ဆောင်းပါး

ငြိမ်းချမ်းရေးအတွက်လား၊ စစ်တပ်အာဏာတည်မြဲရေးအတွက်လား

ဆန်းစစ်ချက် ဆောင်းပါး

အာဏာသိမ်းစစ်တပ် ပြုလုပ်ခဲ့တဲ့ ၂၀၂၆ ရွေးကောက်ပွဲရလဒ်အတိုင်း မတ်လ ၂၀ ရက်နေ့မှာ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်တွေကို ပြန်ခေါ်ထားပါတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက်ဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေအတွက် မေးခွန်းများစွာ ရှိနေပါတယ်။

သူတို့ဟာ ပြည်သူ့အသံကို လွှတ်တော်မှာ ဆောင်ကြဉ်းပေးမယ့်သူတွေလား သို့မဟုတ် စစ်တပ်ရဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ဆက်လက်အသက်သွင်းပေးမယ့် အဖြည့်ခံပါတီတွေလား ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။ အပိုင်း ၃ ပိုင်းခွဲပြီး ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ ကချင် ပြည်နယ်အခြေစိုက် ပါတီတွေဟာ မဲဆန္ဒနယ် အနည်းစုမှာသာ အနိုင်ရခဲ့ကြပါတယ်။

လွတ်လပ်မှု၊ တရားမျှတမှု နှင့် ကိုယ်စားပြုမှု မရှိခြင်း

၂၀၁၀ ခုနှစ်နောက်ပိုင်း ပြုလုပ်ကျင်းပခဲ့သော မြန်မာ့ရွေးကောက်ပွဲတွေအနက် ယခု ၂၀၂၆ ရွေးကောက်ပွဲဟာ ‘လူထုပါဝင်မှု အနည်းဆုံး၊ တရားမျှတမှု မရှိဆုံး’ စသဖြင့် အမည်တွင်ခဲ့ပြီလို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကချင်လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောပါတယ်။

“တရားမျှတမှုဆိုတာထက် အခုရွေးကောက်ပွဲက ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ တွေမှာ ကျင်းပခဲ့တဲ့ အခြေအနေတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် လူထုပါဝင်မှု၊ နောက်ပြီး ပါတီပါဝင်ဖို့ နှုန်းအနိမ့်ဆုံး အခြေအနေဖြစ်သွားတယ်။ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့်တော့ လွတ်လပ်မှုနဲ့ တရားမျှတမှုက လုံးဝ မရှိဘူးဆိုတာကိုတော့ မြင်တွေ့ရပါတယ်” လို့ ပြောပါတယ်။

ကချင် မြို့နယ် ၁၈ မြို့နယ်အနက် ၁၀ မြို့နယ်မှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။

ပြည်နယ်အခြေစိုက်ပါတီတွေဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP ၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDPK ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP နဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP စတဲ့  ပါတီ ၄ ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပြည်နယ်ကောင်စီအဖွဲ့က ဦးဆောင်ကျင်းပခဲ့ Photo – Crd

ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ မြို့နယ် ၁၀ ခုစလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က မျှော်မှန်းထားတဲ့အတိုင်း လွှတ်တော် ၃ ရပ်စလုံးမှာ အားလုံးနီးပါး အနိုင်ရရှိခဲ့ပြီးတော့ ပြည်နယ်အခြေစိုက်ပါတီတွေက ရှုံးနိမ့်ခဲ့ပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ Kachin State’s People Party KSPP ပါတီက လွှတ်တော် ၃ ရပ်စလုံးအတွက် ပြည်နယ်အမှတ်(၁) မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်တစ်ဦး (PR-စနစ်)၊ မဲဆန္ဒနယ်အမှတ် (၂) အမျိုးသားလွှတ်တော်မှာ ယခင် KSPP ပါတီ ဥက္ကဋ္ဌ ဟောင်း ဖြစ်တဲ့ ဒေါက်တာမနမ်တူးဂျာ အနိုင်ရရှိပြီး ပူတာအို မချမ်းဘောမြို့နယ် ပြည်သူ့လွှတ်တော်မှာ တစ်နေရာအနိုင်ရရှိခဲ့တယ်လို့ KSPP ပါတီနဲ့ နီးစပ်သူတွေပြောပါတယ်။

