာ အခုလည်းတဖွဲ့နဲ့တဖွဲ့က မျက်နှာချင်းဆိုင်ထားတဲ့ခြေနေမှာရှိနေတယ်တဲ့ဘယ်တော့ပြန်ထဖြစ်မလဲမသိဘူးစိုးရိမ်နေရတယ်”လို့ သူကပြောပါတယ်။
နာဂဒေသဟာ လမ်းပမ်းဆက်သွယ်ရေးအခက်ခဲဆုံးဒေသဖြစ်သလိုဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းမရှိတာ စီးပွားရေးဖွံ့ဖြိုးမှုနောက်နှေးတာတွေကြောင့် အခုလိုဒေသတွင်းစစ်ရေးပဋိပက္ခတွေဆက်ဖြစ်နေရင် အဘက်ဘက်က ခက်ခဲသွားနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီတိုင်းသာဆက်ပြီး ပစ်ကြခတ်ကြမယ်ဆိုရင်ပြည်သူတွေက သွားရေးလာရေးခက်သွားမှာ ကျန်မာရေး၊ စားရေး သောက်ရေးအတွက် ဝယ်ယူတာကအစပေါ့ ပန်ဆောင်တခွင်ဆိုလည်း ဒီပန်ဆောင်မြို့ပေါ်တခုပဲ အားကိုးစရာ ရှိတယ်။ နန်းယွန်းတခွင်ဆိုလည်းဘာပဲလိုလိုဒီနန်းယွန်းမြို့ပေါ်တစ်ခုပဲရှိတယ်လေး ဆိုတော့သူတို့ တိုက်ပွဲဖြစ်လို့ ဟိုဘက်ကို မသွားရဘူး ဒီဘက်ကို မလာရဘူးလို့ ဖြစ်သွားရင်ကြားထဲမှာ ပြည်သူတွေကနစ်နာမှာ”လို့ အထက်မှာဖော်ပြခဲ့တဲ့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပန်ဆောင်မြို့ဟာ အန္တိယ– မြန်မာ–တရုတ်သုံးနိုင်ငံကုန်သွယ်ရေးလမ်းကြောင်းပေါ် အဓိက အရေးပါတဲ့ နယ်စပ်မြို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်သြဂုတ်လမှာ စစ်ကောင်စီနဲ့ တရုတ်အစိုးရတို့ကြား လီဒိုကားလမ်းပိုင်းကို ကချင်ပြည်နယ် ကန်ပိုက်တည်မြို့ကနေ မြစ်ကြီးနား၊ တနိုင်း၊ နန်းယွန်းမြို့တွေကိုဖြတ်ပြီး ပန်ဆောင်နယ်စပ်မြို့အထိ လမ်းပိုင်းအဆင့်မြင့်တင်ဖို့ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးတာတွေရှိခဲ့ပါတယ်။
စစ်တပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ အန်းမိုင်းအဖွဲ့က ဒုံဟီးနဲ့ နန်းယွန်းမြို့တွေကိုကျော်ပြီး ပန်ဆောင်နယ်စပ်မြို့မှာအခြေချဖို့ ကြိုးပမ်းလာဟာ စစ်ကောင်စီရဲ့ ကြိုးကိုင်မှုတွေရှိနိုင်တယ်လို့ ဒေသခံတွေကသုံးသပ်နေကြပါတယ်။
ဒါ့အပြင် နာဂဒေသတစ်ခုလုံးဟာ အိန္ဒိယနယ်စပ်နဲ့ထိစပ်နေတာကြောင့် အခုလိုဒေသတွင်းနှစ်ဖက်လက်နက်ကိုင်တွေ ပဋိပက္ခ ဖြစ်ပြီး နယ်စပ်တကြောတိုက်ပွဲတွေဖြစ်လာရင် လက်ရှိသွားလာနေတဲ့ နယ်စပ်ထွက်ပေါက်တွေ ပိတ်သွားမှာကိုလည်းနာဂလူထုတွေ အထူးစိုးရိမ်နေကြပါတယ်။
နာဂဒေသတစ်ခုလုံးဟာ မြန်မာဘက်ခြမ်းကို လမ်းပမ်းဆက်သွယ်ရေးအရ အလှမ်းဝေးတာကြောင့် ကျန်းမာရေး၊ စီးပွားရေးနဲ့ စားသောက်ကုန် လူသုံးကုန်တွေကအစ နယ်စပ်ဝင်ပေါက်တွေကနေတဆင့် အိန္ဒိယဘက်ခြမ်းကို အားကိုးနေရတဲ့အတွက် နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခတွေမရပ်တန့်ရင် နာဂဒေသတစ်ခုလုံးအတွက် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး ကအစ အဘက်ဘက်က ထိခိုက်နစ်နာသွားနိုင်ပါတယ်။
လက်ရှိ အိန္ဒိယအစိုးရက လုပ်ဆောင်နေတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အိန္ဒိယနိုင်ငံကြားထဲက နယ်စပ်ခြံစည်းရိုး ခတ်တဲ့ လုပ်ရပ်ကို မြန်မာပြည် နာဂလူမျိုးတွေနဲ့ အိန္ဒိယ နာဂလူမျိုးတွေ အပြင်းအထန် ကန့်ကွက်နေကြပါတယ်။
NSCN-K အန်းမိုင်းအဖွဲ့ဟာ စစ်ကောင်စီ နဲ့ နီးကပ်စွာ လှုပ်ရှားနေတဲ့အတွက် နာဂလူထုကြားမှာလည်း ယုံကြည်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
“အခုအန်းမိုင်းက ပေါ်တာလေးမကြာသေးဘူး နောက်ပြီးစစ်တပ်နဲ့ Bilateral ထိုးဖို့လည်းလုပ်နေတော့ အဲ့မှာလည်း ဘာတွေသဘောတူကြမလဲ မသိဘူး လက်နက်ကိုင်အဖွဲ့တစ်ခုကို သုံးလေးနှစ်အတွင်း ယုံဖို့ဆိုတာက မလွယ်ဘူး ဆိုတော့အန်းမိုင်းအဖွဲ့ကိုတော့ ဘယ်သူဘယ်ဝါမှ ပွင့်လင်းလင်း မမြင်သာကြသေးဘူး”လို့ နာဂရိုးရာစာပေနှင့် ယဥ်ကျေးမှုကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
NSCN-K တည်ထောင်သူ ဦးခပ္ပလန်ဟာ ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်သွားပြီးနောက် NSCN-K ဥက္ကဋ္ဌအဖြစ် ဒု ဦးခမ်းငေါ်ကို တင်မြောက်ခဲ့ပေမယ့် ရက်ပိုင်းမှာ ဖြုတ်ချခံလိုက်ရပြီး ဦးယုံအောင်ကို ဥက္ကဋ္ဌ တင်မြောက်ခဲ့ပါတယ်။
By – Zaw Zaw



