• Sep- 2024 -
    4 September
    သတင်း

    အင်းတော်ဘုန်းကြီးကျောင်းမှာ ပိတ်မိပြည်သူတစ်ထောင်ဝန်းကျင်ရှိပြီး အစာရေစာပြတ်လပ်မှုကြုံနေရ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ မြို့မဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ပြည်သူတစ်ထောင်နီးပါးရှိပြီး အစာရေစာပြတ်လပ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲစတင်လာတဲ့ သြဂုတ် ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့မဘုန်းတော်ကြီးကျောင်းထဲမှာ ထွက်ပြေးခိုလုံနေကြတဲ့ လူဦးရေတစ်ထောင်နီးပါးဟာ ဒီနေ့အထိ စစ်ကောင်စီတပ်ဘက်က ထွက်ခွာခွင့်မပေးတဲ့အတွက် ပိတ်မိနေတာ ၁၉ ရက်အထိရှိလာပြီလို့ အင်းတော်မြို့ဒေသတွင်း သတင်းအရင်းမြစ်တစ်ဦးက KNGကိုပြောပါတယ်။ “ဘုန်းကြီးကျောင်းထဲမှာပိတ်မိနေတဲ့ပြည်သူ တစ်ထောင်နီးပါးရှိတယ်ဗျ သူတို့ပိတ်မိနေတာ ၁၉ ရက်ရှိလာပြီ ခုအစားအသောက်တွေပြတ်လပ်နေပြီတဲ့ဗျာ။ စစ်သားတွေက လွတ်မပေးဘူးလို့သိရတယ်။ ဖုန်းလိုင်းလည်းဆက်သွယ်ရခက်နေတယ်။လောလောဆယ် ဆန်ပြုတောင် ဝဝလင်လင်တောင်မသောက်ရဘူး”လို့ အထက်ဖော်ပြပါအမျိူးသားတစ်ဦးကပြောပါတယ်။ ပိတ်မိနေတဲ့ပြည်သူတွေထဲမှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ကိုယ်ရင်တွေအပါ မြို့ခံပြည်သူ ၉၀၀ ကျော်လောက်ရှိပြီး ဘုန်းကြိီးကျောင်းအနီး လက်နက်ကြီးကျမှန်တာကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းကနေ ထွက်ခွင့်မရတဲ့အပြင် ဆေးကုသခွင့်မရတာကြောင့်  ၂ ဦး သေဆုံးသွားပြီလို့သိရပါတယ်။ “ဆေးကုခွင့်လည်းမရဘူးဗျဘာဆေးမှမရှိဘူးပြောတယ် ဒီနေ့ထိဆိုရင် ဒဏ်ရာသွေးလွန်ပြီးသေတာ နှစ်ယောက်ရှိပြီ”လို့ အင်းတော်ကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒဏ်ရာရထားသူတွေဟာ လက်နက်ကြီး ကျည်ထိမှန်ထားသူတွေဖြစ်ပြီး သေဆုံးသွားသူနှစ်ဦးကတော့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ရုပ်အလောင်းကိုတော့ ဘုန်းကြီးကျောင်းဧရိယာထဲမှာထဲ မြေမြှပ်သဂြိုလ်လိုက်တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊အင်းတော်PDFနဲ့ ကျောင်း သား တပ် (ABSDF) ပူးပေါင်းတပ်တွေဟာ အင်းတော်မြို့သိမ်းတိုက်ပွဲကိုသြဂုတ် ၁၅ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အင်းတော်ရဲစခန်း၊ထွေအုပ်ရုံးနဲ့မြို့အဝင်အထွက်ကာကင်စခန်းတွေကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့လေကြောင်းကနေဗုံးကျဲနေတာကြောင့်အင်းတော်မြို့အထိုင်တပ်ကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ အင်းတော်မြို့နယ်ဟာ စစ်ကိုင်း– ကချင်အစပ်မှာရှိပြီး ကုန်းကြောင်းအရဗျူဟာကျတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 4 September
    သတင်း