လွှတ်တော် သုံးရပ်စလုံးအတွက် KSPP ပါတီကိုယ်စားပြု ကိုယ်စားလှယ်စုစုပေါင်း ၂၅ ဦးခန့်ယှဉ်ပြိုင်ခဲ့ရာမှာ ၃ ဦးသာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ပြည်နယ်ပါတီတစ်ခုဖြစ်တဲ့ ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီက ဆော့လော်နဲ့ အင်ဂျန့်ယန် မြို့နယ်နှစ်ခုမှာ  PR စနစ်နဲ့ ပြည်နယ်လွှတ်တော်အတွက်အနိုင်ရရှိခဲ့ပြီးတော့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော်တွင် (၁) ဦး၊ ပြည်နယ်လွှတ်တော်အတွက် PR စနစ်ဖြင့် ၂ ဦးအနိုင်ရရှိခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားတဲ့ မြို့နယ် ၁၀ ခုစလုံးမှာ ကြံ့ခိုင်ရေးပါတီက ဦးဆောင်အနိုင်ရရှိခဲ့တာဖြစ်ပြီး PR စနစ်နဲ့ ၉ နေရာအထိ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ၁၀ မြို့နယ်အပြင် ပူတာအို နောင်မွန်နဲ့ ရွှေကူမြို့နယ်ထဲမှာက ရွေးကောက်ပွဲယှဉ်ပြိုင်မှု မရှိဘဲ ကြံ့ခိုင်ရေးပါတီက ပြည်နယ်လွှတ်တော် ၂ နေရာကို အနိုင်ရရှိထားတယ်လို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေ ပြောပါတယ်။

ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ ခုရှိတဲ့ထဲကနေ မြို့နယ် ၈ နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေတွေ ပါဝင်ပြီးတော့ စစ်တပ်က ကချင်ပြည်နယ်ထဲက ၅ မြို့နယ်ထဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲကို မြို့နယ်အလိုက် ကျင်းပခဲ့တယ်လို့ စစ်ကောင်စီဖက်က ပြောဆိုနေသာ်လည်း စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ပေါ် ရပ်ကွက်တွေလောက်သာ ကျင်းပနိုင်ခဲ့ပါတယ်။

ပြည်နယ်အခြေစိုက်ပါတီတွေ အနိုင်ရရှိဖို့ အဟန့်အတား အများအပြားရှိခဲ့တယ်လို့ KSPP ပါတီဝင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးက အခုလိုပြောပါတယ်။

“ကြံ့ခိုင်ရေးက အစိုးရလိုဖြစ်နေတဲ့အတွက် ဘယ်ရွာ၊ ဘယ်ရပ်ကွက်မှာက သူတို့အင်အားကြီးတယ်။ ကျန်တဲ့ပါတီတွေက ဘယ်နေရာမှာ အင်အားကြီးတယ်ဆိုတာ သူတို့သိပြီးသားလေ။ ကြံ့ခိုင်ရေးပါတီ များတဲ့နေရာမှာက သူတို့ဂရုစိုက်ပြီး လုပ်ပေးတယ်။ တခြားပါတီတွေ အင်အားကြီးတဲ့နေရာတွေမှာက ပယ်ဖျက်လိုက်တာများတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ် အုပ်ချုပ်ရေးရုံးတွေမှာ ရွေးကောက်ပွဲလာရောက်ကြည့်ရှု့ခဲ့

ရွေးကောက်ပွဲကျင်းပချိန်မှာ တစ်နိုင်ငံအတိုင်းအတာနဲ့ အားပြိုင်ပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးခေါင်းဆောင်တစ်ချို့ကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ရွေးကောက်ပွဲ ကော်မရှင် UEC က မှတ်ပုံတင်ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။

စစ်တပ်က နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့သာ ရွေးကောက်ပွဲပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို အတားအဆီးဖြစ်နိုင်တဲ့ နိုင်ငံရေးပါတီတွေကို ဖယ်ရှားလိုက်တာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦး ပြောပါတယ်။

