လေယာဉ် လက်မှတ် အခက်အခဲကြောင့် ဆေးကုသမည့် လူနာများ အခက်တွေ့

လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့် လူနာတွေအတွက် အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အရေးပေါ် ဒဏ်ရာ၊ ကင်ဆာရောဂါနဲ့ နာတာရှည် ရောဂါတွေဟာ မြစ်ကြီးနားမြို့က ဆေးရုံကြီးတွေမှာ ကောင်းမွန်စွာ ကုသဖို့ ခက်ခဲတဲ့အတွက် ရန်ကုန်၊ မန္တလေး နဲ့ ထိုင်းနိုင်ငံဖက်ကို သွားရောက် ကုသနေကြတာလည်း ဖြစ်ပါတယ်။

မြစ်ကြီးနား ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဦးခေါင်းသွေးယိုစိမ့်မှု ဖြစ်တဲ့ အမျိုးသမီးလူနာတစ်ဦး ဟာ ရန်ကုန်၊ မန္တလေးဆင်းပြီး ဆေးကုသရမှာ ဖြစ်ပေမယ့်လည်း  လေယာဉ်လက်မှတ် အခက်အခဲတွေကြောင့် မြစ်ကြီးနားမြို့က ဆေးရုံကြီး တစ်ခုမှာဘဲ ခွဲစိတ်ကုသရင်း အသက်ဆုံးပါးသွားခဲ့ရတယ်လို့ သားဖြစ်သူက အခုလိုပြောပြပါတယ်။

မြစ်ကြီးနားက ဆရာဝန်တွေက သိပ်ပြီး မယုံရဘူး။ အရေးပေါ်တွေ ဘာတွေ ဖြစ်ရင်တော့ ဖြစ်နိုင်ရင် ရန်ကုန် မန္တလေး သွားရမှာတော့ ဟုတ်တယ်။ ဒါပေမယ့်လည်း အခြေအနေအရ ကားလမ်းကနေသွားရင်  လမ်းမှာဘဲ ဆုံးသွားမလား ဆိုပြီး စိုးရိမ်ခဲ့ပြီး ခုလို စိတ်မကောင်းစရာ တွေ ဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။

မေလ တစ်လလုံးအတွက် လေကြောင်းလိုင်း တရားဝင် ဝက်ဆိုက်တွေမှာ လက်မှတ်အားလုံး ရောင်းကုန်ကြောင်း ပြသထားသလို ဇွန်လအတွက်ကတော့ ခုံတွေ အရောင်းတင်ထားတာ မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် မှောင်ခိုဈေးကွက်မှာတော့ မြစ်ကြီးနားမန္တလေး ကျပ် ၁၃ သိန်းကနေ ၁၅ သိန်း ဝန်းကျင်ထိ ပေါက်စျေးရှိနေပြီး မြစ်ကြီးနားရန်ကုန်ကတော့ ကျပ် ၁၅ သိန်းကနေ ကျပ် ၂၀ သိန်း ဝန်းကျင်ထိ မြင့်တက်နေတာ ဖြစ်ပါတယ်။

ဟိုနေ့က အသိတစ်ယောက်တောင် သူ့ယောက္ခမက ကင်ဆာဖြစ်နေတာ သူက ပြန်သွားပြရမှာဟုတ်တယ်။ ဒါပေမယ့်လည်း လေယာဉ်လက်မှတ်တွေလည်း ဈေးအရမ်းကြီးသွားတော့ စိတ်ညစ်တယ်လို့ ပြောနေတယ် မြစ်ကြီးနားမြို့က အမျိုးသမီးက ပြောပြပါတယ်။

ဒါပေမယ့် လေယာဉ်လက်မှတ်တွေရဲ့ တရားဝင်ဈေးနှုန်းတွေဟာ မြစ်ကြီးနားမန္တလေး ကို ကျပ် ၈သိန်းဝန်းကျင်နဲ့ မြစ်ကြီးနားရန်ကုန် ဈေးနှုန်းတွေကတော့ ကျပ် ၁၀ သိန်းကျော်သာ ကျသင့်ရမှာ ဖြစ်ပါတယ်။

တစ်ပတ်ထက်တစ်ပတ် လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ မှောင်ခိုဈေးကွက်ကို ထိန်းချုပ်ပေးဖို့ ပြည်သူတွေက တောင်းဆိုထားပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့က လေကြောင်းခရီးစဉ်တွေကို MAI  AIRTHANLWIN  MANN YADANARPON  AIRMINGALAR စတဲ့လေကြောင်းလိုင်းတွေက တစ်ရက်တစ်လှည့်စီ ပြေးဆွဲနေတယ်လို့ သိရှိရပါတယ်။

မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ ခွဲအချိန် မြန်မာအမျိုးသားလေကြောင်းလှိုင်း (MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးမြို့သို့ ထွက်ခွာဖို့အတွက် ပြင်ဆင်နေချိန် ဒရုန်းနဲ့ ပစ်ခတ်ခံရပြီးနောက်  ဖေဖော်ဝါရီ  ၂၁ ရက်နေ့ကစပြီး လေကြောင်းလှိုင်း အားလုံးကို ပိတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက် တစ်လကျော်အကြာ ဧပြီ ၅ရက်နေ့မှာမှ လေကြောင်းခရီးစဉ်တွေ ပြန်လည် ပြေးဆွဲခဲ့တာလည်း ဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button