မြေရှားကြောင့် ဆိတ်သုဉ်းလာတဲ့ဒေသခံဘဝများ
“အစတုန်းက သစ်လုပ်တာပဲ ထင်တာပါ။ နောက်ပိုင်းမှ မြေရှားလုပ်နေတယ်ဆိုတာ သိလာတာပါ…” By - Zami ရေးသားသည်။
“ဒီကထွက်တဲ့ရှောက်ကောတွေ စျေးနှိမ်တယ် တစ်ချို့ဆိုဝယ်တောင်မဝယ်ကြဘူး” လို့ လုတ်ဝမ်ရွာခံ ဦးဝူလေး (အမည်လွှဲ) ကပြောပါတယ်။
ချိီဖွေမြို့ကနေ ၁၅ မိုင်အကွာမှာရှိတဲ့ လုတ်ဝမ်ကျေးရွာဟာ တောတောင် လျှိုမြှောင်တွေကြား၊ တောင်စောင်းပေါ်မှာတည်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။
ကချင်မျိုးနွယ်စုထဲက လီဆူမျိုးနွယ်စုဝင် ၄၉ အိမ်ထောင်စုနေထိုင်တဲ့ ဒီရွာမှာ ရှောက်ကောနဲ့သစ်ကြားသီးကို အဓိကအသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
အေးမြခြောက်သွေ့တဲ့ ရာသီဥတုဖြစ်တာကြောင့် အခြားစားပင်၊ သီးပင်စိုက်ပျိုးလို့ မရနိုင်တဲ့ ဒီဒေသမှာ ရှောက်ကောနဲ့ သစ်ကြားသီးဟာ ဒေသခံတွေအတွက် “ရွေးချယ်စရာ” မဟုတ်ဘဲ “မဖြစ်မနေ” စိုက်ပျိုးကြရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအခြေခံအသက်မွေးဝမ်းကျောင်းတွေဟာ ၂၀၁၅ ခုနှစ်ဝန်းကျင်က စတင်လာတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ကြောင့်တဖြည်းဖြည်း ခြေချော်ကျလာနေပါတယ်။

တောင်တန်းတစ်ခုမကျန် မြေရှားတူးဖော်(၂၀၂၅ ခုနှစ် ပန်ဝါမြို့အနီးလုပ်ကွက်များ အဝေးကလှမ်းမြင်ရပုံ)
၂၀၁၈ ခုနှစ် ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရဲ့ဖော်ပြချက်အရ ရွာဧရိယာတွင်း မြေလွတ်မြေလပ်ဧကပေါင်း ၁၂၂.၇၅ မှာ ရှောက်ကောနဲ့သစ်ကြားသီး ကိုစီးပွားဖြစ်စိုက်ပျိုးကြသလို တောင်ယာစပါးစိုက်ဧက ၄၈. ၅ ရှိတယ်လို့သိရပါတယ်။
လုတ်ဝမ်ရွာရဲ့ စိုက်ပျိုးရေးဟာ မိုးရေအပြင် ရွာအရှေ့ဘက်ကနေ အနောက်ဘက်တောင်ခြေထိ စီးဆင်းသွားတဲ့ တောင်ကျချောင်းတစ်ချောင်းနဲ့ တောတန်းလျှိုမြောင်ထဲက ချောင်းငယ် နှစ်ချောင်းကို အဓိကအားထားရပါတယ်။ ဒေသခံတွေက ဒီချောင်းတွေကို “ရွာရဲ့ အသက်သွေးကြော” လို့ ခေါ်ကြပါတယ်။
ရှောက်ကောဆိုတာ တရုတ်ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပြီး တရုတ်ဟင်းလျာတွေမှာ အသုံးများကြသလို သစ်ကြားသီးကလည်း တရုတ်နိုင်ငံမှာအသုံးများကြတဲ့အတွက် စျေးကွက်ကတရုတ်ပြည်ထဲကို တင်သွင်းရောင်းချကြတာဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၅ ခုနှစ်ဝန်းကျင်ကစပြီး ရွာအနီးဝန်းကျင်မှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ စတင်လာပြီးနောက် ဒီအသက်သွေးကြောတွေဟာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။ ချောင်းရေတွေ တိမ်ကောလာသလို ရေထဲမှာ အညစ်အကြေးများလာတယ်လို့ ဒေသခံတွေ ပြောပါတယ်။