“နောက်နောင် လွှတ်တော်တွေမှာ သူတို့အတွက်အနှောက်အယှက်ဖြစ်စေမယ့် ဝေဖန်ပြောဆိုတာတွေရှိလာနိုင်မယ့် နိုင်ငံရေးပါတီ ဒါမှမဟုတ် ပုဂ္ဂိုလ် လူတစ်ဦးယောက်ကို ရွေးချယ်တာတွေ မလုပ်ဘူး။ နောက်ပြီး NLD လို အားပေးမှုများတဲ့ ပါတီတွေ မပါဘူး။ ဒါတွေကို ခြုံငုံပြီးသုံးသပ်ကြည့်ရင် စစ်တပ်က သူ့ရဲ့ အာဏာပါဝါတွေကို ထိပါးလာနိုင်မယ့် အရာတွေကို ဖယ်ရှားလိုက်တယ်လို့ မြင်ပါတယ်”

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေဟာ စစ်တပ်နဲ့ နီးစပ်သူ၊ မဟာမိတ်ဖြစ်လာမယ့် ပါတီတွေကိုသာ ရွေးချယ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုများစွာ ရှိခဲ့ပါတယ်။

ငြိမ်းချမ်းရေးလား စစ်တပ်အာဏာ တည်မြဲရေးလား

ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေဟာ ပြည်သူလူထု လိုလားနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်လာဖို့၊ တန်းတူအခွင့်အရေးရရှိဖို့ ဆိုပြီး မဲဆွယ်စည်းရုံးခဲ့ကြတာ တွေ့ရပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီကလည်း နိုင်ငံတော်ငြိမ်းချမ်းသာယာရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူမျိုးပေါင်းစုံ စည်းလုံးဖို့၊ ဖက်ဒရယ်ဒီမိုကရေပြည်ထောင်စု ပေါ်ထွန်းလာဖို့ ပါတီရည်ရွယ်ချက်နဲ့ ဝင်ပြိုင်တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အစိုးရအသစ်ပေါ်ပေါက်လာပြီးနောက် တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပြီး ပြောင်းလဲမှုတစ်ချို့ ရှိလာနိုင်တယ်လို့ ယုံကြည်ကြောင်း KSPP ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးက “အစိုရအသစ်ပေါ်ပေါက်လာတာနဲ့ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးအနည်းငယ်ရရှိလာမယ်လို့တော့ မျှော်လင့်မိပါတယ်။ မျှော်လင့်တယ်ဆိုတဲ့ထဲမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိလာနိုင်မလားပေါ့။ ဒါပေမယ့် ရာနှုန်းပြည့်တော့ မဆိုလိုပါဘူး” လို့ ပြောပါတယ်။

သို့ပေမယ့် အခုရွေးကောက်ဟာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က ဆက်လက် ဦးဆောင်ခွင့်ရရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ဆက်လက်အသက်သွင်းဖို့ စစ်တပ်အာဏာ ဆက်လက်တည်မြဲဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

