ကုဋေမှော် မြေစာကန်ပြိုကျ၊ ရေမဆေးသမား ၁၀ ဦးခန့် ပျောက်ဆုံးနေဆဲ
ဖားကန့်မြို့နယ်၊ ကုဋေမှော်ရှိ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ မြေစာကန်ပြိုကျမှုကြောင့် ရေမဆေးသမား အယောက် ၂၀ ခန့်ပါသွားတဲ့ထဲကနေ ၁၀ ယောက်ခန့် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်လောက် ကုဋေမှော် တစ်သုံးလုံးလုပ်ကွက်ထဲက မြေစာကန်ပြိုကျမှုဖြစ်ပွားခဲ့ပြီး ဒီကနေ့ ၁၇ ရက်နေ့ မနက်ပိုင်းအထိ ရေမဆေးသမား ၁၀ ယောက်ခန့် ပျောက်ဆုံးနေသေးတယ်လို့ အခြေအနေကို သိရှိတဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“စစဖြစ်ချင်းက ရေမဆေးသမား လူပေါင်း ၂၀ လောက်ပါသွားတာ။ ခဏအကြာမှာတော့ ၁၀ ယောက်လောက်က ရေတွေကူးပြီး ပြန်တက်လာကြတာ။ နောက်ထပ် ၁၀ ယောက်လောက်က ပြန်မတွေ့ရသေးဘူး။ လာကြိုတဲ့သူတွေပြောတာလည်း ကျန်သေးတယ်လို့ပြောတယ်”လို့ပြောပါတယ်။
မြေစာကန်ပြိုကျမှုအတိုင်မှီ မြေစာပုံတဝိုက် ကျောက်ရှာနေတဲ့ ရေမဆေးသမား အယောက် ၇၀ ခန့်ရှိနေပြီး ၂၀ ဦးခန့်က မြေစာကန်ပြိုကျမှုထဲပါသွားတယ်လို့သိရပါတယ်။

လက်ရှိ ပြန်လည်လွတ်မြောက်လာတဲ့ ၁၀ ယောက်ဝန်းကျင်ကလည်း လက်၊ ခြေထောက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိတဲ့သူတွေများတယ်လို့ ဆက်ဆိုပါတယ်။
“မြေစာကန်ပြိုကျလာတဲ့အခါ ကျောက်ရှာနေတဲ့သူတွေက ဗြုန်းကနဲဆိုပြီးပါသွားတာ။ ရေထဲမှာကျတဲ့သူက မြေစာထဲမှာဖော်လို့မရတဲ့သူတွေက ရှာမရ။ တစ်သုံးလုံးကန်ကြီးကလည်း အလယ်တည့်တည့်ကြီးဖြစ်နေတော့ လှိုင်းလုံးတွေပြန်ရိုက်ခတ်တော့ အခုချိန်အထိတော့ ၁၀ ယောက်လောက်က ပြန်တွေ့ရသေးတယ်”လို့ပြောပါတယ်။
မြေစာကန်ပြိုကျသွားတဲ့နေရာမှာ ဒီကနေ့ မနက်ပိုင်းအထိ ဒေသအတွင်းက ကူမူကူညီရေးအသင်းတစ်ချို့က ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေသေးတယ်လို့ဆက်သိရပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ ယခုနှစ်ဆန်းပိုင်းကနေ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတစ်ခုဖြစ်နေပြီး တစ်ဖက်မှာလည်း ပြည်သူတွေက စားဝတ်နေရေးအတွက် ရေမဆေးကျောက်ရှာတဲ့လုပ်ငန်းတွေဆက်လက်လုပ်ကိုင်နေရတာဖြစ်ပါတယ်။
ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသမှာ နှစ်စဉ် မြေစာပုံပြိုကျတဲ့ ဖြစ်စဉ်တွေ မှော်ဒေသအလိုက် ဖြစ်နေတာကြောင့် ရေမဆေးသမားတွေ အသက်သေဆုံးမှု မကြာခဏကြုံတွေ့နေရတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



