• Sep- 2024 -
    10 September
    သတင်း

    ရွှေကူမှာ စစ်တပ် ရဟတ်ယာဉ်အသုံးပြုပြီး  တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်တွေချသွားတယ်လို့ဆို

    ကချင်ပြည်နယ် ရွှေကူမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၆၀၂ နဲ့ ခြေလျင်တပ်ရင်း (ခလရ) ၅၆ တပ်ရင်းဌာနချုပ်မှာ စစ်တပ်က ရဟတ်ယာဉ် ၂ စီးအသုံးပြုပြီး တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်လာချသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေ ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ ရဟတ်ယာဉ်  ၄ စီးနဲ့ရောက်လာပြီး ၂ စီးလုံခြုံရေးယူပေးကာ နောက်ထပ် ၂ စီးက ပိုက်ဆံထည့်ထားတဲ့ ဆာလာအိတ်တွေချသွားတာဖြစ်တယ်လို့ ရွှေကူဒေသခံ တပ်နဲ့နီးစပ်သူတစ်ဦး ခုလိုပြောပါတယ်။ “ပြီးခဲ့တဲ့ ၂ ရက်နေ့ လာချသွားတာ ရဟတ်ယာဉ် ၂ စီးနဲ့ချသွားတာ တန်ချိန် တစ်တန်လောက်ရှိတယ်လို့ ခန့်မှန်းရတယ် ပိုက်ဆံတွေရောက်မှ လစာထုတ်ကြတာ”လို့ ပြောပါတယ်။ တပ်နဲ့နီးစပ်သူတွေပြောဆိုချက်အရ ရွှေကူမြို့နယ်ထဲမှာရှိတဲ့ စစ်တပ်အသိုင်းအဝိုင်းနဲ့ ဝန်ထမ်းမိသားစုဝင်တွေဟာ လစာမရရှိတာကြာပြီး စက်တင်ဘာလ ၅ ရက်နေ့ ရဟတ်ယာဉ်နဲ့ ပိုက်ဆံလာချပြီးနောက်မှသာ လစာထုတ်ကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ နောက်ပိုင်း ကချင်– စစ်ကိုင်းအစပ်မှာ စစ်တပ်နဲ့  KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက်  ကုန်းကြောင်းကနေ ဝင်ရောက်ဖို့ခက်ခဲနေတဲ့ စစ်တပ်ဟာ လေကြောင်းအသုံးပြုပြီး လစာထုတ်နိုင်ဖို့ ပိုက်ဆံလာချပေးတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ ရွှေကူမြို့ ဆိပ်ကမ်းမှာလည်း စစ်တပ်ရဲ့ ရိက္ခာတင်သင်္ဘောနဲ့ စစ်လက်နက်တင်ထားတဲဲ့သင်္ဘောတွေအပါအဝင် သံခွန်မော်တော်ယာဉ်စုစုပေါင်း ၈ စင်းရောက်နေပြီး ရိက္ခာချနေကြတယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်က ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ်ရိက္ခာလာပို့်နေတာဖြစ်ပြီး ဒီတစ်ခေါက်ရောက်လာတဲ့ ရိက္ခာတွေဟာ တစ်နှစ်စာအတွက် လုံလောက်နိုင်တဲ့ ရိက္ခာတွေဖြစ်တယ်လို့ သိရပါတယ်။ “အဓိက တင်လာတာက ရိက္ခာတစ်နှစ်စာလောက်တယ်လို့တောင် သိရတယ်။ ပြီးတော့ စစ်လက်နက်ပစ္စည်း စစ်အင်အားတော့ သင်္ဘောလုံခြုံရေးယူပေးသလောက်ဘဲပါလာတယ် သင်္ဘောကတော့ ပစ္စည်းချနေတုန်း”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရိက္ခာတွေချနေချိန်အတွင်းမှာလည်း မြစ်ကမ်းနံဘေးသွားလာခွင့်ပိတ်ထားတဲ့အပြင် ဒေသခံပြည်သူတွေ မြစ်ထဲဆင်းတာ၊ စက်လှေအသေးတွေနဲ့ငါးရှာထွက်တာကိုလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ စစ်တပ်ဘက်က ရိက္ခာချနေချိန်အတွင်း သွားလာခွင့်မရတာကြောင့် ခက်ခဲနေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ နောက်ဆံးအပတ်မှာ လက်နက်တင်ထားတဲ့ စစ်သင်္ဘော  ၂ စီးအပါအဝင် ရိက္ခာတင်သင်္ဘောအကြီး ၂ စင်းနဲ့နောက်ထပ် သံခွန်မော်တော်ယာဉ် ၄ စင်း စုစုပေါင်း ၈ စင်းတက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်ခံရတဲ့အတွက် သင်္ဘော ၂ စင်းပျက်စီးသွားပေမယ့်  သံခွန်မော်တော်ယာဉ် ၄ စီးကိုသုံးပြီး တွဲကာဆန်တက်လာတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဟာ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ဒေသကို စစ်အင်အား၊လက်နက်ရိက္ခာတွေပို့ဖို့ ကုန်းကြောင်း၊ရေကြောင်းကနေ ပို့ဆောင်ပေမယ့် ကုန်းကြောင်းမှာ စစ်ကိုင်းဒေသကိုဖြတ်ချိန် မကြာခနတိုက်ခိုက်ခံရတာကြောင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း လေကြောင်းအကာအကွယ်နဲ့ ရေကြောင်းကိုအဓိကအသုံးပြုပြီး စစ်လက်နက်ရိက္ခာ ပို့ဆောင်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် ရိက္ခာတင်ပို့လာချိန်မှာလည်း စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ လုံခြုံရေးယူပြီး မန်းလေးကနေ ရွှေကူအထိ ဆန်တက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒိီစစ်လက်နက်ရိက္ခာတွေ သင်္ဘောဟာ ဗန်းမော်အထိဆန်တက်နိုင်တယ်လို့လည်း ဒေသခံတွေ ခန့်မှန်းပြောဆိုနေကြပါတယ်။ စစ်တပ်ရဲ့သင်္ဘောတက်လာချိန်တိုင်း ကာကွယ်တပ်ဘက်က တိုက်ခိုက်သလို စစ်တပ်ဘက်ကလည်း လေကြောင်းကနေပစ်ခတ်တာ၊ စစ်သင်္ဘောပေါ်မှာ လက်နက်ကြီးအထိုင်ချလာပြီး ကမ်းဘက်ကို ယမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်တာတွေ ပုံမှန်ရှိနေပါတယ်။ ဒါပေမယ့် ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုအသေးစိတ်ကို သိနိုင်ဖို့ ခက်ခဲနေဆဲလည်း ဖြစ်ပါတယ်။ By – Zami