မြစ်ကြီးနား မြို့တွင်းရပ်ကွတွေမှာ မဲလာရောက်ထည့်တဲ့မြင်ကွင်း

စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကျင့်သုံး ဆွဲကိုင်နေသရွေ့ တိုင်းရင်းသားပါတွေက ဘာမှလုပ်ဆောင်လို့ရမှာ မဟုတ်ဘူးလို့  ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက “တိုင်းရင်းသားပါတီတွေနေနဲ့တော့ လွန်ခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ တွေကို သုံးသပ်ကြည့်ရင်တော့ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ၊ ဘာမှလုပ်ဆောင်လို့ရတဲ့အရာ မဟုတ်ဘူး။ ဘာကိုပြောလိုသလဲဆိုတော့ စစ်တပ်ကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေကိုက တိုင်းရင်းသားပါတီတွေအနေနဲ့ ဘာမှလုပ်ဆောင်ခွင့်မရတဲ့ ဥပဒေပဲဖြစ်နေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့သော ၂၀၁၀၊ ၂၀၁၅ ခုနှစ်တွေမှာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိတဲ့ အစိုးရအဆက်ဆက်မှာလည်း ၂၀၀၈ ဥပဒေအောက်မှာ ပြုလုပ်ကျင်းပခဲ့သော လွှတ်တော်တွေရဲ့ လေ့လာမှုအရ တိုင်းရင်းသားပါတီတွေရဲ့ တင်ပြချက်အသံတွေဟာ ထင်ဟပ်မှုမရှိသလောက်အားနည်းခဲ့တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် အပစ်ခတ်ရပ်စဲရေးလမ်းကြောင်းကို မရှာဘဲ စစ်တပ်အောက်မှာ ရှိနေသရွေ့ ငြိမ်းချမ်းရေး အလှမ်းဝေးနေမှာ ဖြစ်တယ်လို့ Kachin Human Rights Watch အဖွဲ့ Director ဒေါ်ဆိုင်းမိုင်းက “အကြမ်းဖက်တဲ့ စနစ်အောက်မှာ မဝင်သင့်ဘဲ ဝင်နေကြတယ်။ တစ်ဖက်မှာ ငြိမ်းချမ်းရေးကို အရင်ဆွေးနွေးလာဖို့ လမ်းကြောင်းကို အရင်မရှာ မပြုပြင်နိုင်သေးတဲ့အချိန် သူတို့ စီမံထားတဲ့ အောက်မှာပဲ ဝင်ပြီး ပြောနေသရွေ့ အဲ့နိုင်ငံရေးပါတီက ဘယ်လောက်ပဲ ဖြစ်နိုင်တယ်ပြောပြော မျှော်လင့်ပြီး ဝင်ရောက်လာပေမယ့် စစ်တပ် ထိန်းကွပ်မှုအောက်မှာပဲ ရောက်ရောက်နေမှာပဲ”

ဒါကြောင့် ငြိမ်းချမ်းရေးအတွက်ဆိုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေဟာ စစ်တပ်အသုံးချခံတွေအဖြစ်သာ ပိုမိုအသွင်ဆောင်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က လက်ရှိ ယာယီသမ္မတ ရာထူးတာဝန်ယူထားချိန် ‘ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ’ ဥပဒေကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မဲထည့်နေတဲ့ အမျိုးသမီးတစ်ဦး

၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီး စစ်ကော်မရှင်ထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ အတိုင်ပင်ခံကောင်စီ ဥပဒေထဲမှာ ‘ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်များအကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ ပြုလုပ်နိုင်ရန်အတွက် ကောင်စီဖွဲ့စည်းရန် နိုင်ငံတော်သမ္မတအား အခွင့်အာဏာအပ်နှင်းသည်’ တာဝန်ပေးအပ်ခြင်းဆိုင်ရာဖြင့် ထုတ်ပြန်ထားပါတယ်။

အကြံပေးကောင်စီ ဖွဲ့စည်းဖို့ရန်အတွက် နိုင်ငံတော်သမ္မတအနေဖြင့် သင့်လျော်တဲ့ ပုဂ္ဂိုလ်များနဲ့ အတွင်းရေးမှူးအပါအဝင် ၅ ဦး ထက်မနည်းပါဝင်ပြီး ဖွဲ့စည်းရမယ်ဖြစ်တယ်လို့ပြဋ္ဌာန်းချက်မှာပါရှိပါတယ်။

ဒါဟာ စစ်တပ်က ပေါ်ထွက်လာမယ့် လက်အောက်ခံအစိုးရကို တိုက်ရိုက်ချုပ်ကိုင်ဖို့ ဖွဲ့စည်းပေးလိုက်တာဖြစ်တယ်လို့ ဒေါ်ဆိုင်းမိုင်က ဆက်လက် သုံးသပ်ထားပါတယ်။

