မြစ်ကြီးနားမှာ KIA ကိုဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့အတွက် အကျဉ်းချုံးသာကျင်းပသွား
ကချင်ပြည်နယ် မြစ်ကြီးနားမှာ လေယာဉ်ကွင်းပစ်ခတ်ခံရတဲ့အပေါ် KIA ကိုအလိုမရှိကြောင်း ဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့အတွက် အကျဉ်းချုံးသာကျင်းပသွားတယ်လို့ ဌာနဆိုင်ရာနီးစပ်သူတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်း မိုးလုံလေလုံကွင်းကနေစပြီး မြို့တွင်းရပ်ကွက်တွေမှာ စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်ပြီး စစ်တပ်ထောက်ခံတဲ့အင်အားတစ်ထောင်ခန့်အသုံးပြုကာ KIA ကိုအလိုမရှိကြောင်း ဆန္ဒပြဖို့စီစဉ်ထားတဲ့သတင်းပေါက်ကြားလာတဲ့တွက် အစီစဉ်ပျက်သွားခဲ့တယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး KNG ကိုပြောပါတယ်။
“အစက ပြည်သူ့စစ်တွေရော၊ဌာနဆိုင်ရာက ဝန်ထမ်းတွေလည်းပါတယ်ပေါ့ ပြီးရင်ဘာသာရေးခေါင်းဆောင်တစ်ချို့ စီတန်းလှည့်လည်ပြီးပြဖို့ဟုတ်တယ်။ မနေ့ည KNG မှာသတင်းတက်လာတော့ အစီစဉ်တွေအကျဉ်းချုံးဖြစ်သွားတာ“လို့ ပြောပါတယ်။
ဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့တွက် ဒီမနက်မှာတော့ ကြံ့ခိုင်ရေးပါတီဦးဆောင်ပြီး ကား ၃ စီးနဲ့ လူအင်အား ၅၀ ခန့်ကို မြစ်ကြီးနားလေယာဉ်ကွင်းရှေ့မှာပို့ဆောင်ပြီး မိနစ်ပိုင်းအတွင်းဆန္ဒပြပွဲလုပ်သွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ “ မြစ်ကြီးနားလေဆိပ်အား FPV အသေခံဒရုန်းဖြင့်အကြမ်းဖက်တိုက်ခိုက်မှုအပေါ် မြစ်ကြီးနားမြို့ခံပြည်သူများမှငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်၊ အရပ်ဖက်ပစ်မှတ်ထား အဓိကထားတိုက်ခိုက်ခြင်းကို ကန့်ကွက်ပါသည်၊ ပြည်သူများကို နည်းမျိုးစုံနဲ့ဒုက္ခပေးနေသော အကြမ်းဖက်အဖွဲ့အား အလိုမရှိ”အစရှိတဲ့ကြွေးကြော်သံနဲ့ ခနတာကြွေးကြော်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကာ ကျင်းပသွားကြာဖြစ်တယ်လို့သိရပါတယ်။
“အဲသူတို့ဗီနိုင်းမှာက KIA/PDF ဆိုတဲ့စာတွေ ဆေးအနီရောင်နဲ့ဖျက်ထားကြတ အားလုံးတွေ့မှာပဲ။ အဓိက ကြံံ့ခိုင်ရေးပါတီက ဒီနေ့ဦးဆောင်သွားတာဟုတ်တယ်”လို့ အထက်မှာဖော်ပြတဲ့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး ဆက်ပြောပါတယ်။

စစ်ကောင်စီနဲ့စစ်တပ်ထောက်ခံတဲ့အဖွဲ့စည်းကကျင်းပသွားကြတဲ့ ဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီး လူမူကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
“ဆန္ဒပြတာက မင်းအောင်လှိုင်ကိုပြရမှာလေ နေ့ည မနားလေယာဉ်နဲ့ပြည်သူတွေကို လိုက်သတ်နေတာ ခုပြောင်းပြန်ဖြစ်နေတယ် ဒါကအားလုံးသိပါတယ်။စစ်တပ်အသိုင်းအဝိုင်းလုပ်သွားတဲ့ ဆန္ဒပြပွဲပဲလေ”လို့ မြစ်ကြီးနားမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြောက်ပိုင်းစစ်ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ အရပ်ဘက်သုံးလေယာဉ်ကွင်းနဲ့ စစ်တပ်သုံးနမ့်ပေါင်လေတပ်စခန်းနှစ်ခုရှိပြီး အာဏာသိမ်းပြီးနောက် မကြာခနတိုက်ခိုက်ခံရတဲ့လေယာဉ်ကွင်းဟာ စစ်တပ်သုံး နမ့်ပေါင်လေတပ်စခန်းဖြစ်ပါတယ်။
ပြီးခဲတဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်တဲ့ ၆၅ နှစ် မြောက်ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း မြစ်ကြီးနားနမ့်ပေါင်လေတပ်စခန်း ဌာနချုပ်ရဲ့ ရေဒါစခန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောငးပြောဆိုလာပါတယ်။
အဲဒီနောက် စစ်တပ်ဘက်က ဗိုလ်ချုပ်ကြီး ဂွန်မော်စကားကို အကြောင်းပြုပြီး ပြီးတဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့ မြစ်ကြီးနားလေဆိပ်အနီးကို အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရကြောင်း၊ နောက်ထပ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာလည်း မြစ်ကြီးနားလေဆိပ် ရန်ကုန်–မန္တလေး–မြစ်ကြီးနား ပြေးဆွဲနေတဲ့ Myanmar National Airline(MNA) ရဲ့လေယာဉ်တိုက်ခိုက်ခံရကြောင်း ဆက်တိုက်ထုတ်ပြန်လာပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က ဒီလေယာဉ်ကွင်းကို KIA/PDF တပ်ဖွဲ့ကတိုက်ခိုက်တာဖြစ်ပြီး ဒီလုပ်ရပ်အပေါ်ပြင်းထန်စွာတုံဲ့ပြန်သွားမယ့်အကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသလို မြစ်ကြီးနားမြို့ရဲ့အရပ်ဘက်သုံးလေယာဉ်ခရီးစဉ်အားလုံးလည်း ဒီနေ့ထိပိတ်ထားဆဲဖြစ်ပါတယ်။
By – Zami