အလားတူ ရေအရင်းအမြစ်ပျက်စီးလာတာနဲ့အမျှ ရှောက်ကောပင်၊ သစ်ကြားသီးပင်တွေဟာ ကြီးထွားမှုနှောင့်နှေးလာပြီး သီးနှံထွက်နှုန်းလည်း လျော့နည်းလာခဲ့ပါတယ်။ ဒေသခံတွေအတွက် ဒီအပြောင်းအလဲဟာ “သဘာဝပြောင်းလဲမှုမဟုတ်ဘဲ လူလုပ်ပျက်စီးမှုတစ်ခု”လို့ ခံစားလာကြပါတယ်။

အရင်က လုတ်ဝမ်ကျေးရွာဒေသခံတွေရဲ့ ရှောက်ကောစိုက်ဧကဟာ တစ်ဧကမှာ ကီလိုဂရမ် ၁၅၀၀၀ ထွက်ရှိပေမယ့် ၂၀၂၂ခုနှစ်နောက်ပိုင်း တစ်ဧကမှာ ၁၀၀၀၀ ကီလိုဂရမ်သာထွက်တော့တဲ့အပြင် သစ်ကြားသီးဆို တစ်ဧက တင်း ၆၀၀ ထွက်ရာကနေ ခုဆိုရင် တင်း ၄၀၀ ဝန်းကျင်သာထွက်ပြီး အထွက်နည်းသွားပြီလို့သိရပါတယ်။
ဒါ့အပြင် ဒီနှစ်မှာတော့ ဒေသခံတွေရဲ့ ဆုံးရှုံးမှုက ပိုမိုပြင်းထန်လာပါတယ်။ မြေရှားလုပ်ကွက်နဲ့ မိုင် ၂၀ ဝန်းကျင်အတွင်း စိုက်ပျိုးထားတဲ့ ရှောက်ကောနဲ့ သစ်ကြားသီးတွေကို တရုတ်ဝယ်လက်တွေက မဝယ်တော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
“စျေးတော့ ရပါတယ်။ တစ်ကျင်ကို ၁၉ ယွင်လောက်ပေါ့။ ဒါပေမယ့် မြေရှားလုပ်ကွက်နဲ့နီးရင် မဝယ်ဘူးဆိုတော့ အဆင်ပြေသလို ရောင်းလိုက်ရတာတွေရှိတယ်။ တချို့ကတော့ လိမ်ပြီးရောင်းရတာပေါ့…”
ဒီလိုအခြေအနေတွေကြောင့် ဒေသခံတွေဟာ စိုက်ပျိုးရေးအရ ဆုံးရှုံးနေရုံတင်မက ကိုယ့်ထုတ်ကုန်ကို ကိုယ့်နာမည်နဲ့ မရောင်းနိုင်တဲ့ အခြေအနေထိ ရောက်လာကြပါတယ်။
ဒါဟာ ပြောင်းလဲလာတဲ့အချိန်ကြောင့်မဟုတ်ပဲ “မြေရှား”ဆိုတဲ့ အမည်နောက်မှာ ကပ်ပါလာတဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။
မြေရှားဆိုတာဘာလဲ
မြေရှားဆိုတာ ဓာတုဂုဏ်သတ္တိအနေနဲ့ တစ်ခုနဲ့တစ်ခု အလွန်ဆင်တူပြီး သဘာဝထဲမှာ အရောအနှောအဖြစ်သာတွေ့ရတဲ့ သတ္တုဒြပ်စင်အုပ်စုကို ဆိုလိုပါတယ်။ ဒြပ်စင်အလှည့်ကျဇယားထဲမှာ အက်တမ်နံပါတ် ၅၈ ကနေ ၇၁ အထိရှိတဲ့ လင်းန်သနိုက်ဒြပ်စင် ၁၄ မျိုးနဲ့ အီထရီယမ်၊ စကင်ဒီယမ် စတဲ့ ဒြပ်စင်တွေကို ပေါင်းပြီး စုစုပေါင်း ၁၇ မျိုးကို “မြေရှားဒြပ်စင်”လို့ ခေါ်ကြပါတယ်။