    Read More »
  • 9 September
    သတင်း

    လားရှိုးမြို့ကို စစ်တပ်ကလေကြောင်းနဲ့ထပ်မံဗုံးကြဲ အရပ်သားထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဆို

    “အရေးပေါ်အခြေအနေဖြစ်နေပါတယ် လူထိခိုက်မှုတော့ရှိတယ်။အတိအကျတော့မသိရသေးပါဘူး။ ဒီမနက် ၁၀ ခွဲလောက်မှာ ဗုံး ၂ လုံထပ်ကြဲသွားတယ်။”လို့ လားရှိုးမြို့ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

    Read More »
  • 8 September
    သတင်း

    မလေးရှားနိုင်ငံမှာကျင်းပတဲ့ သိုင်းပေါင်းစုံ Rage(MMA) Welterweight မှာ ချန်ပီယံသစ်ဖြစ်လာတဲ့ ကချင်သားလေး 

    မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲမှာ မြန်မာပြည်ဖွား ကချင်သားလေး Joseph  Sut Du Aung  ဗိုလ်လုပွဲကိုအနိုင်ရပြီး ချန်ပီယံသစ်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကွာလာလမ်ပူမြို့ Lalaport shopping mall the Cage မှာ စက်တင်ဘာ ၇ ရက်နေ့ ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ဘက်ကစားသမားဖြစ်တဲ့ မလေးရှားနိုင်ငံသား Kumarendran ကို ၅ ချီထိကစားကာ အမှတ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အနိုင်ရရှိတဲ့အပေါ် အားရကျေနပ်မှု သိပ်မရှိခဲ့ဘူးလို့  Joseph  Sut Du Aung ခုလိုပြောပါတယ်။ “ပျော်လားဆိုတော့လည်း အဲလောက်မပျော်ဘူး ကျွန်တော်လုပ်ချင်သလောက်မလုပ်လိုက်ရဘူး ဘာလို့လဲဆိုတော့ မထိုးခင် နှစ်ပတ်လောက်မှာ ကျနော့်ပခုံးက  ဒဏ်ရာအကြီးကြီးရခဲ့တယ်။ ကျနော်က သူထိုးကိုယ်ထိုးဘဲ ကြိုက်တာ ဒါပေမယ့်လည်း ပခုံးကအနာကြောင့် အမှတ်ရအောင်ဘဲ ဆော့ခဲ့လိုက်ရတယ်”လို့ ဆိုပါတယ်။ Joseph  Sut Du Aung ဟာ ကစ်ဘောက်ဆာ ၆ ပွဲထိုးတဲ့ထဲမှာ ၃ ပွဲနိုင် ၃ ပွဲရှုံးထားပြီး သိုင်းပေါင်းစုံ Rage(MMA) ၄ ပွဲမှာ ၄ ပွဲစလုံးအနိုင်ရရှိထားပြီး မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲရဲ့ ချန်ပီယံသစ်ဖြစ်ခဲ့ပြီဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ Rage(MMA)Amateur level  မှာ နောက်ထပ် ၃ ပွဲလောက်အတွေ့အကြုံယူပြီးပါက ONE CHAMPIONSHIP မဟုတ်ရင် UFC မှာ ပရိုဖက်ရှင်နယ်အဆင့်အထိ ပြန်လည်ထိုးသတ်သွားချင်တယ်လို့ ခုလိုဆက်ပြောပါတယ်။…

    Read More »
  • 7 September
    သတင်း

    ဖားကန့် ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်နေ 

    ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် စစ်ကောင်စီတပ်ဘက်က ဆိုင်းတောင်ရွာထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ Luky Man Hotel နဲ့ KTV မှာရှိနေတဲ့ KIA၊ KPDF တပ်ဖွဲ့တစ်ချို့ကို ဝင်စီးနင်းရာကနေ အပြန်လှန်ပစ်ခတ်မှုစတင်ခဲ့ပြီး ညနေ ၅ နာရီနောက်ပိုင်း တိုက်ပွဲပိုပြင်းထန်လာတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ “ဒီမနက် ၁ နာရီကျော်ကတည်းက ဖြစ်နေတာ KIVနဲ့ Hotel မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တစ်ချို့ကို စစ်တပ်က ဝင်ဖမ်းတာလို့ပြောတယ်။ စစ်ကြောင်းက ၃ ကြောင်း Luky man ထဲဝင်တာတစ်ဖွဲ့၊ Luky man ဆိုင်နားက တံတားမှာလုံခြုံရေးယူပေးတာ တစ်ဖွဲ့၊ Luky man နောက်ဖက် ကျောက်သွေးတောင်ဘက်ကို လုံခြုံယူပေးတာတစ်ဖွဲ့ ဝင်လာတာ။ အဲဒါကို KIA ပူးပေါင်းတပ်က ရွာအပြင်ကနေ ထပ်ဝိုင်းထားတော့ တစ်နေကုန်ပစ်လိုက် နားလိုက်နဲ့ ညနေပိုင်းကနေ တောက်လျှောက်ဖြစ်နေပြီ”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၂၀ ဝန်းကျင်ရှိပြီး Luky man Hotel ထဲဝင်ရောက်စီးနှင်းချိန် တံတားမှာစောင့်နေတဲ့အဖွဲ့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ကျောက်သွေးတောင်ဘက် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တို့အကြား တစ်နေ့လုံး စစ်ရေးတင်းမာနေခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာလ ၆ နာရီ နောက်ဆုံးသိရှိရတဲ့အချက်လက်အရ ဆိုင်းတောင်ရွာက ပြည်သူတွေဟာ မနက်ပိုင်းကနေ ထွက်ပြေးသွားနိုင်တဲ့သူတွေရှိပေမယ့် အများပိုင်းရွာထဲကျန်နေသေးတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ “တစ်နေကုန် နှစ်ဖက်စောင့်ကြည့်အနေထားမှာရှိနေတာလို့ သိရတယ် ပစ်လိုက်နားလိုက်နဲ့ အထဲဝင်သွားတဲ့ စစ်ကြောင်းကလည်း ပြန်မထွက်နိုင်တော့ဘူး ပြည်သူတွေက တံခါးပိတ်ပြီးနေနေကြတယ်လို့ နောက်ဆုံးသိထားရတယ်။ပြေးတဲ့သူကလည်း တစ်ချို့ပြေးကြပြီ နေ့လည်ကတည်းက” လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ရွာအထဲ ဝင်ရောက်တဲ့ စစ်ကောင်စီတပ်တွေထွက်လို့မရအောင် KIA ပူးပေါင်းတပ်က ပိတ်ဆို့ပစ်ခတ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာလ ၄ ရက်နေ့မှာတော့ မရှီကထောင်ဘက်ကို စစ်ရေးစတင်လှုပ်ရှားလာတာဘဲဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ  မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။‘ By – Zami

