သတင်း

ပူတာအိုဘက်ကို စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ခက်ခဲနေဆဲ

ပူတာအိုမြို့နယ်ဘက်ကို ကုန်ကားတစ်ချို့ သွားလာခွင့်ရနေပြီဖြစ်ပေမယ့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကြားမှာ လမ်းပိုင်းပျက်စီးနေသေးတဲ့အတွက် စက်သုံးဆီနဲ့ ကုန်ပစ္စည်းအများပိုင်း သယ်ယူဖို့ခက်ခဲနေသေးတယ်လို့ သိရပါတယ်။

နှစ်လကျော်အကြာ ပိတ်ထားတဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းမှာ ဩဂုတ်လ ၂၈ ရက် နောက်ပိုင်း ကုန်ကားအသေးသွားလာခွင့်ရနေပြီး  မြစ်ကြီးနားကနေ တက်သွားတဲ့ ကုန်ကားအကြီးတွေ ဆွမ်ပရာဘွမ့်မြို့နယ် ဆူယန်းကျေးရွာအထိသာ ရောက်ရှိနိုင်သေးတယ်လို့ ပူတာအိုဒေသခံတွေ ပြောပါတယ်။

ဒါကြောင့်  ပူတာအိုဘက်ကနေ ကားသေးတွေနဲ့ ဆူယန်းရွာကနေ တစ်ဆင့် ကုန်ပစ္စည်းတွေကို မြို့ထဲပြန်သယ်ယူနေရတယ်လို့ ပူတာအိုဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။

ကားအသေးတွေတော့ ပြန်တက်နေပြီ ဒါပေမယ့် ကားအကြီးတွေ တက်လို့မရသေးဘူး။ စက်သုံးဆီတွေဆိုရင်တော့ ပူတာအိုဘက်ကနေ ဆင်သွားတဲ့ ကားနဲ့ ကားကြီးတွေက လမ်းပျက်နေတဲ့ နေရာအထိ သွားပြီးတော့ ပိုက်တွေနဲ့ ပြန်စုပ်ပြီး ပူတာအိုဘက်ကို ပြန်သယ်ယူသွားရတယ်။ ကားကြီးတွေ ဆူယန်ဆိုတဲ့ ရွာအထိပဲရောက်နိုင်သေးတယ်လို့ပြောပါတယ်။

ဆူယန်ရွာမှာ ပိတ်မိနေတဲ့ကုန်ကားကြီးတွေက ပူတာအိုမြို့နယ်ဘက်ကို ဝင်ရောက်နိုင်ဖို့ရန်အတွက် လမ်းပြုပြင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ခုလို မြစ်ကြီးနား– ပူတာအိုလမ်းပိုင်း ကုန်ကားကြီးတွေ ပုံမှန်တိုင်းသွားလာလို့မရသေးတဲ့အတွက် လက်ရှိ ပူတာအိုမြို့ထဲ ကုန်စျေးနှုန်း ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်စျေးနှုန်းတက်နေတဲ့အခြေအနေ ရင်ဆိုင်နေရတယ်လို့ ပူတာအိုဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။

စက်သုံးဆီတော့ အနည်းငယ် မသိမသာလေးကျလာတယ်။ ဒါပေမယ့် ကုန်းပစ္စည်းတွေက လုံးဝမကျဘူး။ အခုက လမ်းမှာ တစ်ဆင့်ခံပြန်သယ်ယူရသေးတော့ တင်ခက စျေးများနေတာ အဲဒါကြောင့် ကုန်စျေးနှုန်းက နေ့တိုင်းတိုင်းလိုလိုတက်နေတာလို့ပြောပါတယ်။

မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးမှုကြောင့် လမ်းပိတ်မိနေတဲ့ နှစ်လအတွင်း ပူတာအိုမြို့မှာ စက်သုံးဆီ ဓါတ်ဆီတစ်ဂါလံ တစ်သိန်း နှစ်သောင်းဝန်းကျင်အထိရှိခဲ့ပြီး တစ်ခြားကုန်စျေးနှုန်းတွေလည်း စျေးအဆမတန်မြင့်တက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် ဩဂုတ်လ ၂၈ ရက် လမ်းပြန်ဖွင့်သွားတဲ့နောက်ပိုင်း တစ်ပတ်အတွင်းမှာ စက်သုံးဆီ တစ်ဂါလံ လက်ရှိပေါက်စျေး ၆၀၀၀၀ ကျော်အထိ လျှော့ကျသွားပြီးတော့ ကြက်ဥတစ်လုံးကို ၁၆၀၀ အထိရှိနေသေးတယ်လို့ သိရပါတယ်။

အခုလို ပူတာအိုဒေသမှာ ကုန်စျေးနှုန်းတက်နေတာဟာ တဆင့်ခံဝယ်ယူတဲ့ မြစ်ကြီးနားမြို့မှာတင် ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ရရှိနေသေးတဲ့ ကုန်ပစ္စည်းတွေလည်း စျေးနှုန်း နေ့စဉ် တစ်ထောင်ကျော် အထက် စျေးနှုန်းမြင့်တက်နေတဲ့အတွက် ပူတာအိုဒေသလို လမ်းပန်းဆက်သွယ်ရေးခက်တဲ့ နေရာဒေသတွေမှာ ကုန်းစျေးနှုန်းထိုးတက်သွားတာဖြစ်ပါတယ်။

ဒါကြောင့် ပူတာအိုဒေသဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် တခြားဒေသတွေထက် ကုန်စျေးနှုန်းမြင့်တက်တဲ့ ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေကြတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button