စစ်အာသိမ်းနောက်ပိုင်း ပူတာအိုဒေသမှာ KTV နဲ့ Bar တဖြေးဖြေးများလာ
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စစ်အာဏာသိမ်းနောက်ပိုင်း KTVနဲ့ Bar တွေတဖြေးဖြေးများလာနေတယ်လို့ဒေသခံတွေ ပြောပါတယ်။
ယခင်စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်မတိုင်မှီအထိ ပူတာအိုမြို့ပေါ်မှာ KTV တစ်ခုသာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်း ငါးနှစ်သာအတွင်း KTV ၆ ခုနဲ့ Bar တစ်ခုအထိ တိုးလာကြောင်း ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“အရင်ကတော့တစ်ခုပဲရှိတယ် မကျော့ဝါ KTVတစ်ခုပဲအခုနောက်ပိုင်းများလာတာဟုတ်တယ် ဒီသုံး၊လေးနှစ်အတွင်းမှာ ငါးခုထပ်တိုးလာတယ်။ အခုဆိုBarဆိုင်လည်းတစ်ခုတ်ိုးလာတယ်ညဘက်ဆိုKTVနားကလူတွေကဆူညံနေတာပဲအိပ်လို့တောင်မရဘူး။ မနက် နှစ်နာရီသုံးနာရီအထိဖွင့်ကြတာKTVတွေက”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
စစ်အာဏာမသိမ်းမှီတုန်းက ပူတာအိုမြို့ပြင် မကျော့ဝါရပ်ကွက်ထဲက Bamboo KTV တစ်ခုသာရှိပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ဂျူဗလီရပ်ကွက်မှာတစ်ခု၊ ဒုတ္တန်ရပ်ကွက်မှာ နှစ်ခု၊ လေယာဥ်ကွင်းရပ်ကွက်မှာတစ်ခုနဲ့ မကျော့ဝါရပ်ကွက်မှာနောက်ထပ်အသစ်တစ်ခုတိုးလာပြီးစုစုပေါင်း KTV ငါးခုအထိထပ်တိုးလာတယ်လို့သိရပါတယ်။

ဒါ့အပြင်ဒီနှစ်ပိုင်းထဲ ဒုတ္ထန်ရပ်ကွက်ထဲမှာ Bar တစ်ခုလည်းထပ်ဖွင့်ထားကြောင်းသိရပါတယ်။
စစ်အာဏာမသိမ်းမှီတုန်းကတော့ ပူတာအိုမြို့ပေါ်မှာ Bar ဆိုင်ဖွင့်တာ၊KTV တွေအသစ်တိုးချဲ့ဖွင့်လှစ်တာတွေကို ဒေသတွင်းက ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ရိုးရှာယဥ်ကျေးမှုအဖွဲ့တွေက တားမြစ်ခဲ့ကြပေမယ့် အခုနောက်ပိုင်း အဖွဲ့အစည်းတွေကိုဂရုမစိုက်ပဲ KTV တွေ ဘားဆိုင်တွေတိုးချဲ့ဖွင့်လှစ်လာနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက KNG ကိုပြောပါတယ်။
“ဘယ်သူတွေနဲ့ဘယ်လိုညှိယူပြီးလုပ်ကြသလဲတော့မသိဘူး ဟိုတုန်းကဆိုရင်ပူတာအိုမှာBar ဆိုင်ဖွင့်ချင်တဲ့လူတွေရှိတယ်ဒါပေမယ့် မြို့ခံ လူကြီးတွေက မဖွင့်ခိုင်းဘူးဘာသာရေးနဲ့ယဥ်ကျေးရွာအဖွဲ့တွေကကန့်ကွက်တယ်လေ အဲ့ဒါကြောင့်ပူတာအိုမှာအရင်ကBar တွေမရှိတာ KTVတွေဆိုလည်းမရှိသလောက်ပဲအခုတော့ဘယ်သူ့ကိုမှဂရုမစိုက်ဘူးBarတွေလည်းဖွင့်လာကြတယ်”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
မကျော့ဝါရပ်ကွက်ထဲက KTV တစ်ခုနဲ့ Bar ဆိုင်ကတော့လူနေအိမ်တွေနဲ့ဝေးပေမယ့် ဒုတ္ထန်ရပ်ကွက်နဲ့ ဂျူဗလီရပ်ကွက်တွေထဲက KTV သုံးခုကတော့ လူနေအိမ်တွေနဲ့ကပ်လျက်တွေမှာဖွင့်ထားတာကြောင့် ပတ်ဝန်းကျင်ကပြည်သူတွေအတွက်ဆူညံသံတွေနဲ့စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့သိရပါတယ်။
“ဒုတ္တန်ရပ်ကွက်ထဲက KTV နှစ်ခုဆိုရင်တစ်နေရာထဲမှာပဲဟိုဘက်လှမ်းဒီဘက်လမ်းပဲခြားတာတစ်နေရာမှာ KTVကနှစ်ခုအဲ့နားမှာလူနေအိမ်တွေလည်းအများကြီးပဲ။ ပတ်ဝန်းကျင်ကတော့ မနက်ထိအိပ်မရဘူး သူတို့ကနှစ်နာရီ၊သုံးနာရီထိဖွင့်တာလေး ပတ်ဝန်းကျင်ကလည်းဘာမှမတတ်နိုင်ဘူးခံနေရတာဆူညံသံတွေနဲ့”လို့ မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ မကျော့ဝါရပ်ကွက်ထဲက Bamboo KTV တစ်ခုသာလိုင်စင်ရထားပြီးကျန်တဲ့ KTV တွေက တရားအဝင် မှောင်ခိုဖွင့်နေတဲ့ KTVတွေလို့သိရပါတယ်။
ပူတာအိုလို ဝေးလံခေါင်ဖျားပြီးအလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ ဒေသမှာ အခုလို KTVတွေ Bar တွေတနေ့တခြားများပြားလာနေတာဟာ ဒေသခံလူတွေအတွက် စိုးရိမ်စရာဖြစ်သလိုတချို့လူငယ်တွေလည်း KTVတွေထဲဝင်ရောက်လုပ်ကိုင်နေတဲ့သူတွေရှိနေကြောင်းသိရပါတယ်။
အသစ်ထပ်တိုးလာတဲ့KTV တွေဟာ ၂၀၂၄၊၂၀၂၅ ခုနှစ်တွေမှာမှစတင်ဖွင့်လှစ်လာကြတာလို့သိရပါတယ်။
စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ပူတာအိုအပါအဝင်မြို့တော်မြစ်ကြီးနားနဲ့ တနိုင်း၊ဖားကန့်၊မိုးညှင်း၊မိုးကောင်းတို့လိုမြို့တွေမှာလည်း KTVနဲ့ Bar တွေသိသိသာသာများပြားလာနေကြောင်းသိရပါတယ်။
By – Zaw Zaw