    Read More »
  • 6 September
    သတင်း

    ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံ

    စစ်ကိုင်းတိုင်း ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စိီ စစ်ကြောင်းတစ်ကြောင်း ကာကွယ်ရေးတပ်ဘက်ကို လက်နက်ချအညံ့ခံလာတယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ စက်တင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံလိုက်တာဖြစ်တယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။ “ဖမ်းမိတာမဟုတ်ပါဘူး အလင်းဝင်တာလို့ပဲသုံးရမယ် စက်တင်ဘာ ၅ ရက်နေ့က လာချတဲ့စစ်ကြောင်း ဒုတိယအကြိမ် လေယာဉ်နဲ့ချလာတဲ့စစ်ကြောင်း”လို့ ပြောပါတယ်။ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သား ၈၁ ဦးဖြစ်ပြီး ရာထူးနဲ့ အမည်နာမအသေးစိတ်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့စပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ တစ်ကျော့ပြန်ထိုးစစ်ဆင်နေတာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့အထိ မြို့တွင်း ရဲစခန်းနဲ့ အာရှဘဏ်ကုန်းဘက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဘက်ကလည်း ပင်လည်ဘူးမြို့မကျရေး  နေ့တိုင်းလေကြောင်းနဲ့ပစ်ခတ်တိုက်ခတ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ရဲစခန်းနဲ့ အာရှဘဏ်ကုန်ကျန်သေးတယ် မသိမ်းသေးဘူး မြို့ပေါ်ကော ကောလင်း ၀န်သိုးဘက်ခွေးစစ်ကြောင်းရှိသေးတယ်။ လေယာဉ်နေ့တိုင်းလာပစ်တယ် အာရှဘဏ်ကုန်းဘက်ပြင်းထန်နေပါတယ်”လို့ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောပါတယ်။ ပင်လည်ဘူးမြို့ဟာ ကောလင်းခရိုင်ထဲမှာရှိပြီး စစ်ကိုင်း– ကချင်အစပ်မှာရှိသလို ခြေမြန်တပ်ရင်း ခမရ (၃၆၆) နဲ့ (၃၇၀) လက်အောက်ခံ တပ်သားနဲ့ ရဲတပ်သား နှစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်အင်အား ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားပြီလို့ သိရပြီး  ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်း တစ်ကြောင်းလုံးလက်နက်ချအညံ့ခံလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစ်ပြီး  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲပြင်းထန်ခဲ့သလို ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။  ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ချိန်ကတည်းက ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။ By – အမိုး

    Read More »
  • 6 September
    သတင်း

    ဖားကန့် အထက်တန်းကျောင်းနီး လက်နက်ကြီးကျပေါက်ကွဲပြီး ဆိုင်ကယ် ကယ်ရီသမားတစ်ဦးလက်နက်ကျည်ထိမှန်

    ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းစာသင်ကျောင်းအနီး လက်နက်ကြီးကျပေါက်ကွဲလို့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဆောင်အနည်းငယ်ထိမှန်ပျက်စီးထားတယ်လို့ ဖားကန့်မြို့ ပြည်သူတွေက ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် ၆၀ မမ လက်နက်ကြီး ၂ လုံးကျပေါက်ကွဲတာဖြစ်တယ်လို့ ဖားကန့်မြို့ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဟုတ်တယ် တစ်ယောက် ဒဏ်ရာရတာမြင်တယ် ကယ်ရီသမားဟုတ်တယ်လို့ ပြောတယ် နာမည်တွေတော့ အတိအကျမသိရဘူးဗျ ဆေးရုံပို့လိုက်ကြပြလို့ပြောတယ်။ အဲစာသင်ကျောင်းက ဗျူဟာကုန်းနားမှာရှိတာဟုတ်တယ်”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်သူဟာ မည်သူမည်ဝါဆိုတာအသေးစိတ်မသိရသေးဘူးလို့ သိရပြီး ကျောင်းသား၊သူတွေက နေအိမ်ပြန်သွားကြပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဖားကန့်မြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ဖားကန့်မြို့ မရှိီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးမှာရှိတဲ့ ကုန်းနေရာမှာစစ်တပ်က တပ်စွဲနေရာယူလာတာကြောင့် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။ စစ်ရေးအခြေနေကြောင့် မရှိီကထောင်ရပ်ကွက်၊အောင်မြေကွက်သစ်ရပ်ကွက် ပြည်သူတွေ ဖားကန့်မြို့ပေါ်စစ်ရှောင်နေကြသလို စက်တင်ဘာလ ၅ ရက်နေ့ကစလို့ ယူမာရွာကိုလည်း ထပ်ပြီးစစ်ရှောင်ခိုင်းနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ “ယူမာရွာကိုလည်း လက်နက်ကြီးတွေထိမှာစိုးလို့ ရှောင်ခိုင်းနေတယ်လို့ ပြောတယ်။ ရှောင်တဲ့သူတွေကလည်း ရှောင်နေကြပြီ အများပိုင်းရှောင်နေကြတယ်”လို့ နောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်ည ဖားကန့်မြို့တွင်း KIA ပူးပေါင်းတပ်တွေရဲ့ဒရုန်းပျံဝဲလာတာကြောင့် စစ်တပ်ဘက်က ဒရုန်းကိုလိုက်လံပစ်ခတ်တာတွေလုပ်နေပြီး ဒီမနက်ထိပစ်ခတ်တာတွေ ရှိနေတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဒါကြောင့် ဒီမနက် အထက်တန်းကျောင်းအနီးကျပေါက်ကွဲတဲ့ လက်နက်ကြီးဟာ ဘယ်အဖွဲ့ကပစ်ခတ်တဲ့လက်နက်ကြီးလဲဆိုတာပြောဖို့ခက်တယ်လို့ ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာ လဆန်းမှာတော့ နှစ်ဖက်ပစ်ခတ်မှုခပ်စိပ်စိပ်ဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ  မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာကြောင့် လက်နက်ကြီးထိမှန်သူတွေရဲ့ အချက်လက်အသေးစိတ်သိရှိဖို့လည်း ခက်ခဲနေပါတယ်။…

    Read More »
  • 6 September
    သတင်း

    နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး

    စက်တင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က နမ့်ခမ်းမြို့ညစျေးအနီးတစ်ဝိုက် ပေါင် ၅၀၀ ရှိတဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးတဲ့ ၁၃ ဦးထဲမှာ မိသားစုလိုက်အားလုံးသေဆုံးတာလည်းရှိနေတယ်လို့ ဆိုပါတယ်။