ဒီဒြပ်စင်တွေဟာ ထုတ်ယူခွဲထုတ်ဖို့ အလွန်ခက်ခဲပေမယ့် သံလိုက်စွမ်းအားမြင့်ပစ္စည်းတွေ၊ စမတ်ဖုန်း၊ လျှပ်စစ်ကား၊ လေတာဘိုင်၊ စစ်ရေးနည်းပညာတွေမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် မြေရှားဟာ ဒီဂျစ်တယ်ခေတ်နဲ့ နည်းပညာပြိုင်ဆိုင်မှုတွေမှာ အဓိကအခန်းကဏ္ဍ ထမ်းဆောင်နေတဲ့ သယံဇာတတစ်ခုဖြစ်ပါတယ်။
မြေရှားဒြပ်စင် ၁၇ မျိုးအနက် ကချင်ပြည်နယ် ပန်ဝါဒေသကနေ Dysprosium နဲ့ Terbium အမျိုးအစားအများဆုံး ထွက်ရှိတယ်လို့သိရပြီး ဒီမြေရှားနှစ်မျိုးသုံးစွဲမှုအားလုံးရဲ့ (၆၀ )ရာခိုင်ကျော်ခန့်ဟာ မြန်မာပြည်ရတာတွေဖြစ်တယ်လို့ သုသေသနပညာရှင်တွေဖော်ပြပါတယ်။
Dysprosium
ဒစ်ပရိုဆီယမ် (Dysprosium )ဟာ ငွေရောင်တောက်ပြောင်တဲ့ရှားပါးဒြပ်စင်ဖြစ်ပြီး သံလိုက်စွမ်းအားတွေမှာ အမြင့်ဆုံးဒြပ်စင်ဖြစ်တာကြောင့် မီးတောက်လောင်ခြင်း မရှိပဲ အပူလွန်ကဲခြင်းကို ရှောင်ရှားနိုင်တယ်လို့ သုသေသနပညာရှင်တွေပြောပါတယ်။
ဒစ်ပရိုဆီယမ် (Dysprosium )ကို ဒေတာသိုလောင်မှု၊ လေဆာရောင်ခြည်၊ အလင်းရောင်များ၊ လျှပ်စစ်ကားတွေ (Electric vehicles) လေတာဘိုင် (Wind turbine)၊ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေမှာ မရှိမဖြစ်လိုအပ်တယ်လို့ ပညာရှင်တွေပြောပါတယ်။
Terbium
တာဘီယမ်လို့ခေါ်တဲ့ (Terbium )ကတော့ လင်းန်သနိုက်အဖွဲ့ဝင်ဖြစ်ပြီး ငွေမှိန်ရောင်သတ္တုဖြစ်ပါတယ်။ အလင်းဖြာထွက်ပစ္စည်းတွေမှာ အဓိကအသုံးပြုတယ်။အထူးသဖြင့် မီးချောင်းတွေမှာ အီထရီယမ်– အလူမီနီယမ်– ခေတ်မှီစမတ်ဖုန်းတွေနဲ့ စခရင်တွေကို ထူးခြားမှုရှိအောင် လုပ်ဆောင်ပေးပါတယ်။
မြေရှားဒြပ်စင်ဆိုတာ လူလုပ်ပစ္စည်းမဟုတ်ပဲ သဘာဝကပေးထားတဲ့ သယံဇာတအမွေအနှစ်ဖြစ်သလို နိုင်ငံတိုင်းမှာမရှိဘူးလို့သိရပါတယ်။ဒါပေမယ့် ရှိတဲ့နိုင်ငံမှာလည်း အထက်ဖော်ပြပါဒြပ်စင် ၁၇ မျိုးတစ်စုတဝေးတည်းဖြစ်ထွန်းမနေပဲ အရောရောအနှောနှောဖြစ်နေတာကြောင့် ထုတ်ယူဖို့ခက်ခဲပြန်ပါတယ်။
ဒါပေမယ့် ဒီလိုရှားပါးပြီးထုတ်ယူဖို့ခက်တဲ့မြေရှား၊ လက်နက်အင်အားကြီးနိုင်ငံတွေမျက်စိကျနေတဲ့ မြေရှားသိုက်ကြီးဟာ မြန်မာပြည်မြောက်ပိုင်း မနောမြေမှာရှိနေပါတယ်။
ဒါပေမယ့် ဒီလိုတန်ဖိုးမြင့်သတ္တုကို ထုတ်ယူရာမှာ ဓာတုရည်တွေကို စနစ်တကျ မစီမံခန့်ခွဲနိုင်ရင် မြေထု၊ ရေထုနဲ့ ဒေသခံပြည်သူတွေရဲ့ ဘဝကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

ကချင်ဒေသထဲ မြေရှားဘယ်လိုဝင်လာသလဲ
