SNA စခန်းကုန်း ၂ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ တိုက်ပွဲဆက်ပြင်းထန်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရဲ့ အရေးပါတဲ့ တပ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဲဒီစခန်းတွေဟာ တာမယ်ပုတ်နဲ့ တောင်ဦးကျေးရွာမှာရှိတဲ့ SNA တပ်စခန်းတွေဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ အသီးသီး သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။
“ခုသိမ်းလိုက်တာက စစ်ကိုင်း–ကချင်အစပ်မှာလို့ ပြောလို့ရတယ် ဆယ်ဇင်းနဲ့နီးတယ်။ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းပဲ သိပ်မဝေးဘူး လောလောဆယ်တော့ တိုက်ပွဲက တော်တော်လေးပြင်းထန်နေတယ်“လို့ ပြောပါတယ်။
လက်ရှိမှာတော့ သဲဇလောက်ရွာရှိ SNA စခန်းကို ဆက်လက်ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေပြောပါတယ်။
ဒါ့အပြင် လက်ရှိ KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ တာမယ်ပုတ်၊ တောင်ဦးကျေးရွာနဲ့လက်ဆက် တိုက်ပွဲဆင်နွဲနေတဲ့ သဲဇလောက်ရွာတွေဟာ ဥရုချောင်းတစ်လျှောက်မှာရှိပြီး ဖားကန့်ဘက်က ဆယ်ဇင်းဒေသနဲ့ နီးပါစပ်ပါတယ်။
လက်ရှိချိန်ထိ နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အပြင် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

SNA တပ်ဖွဲ့ဟာ တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ တပ်သားတွေကို ဥရုချောင်းအတိုင်း ဟုမ္မလင်းမြို့ဘက် သယ်ဆောင်ပြီး ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။
ဒါကြောင့် ဟုမ္မလင်းနဲ့ သဲဇလောက်ကြား ရေကြောင်းသွားလာမှုကို SNA ဘက်က ထိန်းချုပ်ထားပြီး စက်လှေတစ်စီးမှာ လူ ၅ ဦးအထိသာ တင်ဆောင်ခွင့်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဘက်ကို နေ့တိုင်းလေကြောင်းတိုက်ခိုက်နေပြီး အောက်တိုဘာ ၂၀ ရက် မနက်အစောပိုင်းမှာလည်း တာမယ်ပုတ်ကျေးရွာကို ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်ကလည်း ဟုမ္မလင်း PDF တပ်ရင်း ၄ နယ်မြေထဲက တက်ခက်ကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ခုဒီရက်ပိုင်းက လေကြောင်းတော်တော်လာတယ်။ ဟုမ္မလင်းမြို့နယ်မှာဆိုရင် ဆယ်ဇင်းဘက်ခြမ်းနယ်ချင်းစပ်တဲ့ဘက်က တော်တော်လေးအခြေနေဆိုးတယ်။ ပြီးရင် ဟိုနေ့ကလည်း တက်ခက်ရွာကိုဗုံးကြဲလို့တစ်ယောက်သေတယ်”လို့ ဟုမ္မလင်းဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။
ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် ကချင်ဘက်က ဆယ်ဇင်း၊ တာမခံနဲ့ ဟောင်ပါးကျေးရွာတွေမှာလည်း လေကြောင်းအန္တရာယ်ကို သတိထားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာ KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလဆန်းပိုင်းကတည်းက SNA စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
By – Zaw Zaw