    Read More »
  • 6 September
    သတင်း

    တိုက်ပွဲကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေ

    စစ်ကိုင်းနဲ့ကချင်အစပ်မှာ မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ပိတ်ထားရတဲ့ မြစ်ကြီးနား– မန္တ‌လေး လမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေတယ်လို့ မြစ်ကြီးနား–မန္တလေးကားပြေးဆွဲနေသူတွေဆီက သိရ ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က စပြီးတိုက်ပွဲကြောင့်ပိတ်နေတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စက်တင်ဘာလ လဆန်းပိုင်းကစ အန်စာတုံးကားအသေးတွေနဲ့ တောလမ်းတွေကိုသုံးပြီး ခရီးသည်တစ်ယောက်ကို ကျပ်တစ်သိန်းခွဲ နှုန်းပြေးဆွဲနေရတယ်လို့ ကားသမားတစ်ယောက်ကပြောပါတယ်။ “တောလမ်းတွေကိုကွင်းပြီးသွားရတာပေါ့ အဲ့လမ်းတွေကနေ အန်စာတုံးကားလေးတွေတော့သွားလို့ရနေ တယ်။ လမ်းကတော့နည်းနည်းဆိုးတာပေါ့ မြေလမ်းဆိုတော့။ ခရီးလည်း ကြန့်ကြာသွားတာပေါ့ ခရီးသည် ယာဥ်အကြီး Express ကားတွေမရဘူး။ ကုန်ကားတွေတော့မရဘူးပေါ့”လို့ပြောပါတယ်။ အဲ့ဒီအန်စာတုံးကားအသေးတွေနဲ့ တင်နိုင်တဲ့ကုန်ပစ္စည်းတစ်ချို့တော့သယ်ဆောင်လို့ရပေမဲ့ ပစ္စည်းအများအပြားတော့သယ်လို့မရဘူးလို့ ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း တိုက်ပွဲတွေကြောင့်သွားလာလို့မရတော့တဲ့ နောက် ကချင်ပြည်နယ်အတွင်း အခြေခံကုန်ပစ္စည်းအဝင်မရှိတော့သလို ခရီးသွားလာတဲ့သူတွေ လျော့နည်း သွားတာတော့မရှိဘူးလို့ ကားသမားတစ်ယောက်ကဆက်ပြောပါတယ်။ “အသွားအလာကတော့ မြစ်ကြီးနားဘက်က ပုံမှန်လောက်တော့သွားကြတယ်။ အရင်လောက်တော့မသွား တော့ဘူးပေါ့လေ”လို့ပြောပါတယ်။ ကားလမ်းအသုံးပြုပြီးသွားလာသူအများစုဟာလည်း လေယာဥ်လက်မှတ်မရလို့ မဖြစ်မနေသွားလာရသူတွေ သာများတယ်လို့ဆိုပါတယ်။ လက်တလော ကချင်ပြည်နယ်ဘက်မှာဆိုရင် မော်လူးဒေသကစလို့ လမ်းတွေပိတ်ထားပြီး မန္တလေးကနေ မြစ်ကြီးနားကိုလာရင်တော့ ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံဒေသကစလို့ လမ်းတွေပိတ်ထားတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပြန်ဖွင့်ဖို့ ကြာမြှင့်အုံးမယ်လို့ ကားသမားတွေဆီ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအသိပေးလာပြီး ဒီနေ့အထိလည်း ကားလမ်းပိုင်းကပြန်မဖွင့်သေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့ဆိုရင် မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း တိုက်ပွဲတွေကြောင့်ပိတ်ထားရ တာ ရက်ပေါင်း ၂၁ အထိရှိလာပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 5 September
    သတင်း