တရုတ်နိုင်ငံဟာ မြေရှားသတ္တုသိုက်ကို ၁၉၆၉ ခုနှစ် တရုတ်နိုင်ငံ Jianxi ပြည်နယ်မှာစတင်တွေ့ရှိခဲ့ပြီး နောက်ထပ် Fujin, Hunan၊ Grunaxi ပြည်နယ်တွေမှာထပ်မံတွေ့ရှိရာ ၁၉၇၀ နောက်ပိုင်းမှာ လုပ်ငန်းစတင်လာကြတယ်လို့ သုသေသနပညာရှင်များကဆိုထားပါတယ်။
ဒါပေမယ့် ထုတ်လုပ်မှုနည်းပညာအားနည်းမှု၊စွန့်ပစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်မှုအားနည်းချက်တွေနဲ့အတူ စနစ်မကျတဲ့လုပ်ငန်းခွင်တစ်ချို့ကို ဒေသခံလူထုနဲ့တရုတ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များရဲ့ ကန့်ကွက်မှုကြောင့် လုပ်ငန်းအတော်များများကို ပိတ်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
အဲဒီနောက် ပိတ်သိမ်းခံလိုက်ရတဲ့ မြေရှားတူးဖော်ရေးလုပ်ငန်းရှင်တွေဟာ ကချင်ပြည်နယ်၊ပန်ဝါ၊ဆော့လော်၊ချီဖွေ၊မိုးမောက်ဒေသဘက်ကို အလုံးအရင်းနဲ့ပြောင်းရွှေ့လာရာကနေ ကချင်ဒေသမှာ မြေရှားသတ္တုရိုင်းတူး ဖော်ရေးလုပ်ငန်းများ ရုတ်ချည်းပေါ်လာတာဖြစ်တယ်လို့ စိန်မြင့် (သတ္တုဦးစီး) ရေးသားထားတဲ့ “မြန်မာ့မြေရှားတူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင်”ဆိုတဲ့စာအုပ်မှာ ဖော်ပြထားပါတယ်။
တရုတ်နဲ့ နယ်စပ် ကချင်ဒေသတွေ ဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ ၊ ကန်ပိုက်တီးလို နေရာတွေမှာ သတ္တုတွင်း လုပ်ငန်းတွေ ရှိလာတာ ၁၉၉ဝ ပြည့်ကျော် နှစ်တွေ ကတည်းက ဖြစ်တယ်လို့ ဆိုပေမယ့် အဲဒီ အချိန်ကတည်းက မြေရှားသတ္တုလုပ်ကွက်တွေ ရှိလာပြီလား ဆိုတာတော့ မသေချာပါဘူး။
အဲဒီချိန်တုန်းက ဖုန်း၊ အင်တာနက်ဆက်သွယ်ရေးအခက်ခဲကြောင့် မြေရှားတူးဖော်တဲ့ခုနှစ် တိတိကျကျပြောနိုင်ဖို့ ခက်ခဲတယ်လို့ပန်ဝါမြို့နေထိုင်တဲ့ ဦးဇေခေါင် (အမည်လွှဲ) က ပြောပါတယ်။

“အစတုန်းက သစ်လုပ်တာပဲ ထင်တာပါ။ နောက်ပိုင်းမှ မြေရှားလုပ်နေတယ်ဆိုတာ သိလာတာပါ…”
အလားတူ နောက်ထပ်ဒေသခံတစ်ဦးကလည်း ၁၉၉၁ ခုနှစ်ဝန်းကျင် သတ္တုထုတ်တဲ့ လုပ်ကွက်တွေ ရှိတယ်လို့ ပြောပေမယ့် KNG အနေနဲ့တော့ သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။
