သတင်း

နှစ်လအကြာရပ်နားထားတဲ့ တနိုင်းဒေသက ပယင်းမှော်နဲ့ရွှေမှော်တွေပြန်ဖွင့်

တိုက်ပွဲတွေကြောင့်ရပ်နားထားရတဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ပယင်းမှော်နဲ့ရွှေမှော်တွေ ပြန်လည်ဖွင့်လှစ်နေပြီး အရပ်သားတွေအများအပြားဝင်ရောက်နေကြပြီလို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၁၀ ရက်ဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းကြား တိုက်ပွဲတွေကြောင့်ရပ်နားထားရတဲ့ တနိုင်းဒေသထဲက နာမ်ဗျူ၊လပူခ၊လမုန်ခ၊စံလွန်၊ဝေလော၊ရေကြည်စတဲ့ ပယင်းမှော်တွေနဲ့ရွှေမှော်တွေကို ဖေဖော်ဝါရီလ ဒုတိယအပတ်ကစပြီး ပြန်ဖွင့်နေပြီလို့ တနိုင်းမြို့ခံအမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်ကတည်းကမှော်ထဲကို အခြေအနေကောင်းပြီဆိုပြီးပြန်ဝင်သွားကြတာပဲ။ မြို့ပေါ်မှာလူတောင်သိပ်မရှိဘူးအကုန်မှော်ထဲပြန်ဝင်သွားကြလို့လေးလို့ အသက် ၃၀ ကျော်အရွယ်တနိုင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

တနိုင်းမြို့နေပြည်သူတွေပြောချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ  ရက်နောက်ပိုင်းကစပြီး တိုက်ပွဲငြိမ်သက်သွားပြီးနောက် မှော်ဒေသဘက်ကို စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ မြို့ဘက်ကို ပြန်ဆုတ်လာကြပြီလို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေချိန် နှစ်လအတွင်းမှာ စစ်ကောင်စီပူးပေါင်းတပ်က တနိုင်းမှော်ဒေသကိုထိန်းချုပ်နိုင်ဖို့ကြိုးစားခဲ့ပေမယ့် အထိနာသွားတာကြောင့် ခုလိုပြန်လည်ဆုတ်ခွာသွားဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဒါ့အပြင် လတ်တလောတနိုင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က စစ်အင်အားပြန်စုစည်းနေတယ်လို့ နောက်ထပ်တနိုင်းမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။

အခုမြို့ပေါ်မှာတော့မနက်တိုင်းစစ်သားတွေပြေးနေကြတာအင်အားလည်းများတယ် ထိုးစစ်ပြန်ဆင်ဖို့ဖြစ်နိုင်တယ်။ တနိုင်းဒ.က.(တနိုင်းမြို့အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)ကမှော်တွေကိုထိန်းချုပ်ချင်တာလေး အဲကြောင့်စစ်ကြောင်းထိုးနေတာလို့ တနိုင်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့တနိုင်း .က.စဟာ တနိုင်းမှော်ဒေသတွေကိုထိန်းချုပ်ဖို့အတွက် နှစ်လတိတိကုန်းကြောင်း၊လေကြောင်း၊လက်နက်ကြီးပစ်ကူတွေနဲ့ထိုးစစ်ဆင်ခဲ့ပေမယ့်အရေးနိမ့်ခဲ့တာဖြစ်တယ်လို့ တနိုင်းမြို့နယ်မှာနေထိုင်သူတွေက သုံးသပ်နေကြပါတယ်။

လတ်တလော အထက်ဖော်ပြပါမှော်တွေထဲ လုပ်ငန်းရှင်တွေ၊လက်လုပ်လက်စားတွေနဲ့ရွှေမှော်လုပ်သားတွေအများစုမှော်ထဲပြန်ဝင်သွားကြပြီးနောက် ပယင်းမှော်၊ရွှေမှော်တွေလည်း အရင်လိုပြန်စည်ကားနေပြီလို့ သိရပါတယ်။

စစ်တပ်အာကာမသိမ်းမှီ ၂၀၁၇၊၂၀၁၈ ခုနှစ်ဝန်းကျင်ကစပြီး တနိုင်းပယင်းမှော်တွေထဲမှာ စစ်ကောင်စီတပ်နဲ့KIAတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေမကြာခနဖြစ်တာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံအများစုအတွက်တော့ ပယင်းနဲ့ရွှေလုပ်ငန်းဟာ အဓိကဝင်ငွေအရင်းအမြစ်တစ်ခုလို ဖြစ်နေသလို အာဏာမသိမ်းခင်ကတည်းကနေ မြန်မာပြည်အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေအများအပြားရှိပြီး ပယင်းမှော်၊ရွှေမှော်တွေကိုအပေါ်အမှီပြုကာ အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ ပယင်းနဲ့ ရွှေထွက်ရှိတဲ့ တနိုင်းဒေသမှာ ၂၀၁၅ ခုနှစ်ဝန်းကျင်စပြီး ပယင်းတွေကိုတပိုင်တနိုင်စတင်တူးလာကြာရာကနေ လက်ရှိမှာတော့ စက်ကြီးတွေနဲ့တူးဖော်တဲ့အဆင့်ရောက်နေပြီး ရွှေတူးဖော်မှုကတော့ ဆယ်စုနှစ်တစ်စုကြာရှိနေပြီလို့ မှော်မှာနေထိုင်သူတွေပြောပါတယ်။

ခုလို ပယင်း၊ရွှေတူးဖော်မှုကြောင့် မြစ်ကြောင်းပြောင်းလဲတာ၊ မြေယာပျက်စီးတာအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပျက်စီးမှုဟာ တစ်နေ့ထက်တစ်နေ့ပိုဆိုးရွားလာတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာသူတွေပြောပါတယ်။

ထို့အပြင် တနိုင်းဒေသဟာ စစ်ရေးအရလည်း အရေးပါတဲ့နေရာတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီတပ်နဲ့ (KIA) တပ်တို့ကြား နှစ်ဖက်စစ်တင်းမာမှုဖြစ်လာတိုင်း ပယင်းမှော်၊ရွှေမှော်တွေ ပိတ်တာ၊ တစ်ခါတစ်ရံလမ်းကြောင်းပိတ်ဆို့တာ၊ လုပ်ငန်းရပ်နားမှုတွေ ကြုံရလေ့ရှိပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button