    ပူတာအိုဘက်ကို စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ခက်ခဲနေဆဲ

    ပူတာအိုမြို့နယ်ဘက်ကို ကုန်ကားတစ်ချို့ သွားလာခွင့်ရနေပြီဖြစ်ပေမယ့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကြားမှာ လမ်းပိုင်းပျက်စီးနေသေးတဲ့အတွက် စက်သုံးဆီနဲ့ ကုန်ပစ္စည်းအများပိုင်း သယ်ယူဖို့ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ နှစ်လကျော်အကြာ ပိတ်ထားတဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းမှာ ဩဂုတ်လ ၂၈ ရက် နောက်ပိုင်း ကုန်ကားအသေးသွားလာခွင့်ရနေပြီး  မြစ်ကြီးနားကနေ တက်သွားတဲ့ ကုန်ကားအကြီးတွေ ဆွမ်ပရာဘွမ့်မြို့နယ် ဆူယန်းကျေးရွာအထိသာ ရောက်ရှိနိုင်သေးတယ်လို့ ပူတာအိုဒေသခံတွေ ပြောပါတယ်။ ဒါကြောင့်  ပူတာအိုဘက်ကနေ ကားသေးတွေနဲ့ ဆူယန်းရွာကနေ တစ်ဆင့် ကုန်ပစ္စည်းတွေကို မြို့ထဲပြန်သယ်ယူနေရတယ်လို့ ပူတာအိုဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ကားအသေးတွေတော့ ပြန်တက်နေပြီ ဒါပေမယ့် ကားအကြီးတွေ တက်လို့မရသေးဘူး။ စက်သုံးဆီတွေဆိုရင်တော့ ပူတာအိုဘက်ကနေ ဆင်သွားတဲ့ ကားနဲ့ ကားကြီးတွေက လမ်းပျက်နေတဲ့ နေရာအထိ သွားပြီးတော့ ပိုက်တွေနဲ့ ပြန်စုပ်ပြီး ပူတာအိုဘက်ကို ပြန်သယ်ယူသွားရတယ်။ ကားကြီးတွေ ဆူယန်ဆိုတဲ့ ရွာအထိပဲရောက်နိုင်သေးတယ်”လို့ပြောပါတယ်။ ဆူယန်ရွာမှာ ပိတ်မိနေတဲ့ကုန်ကားကြီးတွေက ပူတာအိုမြို့နယ်ဘက်ကို ဝင်ရောက်နိုင်ဖို့ရန်အတွက် လမ်းပြုပြင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ခုလို မြစ်ကြီးနား– ပူတာအိုလမ်းပိုင်း ကုန်ကားကြီးတွေ ပုံမှန်တိုင်းသွားလာလို့မရသေးတဲ့အတွက် လက်ရှိ ပူတာအိုမြို့ထဲ ကုန်စျေးနှုန်း ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်စျေးနှုန်းတက်နေတဲ့အခြေအနေ ရင်ဆိုင်နေရတယ်လို့ ပူတာအိုဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။ “စက်သုံးဆီတော့ အနည်းငယ် မသိမသာလေးကျလာတယ်။ ဒါပေမယ့် ကုန်းပစ္စည်းတွေက လုံးဝမကျဘူး။ အခုက လမ်းမှာ တစ်ဆင့်ခံပြန်သယ်ယူရသေးတော့ တင်ခက စျေးများနေတာ အဲဒါကြောင့် ကုန်စျေးနှုန်းက နေ့တိုင်းတိုင်းလိုလိုတက်နေတာ”လို့ပြောပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးမှုကြောင့် လမ်းပိတ်မိနေတဲ့ နှစ်လအတွင်း ပူတာအိုမြို့မှာ စက်သုံးဆီ ဓါတ်ဆီတစ်ဂါလံ တစ်သိန်း နှစ်သောင်းဝန်းကျင်အထိရှိခဲ့ပြီး တစ်ခြားကုန်စျေးနှုန်းတွေလည်း စျေးအဆမတန်မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် ဩဂုတ်လ ၂၈ ရက် လမ်းပြန်ဖွင့်သွားတဲ့နောက်ပိုင်း တစ်ပတ်အတွင်းမှာ စက်သုံးဆီ တစ်ဂါလံ လက်ရှိပေါက်စျေး ၆၀၀၀၀ ကျော်အထိ လျှော့ကျသွားပြီးတော့ ကြက်ဥတစ်လုံးကို ၁၆၀၀ အထိရှိနေသေးတယ်လို့ သိရပါတယ်။ အခုလို ပူတာအိုဒေသမှာ ကုန်စျေးနှုန်းတက်နေတာဟာ တဆင့်ခံဝယ်ယူတဲ့ မြစ်ကြီးနားမြို့မှာတင် ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ရရှိနေသေးတဲ့ ကုန်ပစ္စည်းတွေလည်း စျေးနှုန်း နေ့စဉ် တစ်ထောင်ကျော် အထက် စျေးနှုန်းမြင့်တက်နေတဲ့အတွက် ပူတာအိုဒေသလို လမ်းပန်းဆက်သွယ်ရေးခက်တဲ့ နေရာဒေသတွေမှာ ကုန်းစျေးနှုန်းထိုးတက်သွားတာဖြစ်ပါတယ်။ ဒါကြောင့် ပူတာအိုဒေသဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် တခြားဒေသတွေထက် ကုန်စျေးနှုန်းမြင့်တက်တဲ့ ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေကြတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 4 September