ISP Myanmar ရဲ့ဖော်ပြချက်အရ ကချင်ပြည်နယ် ချီဖွေနဲ့မိုးမောက်မြို့နယ်တွေမှာ မြေရှားလုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်း၊ သတ္တုပျော်ရည်ကန် ၂၇၀၀ ထက်မနည်းရှိနေတယ်လို့အစီရင်ခံစာမှာဖော်ပြထားပြီး အဲဒီထဲက ၂၄၀ ကျော်ဟာ အာဏာသိမ်းပြီးနောက် ချဲ့ထွင်လာတဲ့လုပ်ကွက်တွေဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံက မြေရှားထုတ်လုပ်မှုဟာ ၂၀၁၈ ခုနှစ် ၅,၀၀၀ တန်၊ ၂၀၁၉ ခုနှစ်မှာ ၂၅,၀၀၀ တန်၊ ၂၀၂၀ ပြည့်နှစ် ၃၀,၀၀၀ တန်၊ ၂၀၂၁ ခုနှစ်မှာ ၂၆,၀၀၀ တန် အသီးသီးထုတ်နိုင်ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်မှုမှာ (၄) နှစ်ဆက်တိုက် တတိယအများဆုံးနိုင်ငံဖြစ်နေကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။
မြန်မာနိုင်ငံအတွင်းကနေ ထုတ်ယူရရှိခဲ့တဲ့ မြေရှားသတ္တုက ပမာဏ မက်ထရစ်တန်ချိန် ၂၆၀၀၀ ခန့် ရှိပြီး တရုတ်နိုင်ငံက အဓိက ဝယ်ယူနေပါတယ်။

“မြေရှား” ရဲ့ တန်ဖိုးနဲ့ ကမ္ဘာ့လိုအပ်ချက်
နည်းပညာအားပြိုင်မှုတွေနဲ့အတူ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လက်နက်အင်အား၊ တစ်နည်းပြောရရင် လက်နက်စွမ်းအားတွေ ကောင်းသထက်ကောင်းအောင် ကြိုးစားလာကြရင်း သူ့ထက်သူ အဆက်မပြတ်ပြိုင်ဆိုင်ဖို့ ကြိုးစားနေကြပြီး ဒီနည်းပညာအတွက်လိုအပ်တဲ့ သုံးစွဲရမယ့် ကုန်ကြမ်းတွေကိုလိုလာပါတယ်။ အဲဒီကုန်ကြမ်းထဲမှာမှ “မြေရှား”လို့ ခေါ်တဲ့ သတ္တုတွင်းထွက်ဟာ အဓိကအက္ခရာကျနေပါတယ်။
ဒါကြောင့် အင်အားကြီးနိုင်ငံတွေဟာ သူ့ထက်ငါသာအောင် အားပြိုင်နေကြတဲ့အထဲမှာ တရုတ်နိုင်ငံဟာ လက်ရှိကမ္ဘာမှာ လျပ်စစ်ကားတွေအပြင် လျှပ်စစ်ပစ္စည်းအသုံး အဆောင် တွေမှာသုံးတဲ့မြေရှားကို ပြည်တွင်းမှာအသုံးပြုသလို ပြည်ပကိုလည်း အများဆုံး တင်ပို့နေပါတယ်။
ဒါ့အပြင် အထက်မှာဖော်ပြခဲ့တဲ့ တာဘီယမ်လို့ခေါ်တဲ့ (Terbium )နဲ့ Dysprosium ဒစ်ပရိုဆီယမ် (Dysprosium )ဟာ မြန်မာနိုင်ငံရဲ့အဓိကတွင်းထွက်ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အဲဒီမြေရှားနှစ်မျိုးသုံးစွဲမှု အားလုံးရဲ့ (၆၀) ရာခိုင်နှုန်းကျော်ခန့်ဟာ မြန်မာပြည်ကရတာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ဟာ မြန်မာ့မြေရှားအပေါ် မှီခိုအားထားနေရတယ်ဆိုတာ အထင်သားပေါ်လွင်နေပါတယ်။
ဒါ့အပြင် ဒီနေ့ခေတ် လူတွေ နေ့စဉ်သုံးနေတဲ့ စမတ်ဖုန်း၊ လျှပ်စစ်ကား၊ လေတာဘိုင်ကနေ စစ်ရေးနည်းပညာအထိ အဆင့်မြင့်ပစ္စည်းအများစုဟာ မြေရှားဒြပ်စင်တွေကို မရှိမဖြစ်လိုအပ်ပါတယ်။ Dysprosium နဲ့ Terbium လို ဒြပ်စင်တွေဟာ သံလိုက်စွမ်းအား၊ အလင်းထုတ်လုပ်မှုနဲ့ ဒေတာသိုလှောင်မှုတွေမှာ အဓိက အခန်းကဏ္ဍမှာပါဝင်ပါတယ်။ဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးအတွက် မြေရှားဟာ စျေးကွက်တန်ဖိုးအရသာမက နိုင်ငံရေး၊ စစ်ရေးအရပါ အရေးကြီးတဲ့ သယံဇာတဖြစ်လာပါတယ်။
