ဖမ်းဆီးခံထားရတဲ့ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေမှူး လွတ်မြောက်လာခြင်းမရှိသေး
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့ ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ အင်ကြင်းကုန်းရွာက ကျောင်းထိုင်ဘုန်းကြီး ဦးကေသရ ကို PDF ထောက်ပို့ထီရောင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မေလ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။
အဲဒီနောက် မိုးကောင်းအခြေစိုက် အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ–၃)ထဲဖမ်းဆီးသွားပြီး လူဝတ်လှဲခိုင်းကာ ရိုက်နှက်စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။
“စကခ ၃ ကိုခေါ်သွားပြီး ရိုက်နှက်စစ်ဆေးနေတယ်လို့နောက်ဆုံးကြားထားရတယ်။ ဒီနေ့ပြောနေကြတာက အရမ်းရိုက်နှက်ထားလို့သတိမေ့နေတယ်လို့လည်း သတင်းတွေထွက်လာတယ်။တိတိကျကျတော့မသိရသေးဘူး”လို့ မိုးကောင်းမြို့ခံအမျိုသားတစ်ဦး KNG ကိုပြောပါတယ်။

အင်ကြင်းကုန်းရွာဒေသခံတွေပြောပြချက်အရ SNA တပ်ဟာ အင်အား ၅၀ ဝန်းကျင်အသုံးပြုပြီး မေလ ၁၆ ရက် ညနေပိုင်းမှာ ဘုန်းကြီးကျောင်းထဲဝင်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ကျောင်းထိုင်ဘုန်းကြီး ခုလိုဖမ်းဆီးခံရတာဟာ ထောက်ပို့ထီရောင်းတဲ့အကြောင်း SNA တပ်ဆီ သတင်းပေးသူတစ်ချို့ကြောင့်ဖြစ်တယ်လို့ ဒေသခံတစ်ချို့သုံးသပ်နေကြပါတယ်။
မေလ ၁၉ ရက် ဒီနေ့နောက်ဆုံးရရှိထားတဲ့အချက်လက်အရ ရိုက်နှက်စစ်ဆေးမှုတွေကြောင့် ဘုန်းကြီးဦးကေသရဟာ သတိမေ့မြောနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုဖို့ခက်ခဲနေတာပါ။
SNA တပ်ရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ကျောင်းထိုင်ဘုန်းကြီး ဦးကေသရဟာ သက်တော် ၅၄ နှစ်ရှိပြီး ဝါတော်(၃၄)ဝါရှိတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်လို့လည်းသိရပါတယ်။
အလားတူ SNA တပ်ဟာ ကျောင်းထိုင်ဘုန်းကြီးနဲ့အတူ နောက်ထပ် အင်ကြင်းကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးစိုးစိုးကိုလည်းဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။
“အုပ်ချုပ်ရေးမှူးက သူတို့ခန့်ထားတာဟုတ်တယ်။ ဒါပေမယ့် PDF ကိုထောက်ခံလို့ အားပေးလို့ဖမ်းတာလို့လည်းပြောကြတယ်။အုပ်ချုပ်ရေးမှူးသတင်းတော့ ဖမ်းသွားတဲ့နေ့ကစပြီး ဘာမှမကြားရသေးဘူး”လို့ နောက်ထပ်မိုးကောင်းမြို့ခံအမျိုးသားတစ်ဦးကလည်း ဆက်ပြောပါတယ်။
မိုးကောင်းမြို့နယ်ထဲမှာရှိတဲ့ အင်ကြင်းကုန်းကျေးရွာဟာ အိမ်ခြေ(၃၀၀)ဝန်းကျင်ရှိတယ်လို့သိရပြီး ကျေးရွာဖြစ်ပြီး SNA တပ်တို့အဓိကစစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့လည်း မကြာခနတိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မေလ ၂၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့SNA တပ်တို့်ဟာ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့အတွက် မိုးကောင်းမြို့အဝင်ထွက်နေရာတစ်ချို့မှာ စစ်ဆေးရေးတင်းကြပ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
မိုးကောင်းမြို့နယ်ဟာ မြစ်ကြီးနား– မန္တလေးသွားလမ်းမကြီးပေါ်မှာတည်ရှိပြီး စစ်ကောင်စီတပ်က အားကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
By – Zami