    ဖားကန့် မရှိီကထောင်ရွာအနီး စစ်တပ်ကတပ်စွဲလာလို့ ပြည်သူများစစ်ဘေးရှောင်

    ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးမှာရှိတဲ့ ကုန်းမှာ စစ်တပ်က တပ်စွဲနေရာယူလာတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။ ဩဂုတ်လ နောက်ဆုံးအပတ်ကစပြီး အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်အနီးဝန်းကျင် စစ်ရေးလှုပ်ရှားနေရာကနေ ဒီမနက်မှာ မရှီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးကုန်းပေါ်မှာ တပ်စွဲလာတာဖြစ်တယ်လို့ ဖားကန့်မြို့ပြည်သူတစ်ဦးက ပြောပါတယ်။ “တောလမ်းကနေလာပြီး အဲကုန်းပေါ်မှာတပ်စွဲတာ  PDF တွေကလည်း အဲ့ကုန်းနဲ့ မျက်နှာချင်းဆိုင်ကိုတက်သွားပြီး တစ်ရွာလုံး နေ့လည် တစ်နာရီ မထိုးခင် အမြန်ရွှေ့ကြဖို့ ပြောလို့ ရှောင်နေကြတယ်”လို့ ပြောပါတယ်။ စစ်တပ်ဘက်က တပ်စွဲနေရာယူထားတဲ့တစ်ဘက်ခြမ်းမှာ KIA ပူးပေါင်းတပ်ဘက်ကလည်း နေရာယူလိုက်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်နေတာကြောင့် အောင်မြေကွက်သစ်ရပ်ကွက် ပြည်သူများ ဖားကန့်၊မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာဝင်ရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ “စစ်ရှောင်ကတော့ ဖားကန့် မဏိဇေယျုံကို အဓိက ပြေးလာကြတယ်၊ တချို့လည်း နီးစပ်ရာဆွေမျိုးအိမ်ပေါ့။ ခုစစ်ရှောင်လာတဲ့ရပ်ကွက်က မရှီကထောင်ရပ်ကွက်မှာထပ်တိုးချဲ့ထားတဲ့ရပ်ကွက်ဟုတ်တယ်။ အိမ်ခြေ တစ်ရာကျော်လောက်ရှိမယ် ခုအားလုံးထွက်ပြေးနေကြပြီ” လို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။ ဒီနေ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်အရေအတွက်ကိုတော့ ဖုန်း၊အင်တာနက်လိုင်းအခက်ခဲကြောင့် တိတိကျကျသိရဖို့ ခက်ခဲနေပါတယ်။ မရှီကထောင်ရပ်ကွက်ဟာ ဖားကန့်မြို့နဲ့ ဉရုချောင်းခြားထားတဲ့ ကျောက်စိမ်းတောင်တံတားတစ်ဖက်မှာရှိပြီး ဖားကန့်မြို့ပေါ် ၅ ရပ်ကွက်ဝင်မှာပါဝင်သလို အိမ်ခြေထောင်ချီရှိပါတယ်။ လက်ရှိတိမ်းရှောင်နေရတဲ့ အောင်မြေကွက်သစ်က မရှီကထောင်ရပ်ကွက်မှာထပ်တိုးချဲ့ထားတဲ့ရပ်ကွက်ငယ်ဖြစ်ပါတယ်။  ဒီနေ့ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေတဲ့နေရာဘက်ကို ဖားကန့် စစ်တပ် ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူတာတွေလုပ်နေတယ်လို့လည်း ဖားကန့်ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာတာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ  မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – Zami

    Read More »
Back to top button