ဒါကြောင့် ဖွံဖြိုးပြိီးနိုင်ငံ၊ဖွံ့ဖြိုးဆဲနိုင်ငံတွေအားလုံးအတွက်မြေရှားဟာ မရှိမဖြစ်လိုအပ်တဲ့သတ္တုဖြစ်ပြီး တန်ဖိုးအရ၊စျေးကွက်အရရော စိန်၊ရွှေ၊ငွေ၊ကျောက်စိမ်းသာမက စက်မှုတွင်းထွက် ကုန်ကြမ်းအားလုံးထက် အဖိုးတန်အရာရောက်ဆုံးဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ “တန်ဖိုးမြင့်မြေရှား” အောက်မှာ ဒေသခံပြည်သူတွေရဲ့ ဘဝတွေကတော့ တန်ဖိုးကျ ဆင်းလာနေပါတယ်။

“မြေရှား” မြန်မာပြည်အထက်ပိုင်း မနောမြေမှာထွက်ရှိတဲ့ “မြေရှားသတ္တု”ကို သိသူများပေမယ့် မြေရှားတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရေအရင်းအမြစ် ဆုံးရှုံးတဲ့ဒဏ်ကြောင့်ပေါ်နေတဲ့အကျိုးဆက်ကို “ခရေစေ့တွင်းကျ”သိနိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။
ကချင်ဒေသထဲမြေရှားလုပ်ကွက်အကြောင်း
မြေရှားထွက်ရှိရာ ပန်ဝါ၊ချီဖွေ၊ဆော့လော်ဒေသဟာ ယခင်က နယ်ခြားစောင့်တပ်အဖြစ်ပြောင်းထားတဲ့ ဇခုံတိန့်ယိန်းဦးဆောင်တဲ့ ကချင်ဒီမိုကရေစီ တပ်မတော် NDA-K အခြေစိုက်ရာဖြစ်ပေမယ့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာတော့ ဒီနေရာဒေသအားလုံးကို KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
ဒီဒေသထဲက မြေရှားသတ္တုထုတ်လုပ်တဲ့နေရာဟာ တောင်စောင်းတွေမှာရှိနေတဲ့အတွက် မြေရှားတူးဖော်ရာမှာ တောင်တွေကို ဒေါင်လိုက်နှင့် အလျားလိုက် အပေါက်များဖောက်ပြီး သတ္တုရိုင်းများ စစ်ထုတ်နိုင်တဲ့ နိုက်ထရွစ်အက်ဆစ်နှင့် ဓာတုပစ္စည်းရည်များ လောင်းထည့်ကာ ပေ ၃၀ ဝန်းကျင် ကျင်းကြီးများထဲမှာ အနည်ထိုင်သန့်စင်ထုတ်လုပ်ရကြောင်း မြေရှားလုပ်ငန်းခွင်မှာ လုပ်ကိုင်သူတွေပြောပါတယ်။
လွန်းတွင်းများထဲကိုထည့်တဲ့ ဓါတုဖျော်ရည်ဟာ သတ္တုသိုက်နဲ့ထိစပ်နေတဲ့အရပ်လေးမျက်နှာအဘက်ဘက်ကို ပျံ့နှံ့ရောက်ရှိသွားတဲ့အတွက် မြေအောက်ရေစီးကြောင်းပျက်စီးတာ၊ အပေါ်ယံမြေဆီလွှာဟာ ချဉ်ငန်ဓါတ်ပြောင်းလဲသွားတဲ့အတွက် သဘာဝဆေးမြစ်များ၊ ဆေးဖက်ဝင်အပင်များ၊ဒေသတွင်းသီးပင်များ သေကျေပျက်စီးစေတဲ့အတွက် ဒီတူးဖော်မှုစနစ်က ကုန်ကျစရိတ်သက်သာသော်လည်း မြေအောက်ရေအပေါ်ဓါတုအဆိပ်သင့်မှုပိုမိုပြင်းထန်တဲ့အတွက် ထိခိုက်ဆုံးရှုံးမှုပိုများတယ်လို့ ပညာရှင်တွေထောက်ပြပါတယ်။
