သတင်း

စစ်ကော်မရှင်ရဲ့ လေယာဥ်ဆီထောက်ပံ့ရေးကွင်းဆက်ကိုပိတ်ပင်ဖို့ နိုင်ငံ ၅ ခုကအစိုးရတွေကို Justice For Myanmar တောင်းဆို

စစ်ကော်မရှင်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို ချက်ချင်း ပိတ်ဆို့ဖို့၊ လေယာဉ်ဆီတင်ပို့မှုတွေကိုလည်း တားမြစ်ပိတ်ပင် ဖို့ အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေကို Justice For Myanmar က တိုက်တွန်းတောင်းဆိုကြောင်း ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ စစ်အုပ်စုနဲ့ လေယာဉ်ဆီ ဆက်လက်ကုန်သွယ်နေတာဟာ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်ဖို့ အားဖြည့်ပေးနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်မြင့်တက်လာပြီး ကျောင်း၊ ဆေးရုံနဲ့ လူနေရပ်ရွာတွေ ထိခိုက်ပျက်စီး ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလို စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ရေးအတွက် လေယာဥ်ဆီထောက်ပံ့ရေးကွင်းဆက်ကိုပိတ်ပင်ဖို့ တောင်းဆိုနေတဲ့တစ်ပြိုင်နက် ဒီရက်ပိုင်းအတွင်းမှာဘဲ မြန်မာပြည်တစ်ဝှမ်းအပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းကချင်အစပ် ဒေသတွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုဆိုကျနော်တို့က စိတ်ဒဏ်ရာရနေပြီ။ ၁၂ နာရီနောက်ပိုင်းဆိုရွာမှာဘယ်သူမှမနေရဲတော့တဲ့အခြေနေပေါ့။ မိသားစုတွေဘဲ လုံခြုံတဲ့တစ်နေရာမှာစုပြီးတော့ လေယာဥ်သံဘဲနားစွင့်ပြီးနေနေရတဲ့အခြေနေပေါ့လေ။ စိတ်ဒဏ်ရာတွေပေါ့ဗျာ”လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေစလို့ မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းကချင်အစပ် ကသာမြို့ကဒေသခံ အမျိုးသားတစ်ဦး က ပြောပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်န့က ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ရဲ့လေဆိပ် ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမှာ စစ်ကော်မရှင်က ဒီတိုက်ခိုက်မှုဟာ KIA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့လက်ချက်လို့ စွပ်စွဲပြီး KIA ရဲ့ဌာနချုပ်ရှိရာလိုင်ဇာဒေသနဲ့ ကချင်ပြည်နယ်တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။

ဒီစွပ်စွဲမှုကို KIA ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တိုက်ခိုက်တာမဟုတ်တဲ့အကြောင်း KNG ကဆက်သွယ်မေးမြန်ချိန် တုံ့ပြန်ဖြေကြားထားပါတယ်။

Justice For Myanmar ရဲ့ထုတ်ပြန်ချက်ထဲက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ အချက်အလက်တွေအရ လေယာဉ်ဆီတင်သွင်း မှုဟာ ၂၀၂၄ ခုနှစ်မှာ မတ်ထရစ်တန်ပေါင်း ၆သောင်း ၄ ထောင်ကျော် ရှိရာမှ ၂၀၂၅ ခုနှစ်မှာ တန် ၁သိန်းကျော်အထိ နှစ်ဆနီးပါး တိုးလာခဲ့တယ်လို့သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကလည်း တစ်နှစ်ထက်တစ်နေ့ တစ်လထက်တစ်လ လူ့အခွင့်ရေးချိုးဖောက်မှုကမြင့်လာနေပါတယ်။ ဒါ့ကြောင့် အာဆီယံမှာပါဝင်တဲ့နိုင်ငံတွေနဲ့ နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီရဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေရပ်တန့်သွားဖို့ လုပ်တောင်သင့်ပြီလို့ပြောချင်ပါတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားနေတဲ့ ကချင်လူငယ်တစ်ဦးကပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကို လေယာဥ်ဆီပို့ဆောင်တဲ့သင်္ဘောတွေဟာ အာဆီယံနိုင်ငံဖြစ်တဲ့ ဗီယက်နမ်အပါအဝင် ယူအေအီး အခြေစိုက်လုပ်ငန်းတွေလည်း ပါဝင်နေတယ်လို့ Justice For Myanmar ကဆိုပါတယ်။

ဒါ့အပြင် မကြာသေးခင်က အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International နဲ့ ရိုက်တာသတင်းဌာတို့ရဲ့ ထုတ်ပြန်ချက်တွေမှာတော့ အီရန်သင်္ဘောမှောင်ခိုအုပ်တွေနဲ့ဆက်နွှယ်သူတွေက လေယာဉ်ဆီပံ့ပိုးပေးနေတာကို သက်သေတွေနဲ့ ဖော်ပြ ထားပါတယ်။

Justice For Myanmar ကတော့ သင်္ဘောတွေ၊ သင်္ဘောပိုင်ရှင်တွေ၊ ISM မန်နေဂျာအဖွဲ့တွေ၊ လေယာဉ်ဆီသိုလှောင်ဆိပ်ကမ်း တွေနဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုထားပါတယ်။

ဒီလို အရေးယူမှုတွေ လုပ်ဆောင်လိုက်မယ်ဆိုရင်တော့ စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ်ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုကို လျော့နည်းစေနိုင်ပြီး ပြည်သူတွေကို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ အဖွဲ့ကပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်းကို စစ်ကော်မရှင်ကြောင့် နိုင်ငံတစ်ဝှမ်းမှာ အရပ်သား ၅၁ ဦးအထိသေဆုံး ခဲ့ရပြီး အဲ့ဒီထဲက ၄၅ ဦးဟာ စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လို့ထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button