ယာဉ်ထိန်းရဲဂိတ်မှာ အရပ်သားတစ်ဦးဂိတ်ထိုင်၊ ကားတွေကိုတားပြီး ငွေတောင်းနေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံနဲ့ စက်မှုဇုန်လမ်းဆုံအနီး သားဖသုံးယောက်ရုပ်ထုနားက ယာဉ်ထိန်းရဲဂိတ်မှာ အရပ်ဝတ်နဲ့ အမျိုးသားတစ်ဦးက ကုန်တင်ကားတွေနဲ့ အိမ်စီးကားတွေကို တားပြီး ငွေကြေးတောင်းခံနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေနဲ့ ကားသမားတွေက KNG ကို ပြောပါတယ်။
အဲဒီအမျိုးသားဟာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်မဟုတ်ပေမယ့် ယာဉ်ထိန်းရဲဘောင်းဘီဝတ်ပြီး ဂိတ်မှာထိုင်ကာ ဖြတ်လာတဲ့ ကားတွေကို တားပြီး ငွေတောင်းခံနေတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
“အဲဒီလူက ယာဉ်ထိန်းရဲမဟုတ်ဘူး၊ အင်ဖော်မာပဲ။ ယာဉ်ထိန်းရဲဘောင်းဘီဝတ်ပြီး ပိုက်ဆံတောင်းနေတာ။ ကားကြီးတစ်စီးကို သိန်းဂဏန်းအများကြီးအထိ တောင်းတယ်။ ပြီးတော့ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်တွေ မစစ်ဘဲ သူနဲ့မဆိုင်တဲ့ စာရွက်စာတမ်းတွေ လာစစ်နေတယ်။ သူတားတာမသိလို့ မောင်းသွားတဲ့ကားတွေဆို ဆိုင်ကယ်နဲ့လိုက်ပြီး ဆဲနေတယ်။ အဲဒီလူကို လုံးဝမကျေနပ်ဘူး”လို့ ကားသမားတစ်ဦးက ပြောပါတယ်။
ဒ့ါအပြင် အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း အဆိုပါအရပ်ဝတ်နဲ့အမျိုးသားဟာ ယာဉ်ထိန်းရဲတွေ ဆိုင်ကယ်၊ကားတွေကိုဖမ်းတဲ့ချိန် ဆိုင်ကယ်တွေတွန်းကူတာတွေလုပ်တဲ့ လက်တိုလက်တောင်းခိုင်းတဲ့သူဖြစ်ကြောင်း ပြောပါတယ်။
KNG က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ ကုန်တင်ကားတစ်စီးကို ငွေကျပ်တစ်သိန်းကနေ ဆယ်သိန်းဝန်းကျင်အထိ တောင်းခံတာတွေရှိနေပါတယ်။
ဒါ့အပြင် အဲဒီဂိတ်ဟာ လူကြီးလမ်းကြောင်း ဖြတ်သန်းလေ့ရှိတဲ့ နေရာဖြစ်တာကြောင့် ကုန်တင်ကားတွေအပြင် အိမ်စီးကားတွေကိုပါ တားပြီး ငွေတောင်းခံနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့က မြို့မိမြို့ဖတစ်ဦးကတော့ ယာဉ်ထိန်းရဲဂိတ်မှာ တာဝန်မရှိတဲ့ အရပ်သားတစ်ဦးက ကားတွေကို တားပြီး ငွေတောင်းနေတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဖို့ တာဝန်ရှိသူတွေကပဲ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း စစ်ဆေးရမှာပါ။ အခုလို ဘယ်သူ့အမိန့်နဲ့ ငွေတောင်းနေတယ်ဆိုတာ မရှင်းလင်းဘဲ ဖြစ်နေတာက ပြည်သူတွေအတွက် အခက်အခဲဖြစ်စေတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး တကယ်မှန်ကန်တယ်ဆိုရင် ထိထိရောက်ရောက် အရေးယူသင့်ပါတယ်” လို့ သူက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ အာဏာသိမ်းပြီးနောက် မြို့တွင်း ကား၊ဆိုင်ကယ်တွေကို လိုင်စင်မဲ့ယာဉ်ဆိုတဲ့ခေါင်းစဉ်အောက် ဖမ်းဆီးတာတွေမကြာခနလုပ်ပေမယ့် ခုလို ယာဉ်ထိန်းရဲမဟုတ်ပဲ သာမန်အရပ်သားကို ယာဉ်ထိန်းရဲကိုယ်စားဖမ်းဆီးခိုင်းနေတဲ့အပေါ် ပြည်သူတွေကြား ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ ယာဉ်ထိန်းရုံးက တာဝန်ရှိသူတွေအနေနဲ့ စီစစ်အရေးယူဖို့ကို ပြည်သူတွေတောင်းဆိုနေကြသလို KNG ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်ထိန်းရုံးကိုဖုန်းနဲ့ဆက်သွယ်နေပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။
ဒါ့အပြင် ပြည်သူတွေတစ်ချို့ပြောပြချက်အရ အဲဒီအမျိုးသားကို ယာဉ်ထိန်း၊ရဲတပ်ဖွဲ့ဝငတွေနဲ့ မကြာခနမြို့ထဲမြင်တွေ့ရလေ့ရသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့သတင်းတွေကိုလည်း စစ်တပ်ထံ သတင်းပေးလေ့ရှိတယ်လို့ပြောကြပေမယ့် ဒီကိစ္စကိုတော့ KNG အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
By – Zami