မြေရှားသတ္တုကိုတူးဖော်ရာမှာ တူးဖော်နိုင်တဲ့နည်းစနစ် ၃မျိုးရှိပြီး မြန်မာနိုင်ငံမှာတူးတဲ့စနစ်ဟာ အနေထားမပျက်တူးဖော်တဲ့စနစ်လို့ဆိုပေမယ့်၊ ဒီတူးဖော်မှုမှာသတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေနဲ့ကိုက်ညီမှုမရှိ စနစ်မကျတဲ့တူးဖော်မှုတွေသာဖြစ်တယ်လို့ ပညာရှင်တွေထောက်ပြပါတယ်။
ဒါ့အပြင် မြေရှားသတ္တုလုပ်ငန်းများမှ စွန့်ပစ်ရေများဟာ မိုးရေနှင့်အတူ ချောင်းနှင့် မြစ်များအတွင်းစီးဝင်ပြီး ရေညစ်ညမ်းခြင်း၊ မြေဆီလွှာပျက်စီးခြင်းကြောင့် ငါး၊ပုဇွန်၊ရေနေသတ္တဝါတွေအဆိပ်သင့်သေဆုံးမှုဖြစ်နေတဲ့တွက် ဒေသခံပြည်သူတွေဟာ သောက်ရေပါရှားပါးလာတယ်လို့ဆိုကြပါတယ်။
“တောင်ပေါ်မြို့ဆိုပြီး ငါးတွေလတ်လတ်ဆက်ဆက်စားရမယ်မထင်နဲ့ အောက်ပိုင်းကလာတဲ့ရေခဲငါးပဲစားရတယ်။ ဒါတောင်လိုချင်တဲ့ချိန်ဝယ်မရ ဒီချောင်းကရှာတဲ့ငါးတွေဆို သိပ်မစားရဲကြသလိုအရင်လိုလည်း ငါးတွေမရှိတော့ဘူး”လို့ ချီဖွေမှာနေထိုင်တဲ့ မခေါင်နောကပြောပါတယ်။

စောင့်ကြည့်မှုအားနည်းတဲ့ မြေရှားတူးဖော်မှု
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း KNG သတင်းဌာနကနေ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသဘက် သွားရောက်လေ့လာရာမှာ မြေရှားမိုင်းတွင်းအဟောင်းများကို စနစ်တကျ ပိတ်သိမ်းခြင်းမရှိဘဲ ပလက်စတစ်၊ ဓာတုပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်မှုတွေဟာ ရွာချင်းဆက်လမ်းတစ်လျှောက် ပြန့်ကျဲနေပါတယ်။
အဆိုးဆုံးက ပန်ဝါမြို့အနီးဝန်းကျင်တောင်တွေဟာ အဖုအထစ်နဲ့ ချိုင့်ခွက်ရာ၊ ထိပ်ပြောင်လာတဲ့တောင်တန်းတွေ များစွာရှိနေပြီး မြင်ရသူအဖို့ ရင်မောဖွယ်မြင်ကွင်းတွေဖြစ်ပါတယ်။
ယခင်က စိမ်းစိုလှတဲ့တောင်တန်းတွေဟာ မရှိသလောက်နည်းပါးသွားပြီး မြေရှားလုပ်ကွက်မရှိတဲ့ တောင်မရှိသလောက်ဖြစ်နေပြီဖြစ်ပါတယ်။ တောင်တန်းများ ပျက်စီးပြီး သစ်တောများ လုံးဝနီးပါး ပျောက်ကွယ်လာနေပြီဖြစ်ပါတယ်။ ဒေသခံတွေပြောပြချက်အရ ပန်ဝါမြို့အနီးဝန်းကျင်မှာ မြေရှားတူးဖို့မြေနေရာကုန်သွားပြီဖြစ်တယ်လို့ ပြောကြပါတယ်။