“ဒီနေရာမှာ အကြံပေးကောင်စီထဲမှာ ဘယ်သူတွေပါဝင်လာမလဲဆိုတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အဖွဲ့တွေကပဲ ပြန်ဝင်လာမှာ ဖြစ်တယ်။ ဟိုးအရင် ၂၀၁၀ ခုနှစ် သိန်းစိန်အစိုးရကလိုပဲ စစ်ဝတ်စုံကို ချွတ်ပြီးတော့ အရပ်သားအစိုးရနဲ့ ဝင်လာတယ် အဲ့ဒါနဲ့ မထူးမခြားပါပဲ။ စစ်ကော်မရှင်က အခုဖြစ်လာမယ့် အစိုးရကို ပြန်ပြီးထိန်းချုပ်နိုင်ဖို့ စစ်တပ်က နေရာယူထားတဲ့ သဘောပါပဲ” လို့ သုံးသပ်ထားပါတယ်။

စစ်ကောင်စီက အကြံပေး ကောင်စီဖွဲ့စည်းလိုက်တာဟာ လာမယ့်အစိုးရသစ်အပေါ် အာဏာသက်ရောက်နိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်တွေက ဝေဖန်ပြောဆို နေကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက “အခုအစိုးရအသစ်က ဘယ်လို ဦးဆောင်ပြီး ဖြစ်လာမယ်ဆိုတာကို မသိဘူးလို့ပြောပါတယ်။ ဒါပေမယ့် ဒီအကြံပေးကောင်စီမှာ စစ်တပ်ဘက်ကပဲ အများကြီး ပါဝင်လာမယ်လို့ ထင်တယ်။ မြင်တဲ့သဘောက အကြံပေးကောင်စီကပဲ ထိန်းကျောင်းသွားဖို့ရှိနေတယ်လို့ ထင်တယ်။ ဒီကနေပဲ အစိုးရ ယန္တရား ဖြစ်လာမယ့် ပုံပေါက်နေတာပေါ့လေ” လို့ ပြောပါတယ်။

ပေါ်ပေါက်လာမယ့် အစိုးရအသစ်ကို ‘ပြည်ထောင်စု အကြံပေးကောင်စီ’ က ဆက်ပြီးထိန်းကျောင်းသွားဖို့ ရှိနေတဲ့အတွက် လက်ရှိ မြန်မာနိုင်ငံရဲ့ အခင်းအကျင်းပေါ် ပြုပြင်ပြောင်းလဲလာဖို့ အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။

မဲထည့်ဖို့ တန်းစီနေတဲ့ ပြည်သူများ

တစ်ဖက်မှာ စစ်အုပ်ချုပ်ရေးစနစ်ကို ခုခံတော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဖျက်သိမ်းပြီး NUG နဲ့ လက်တွဲခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့  ကချင်တော်လှန်ရေးနေ့ ၆၅ နှစ်ပြည့် အခမ်းအနား တစ်ခုမှာ KIO ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“KPICT နဲ့ CRPH ကြားကာလသဘောတူညီချက် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့မှာဟုတ်ပါတယ်။ စာချုပ်လေးကတိုတိုလေးပါပဲ။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ နိုင်ငံတော်အာဏာကို စစ်ကော်မရှင်မှ အတင်းအဓမ္မသိမ်းယူခဲ့တဲ့နောက် CRPH ရဲ့ ကြေညာချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကိုပြီးတိုင်ဖျက်သိမ်းကြောင်းကြေညာတယ်။ CRPH ရဲ့ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုထားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ထိုသို့ ၂၀၀၈ ကို ဖျက်သိမ်းသော တော်လှန်ရေးအဖွဲ့များ နှင့် ၂၀၀၈ အတိုင်းဆက်သွားနေသော ရွေးကောက်ပွဲ လမ်းစဉ်အောက်တွင် ဝင်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီများသည် ပါတီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ရပ်တည်ချက် ထက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက် အာဏာသိမ်းစစ်တပ်၏ လမ်းပြမြေပုံအတိုင်း လျောက်လှမ်း ကြမှာ ဖြစ်ပါတယ်။

 ထို့အစီစဉ် စတင်အကောင်ထည်ဖို့ လာမယ့် မတ်လ ၂၀ ရက်နေ့မှာ တိုင်းဒေသ (သို့မဟုတ်) ပြည်နယ်လွှတ်တော်အစည်းအဝေးတွေကို စတင်တော့မှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း မတ်လ ၁၅ ရက်နေ့ နောက်မကျဘဲ သတင်းပို့အကြောင်းပြန်ဖို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button