ဒါကြောင့် လက်ရှိအစိုးရအနေနဲ့ သယံဇာတ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး ကျင့်ဝတ် ၁၂ ပါးအရ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု လိုအပ်သော်လည်း ကချင်ဒေသရှိ မြေရှားတူးဖော်မှုမှာတော့ အစိုးရဘက်က အသိပေးမှုနှင့် တာဝန်ခံမှု မရှိသလောက်နည်းနေဆဲဖြစ်ပါတယ်။
လက်ရှိ မြေရှားပိုင်ရှင်အသစ်ဖြစ်တဲ့ KIO အစိုးရကို မြေရှားနဲ့ပတ်သက်ပြီး KIO ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG ကဆက်သွယ်မေးမြန်းရာ KIO အစိုးရက သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းအောင်လုပ်မယ်လို့ ပြောသော်လည်း လက်တွေ့အကောင်အထည်ဖော်မှု မတွေ့ရသေးကြောင်း ဒေသခံများက ထောက်ပြကြပါတယ်။

“ဒီတိုင်းပဲ ဘာမထူးဘူး ဒီဘက်ကိုလာကြည့်ကြပါ။ မြေရှားလုပ်ကွက်ဟောင်းတွေက အရင်အစိုးရကတည်းကနေ ကျန်နေတဲ့ဟာလည်း ဒီတိုင်းပဲ။မနေ့တစ်နေ့ကလုပ်ကွက်ပြီးသွားတဲ့သူလည်း ဒီတိုင်းပဲ ဘာမလုပ်ပဲဒီတိုင်းကျင်းဟောင်းလောင်းပဲပစ်ထားကြတာ။ ပြီးတော့ ပလပ်စတစ်အမှိုက်တွေဆိုလည်း ဒီတိုင်းပဲပစ်ထားတာ။ တရုတ်တွေက လုပ်ငန်းသိမ်းရင်ပစ္စည်းပဲသိမ်းသွားတာ။ ဘာမလုပ်ပေးခဲ့ဘူး”လို့ ပန်ဝါမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးပြောပါတယ်။
သယံဇာတ ရင်းနှီးမြုပ်နှံမှု စီမံခန့်ခွဲရေးကျင့်ဝတ် ၁၂ ပါးထဲမှာ သယံဇာတစီမံခန့်ခွဲမှုကိုအများပြည်သူများကို အသိပေးရမည့်အပြင် စီမံခန့်ခွဲမှုလုပ်ငန်းအပေါ် တာဝန်ယူ၊တာဝန်ခံရမည်ဖြစ်ကြောင်းဖော်ပြထားပါတယ်။
ဒါပေမယ့် ကချင်ဒေသက မြေရှားတူးဖော်မှုနဲ့ပတ်သက်ပြီး ခေတ်အဆက်ဆက် အသိပေးခြင်းမရှိတဲ့အပြင် တာဝန်ယူမှု၊တာဝန်ခံမှုဆိုတာ အလှမ်းကွာဝေးနေဆဲဖြစ်ပါတယ်။

ဒါကြောင့် မြေရှားတူးဖော်မှုကို ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောကြပေမယ့် အဲဒီဖွံ့ဖြိုးရေးအောက်မှာ ဒေသခံပြည်သူတွေရဲ့ ဘဝ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်တွေကတော့ တဖြည်းဖြည်း ပျက်စီးလာနေပါတယ်။
ဒီလိုဒေသခံတွေရဲ့ လူမူဘဝအခက်ခဲ၊ ပျက်စီးမှု၊ဆုံးရှုံးမှုတွေအားလုံးအတွက် တာဝန်ရှိသူတွေဟာ ဒီဒေသကိုအုပ်ချုပ်နေတဲ့အစိုးရပဲဖြစ်ပါတယ်။
အကျဉ်းချုပ်အားဖြင့်ဆို့ရသော် မြေရှားသတ္တုဟာ နည်းပညာဖွံ့ဖြိုးရေးအတွက် အရေးပါသော်လည်း ချီဖွေဒေသရှိ ဒေသခံပြည်သူများအတွက်တော့ အသက်မွေးဝမ်းကျောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝကို ဖျက်ဆီးနေသော အကြောင်းရင်းတစ်ရပ်အဖြစ်သာ တွေ့မြင်နေကြတာလည်းဖြစ်ပါတယ်။
By – Zami