    ကသာမှာရပ်ထားတဲ့ စစ်သင်္ဘောတွေ လေကြောင်းပစ်ကူနဲ့  ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘော ၅ စီးလုံး ဝေဟင်ကနေ ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ပစ်ကူပြီးတော့ ကချင်ပြည်နယ်ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာနေပြီလို့ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ စက်တင်ဘာလ၄ရက်နေ့ ဒီကနေ့မနက်ပိုင်း၉နာရီဝန်းကျင်လောက်မှာ ကသာမြို့နယ် သဖန်းကိုင်ရွာဆိပ်ကမ်း ကနေ ရွှေကူမြို့ဆီဦးတည်ထွက်ခွာနေတာဖြစ်ပြီး ကသာမြို့နယ်အဆုံးကရွာဖြစ်တဲ့ မိုးတားလေးတစ်ဝှိုက်ကို ရောက်ရှိနေပြီလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “ မိုးတားလေးအထက်နားရောက်ပြီ ကသာနယ်ဆုံးတော့မှာ။ မနက်က ၉ နာရီကစထွက်တာ လေယာဥ်က လည်း ၈ စင်းလောက်သုံးသွားတယ်။ လေယာဥ်က ဗုံးတွေချလိုက်တာတွေရော စုံတယ် စက်သေနတ်တွေ နဲ့ရောပစ်တာ”လို့ပြောပါတယ်။ ကသာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကလည်း တက်လာတဲ့စစ်သင်္ဘောတွေနဲ့ အပြန် အလှန်ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူဆက်တိုက်အသုံး ပြုတာတွေကြောင့် မရပ်တန့်နိုင်ခဲ့ဘူးလို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောပေါ်ကရော လေကြောင်းကနေပါ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ အတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကကျေးရွာနေအိမ်တစ်ချို့တော့ပျက်ဆီးနိုင်တယ်လို့ ဆိုပါ တယ်။ “ လောလောဆယ်တော့ ဒေသခံတွေအခြေနေမကြားသေးဘူး။ မြစ်ကမ်းဘေးကရွာတွေကတော့ ကြိုပြီး ရှောင်ခိုင်းထားတယ်။ ဒီနေ့တော့ထိခိုက်မှုမရှိလောက်ဘူးထင်ပါတယ်။ အဆောက်အဦးတွေကတော့ ပျက်ဆီးနိုင်တယ်”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်လက်နက်ရိက္ခာတွေအဓိကသယ်လာတဲ့ အဲ့ဒီစစ်သင်္ဘော ၅ စီးဟာ ကသာမြို့နယ် သဖန်းကိုင်ဆိပ်ကမ်း တွင် ၂ ညအိပ်ပြီး ကသာမြို့နယ်ထဲက စစ်သားအင်အားတွေလည်းဖြည့်တင်းသွားတယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့တွေ ဖြစ်တဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနဲ့ကသာမြို့နယ် ကလုံ၊ညောင်ခြေထောက်ရွာတို့မှာ အရပ်သားတွေ ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်လာတာဖြစ်ပြီး စတင်ထွက်ခွာလာချိန် ၈ စီးရှိပေမဲ့ ၃ စီးကတော့ သပိတ်ကျင်းမြို့နယ်မှာကျန်နေခဲ့တာ လို့ သိရပါတယ်။ သပိတ်ကျင်းမြို့နယ်ကနေတော့ စစ်သင်္ဘော ၅ စီးထွက်ခွာလာတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ ထီးချိုင့် နဲ့ မြတောင်ရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တစ်ညအိပ်ရပ်နားပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ကသာမြို့နယ်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်မယ်ဆိုတော့မသိရသေးပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဒီနှစ်မတိုင်ခင်ကာလတွေမှာတော့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အထိဆန် တက်ပြီး ရိက္ခာရောလူအင်အားပါဖြည့်တင်းလေ့ရှိတာဖြစ်ပါတယ်။ သို့ပေမဲ့ ပြီးခဲ့တဲ့ မတ်လက KIA နဲ့ပူးပေါင်းအဖွဲ့တို့ဆောင်ရွက်ခဲ့တဲ့ ကချင်ပြည်နယ်တစ်ပြည်နယ် လုံး အတိုင်းအတာ အရှိန်မြင့်စစ်ဆင်ရေးအတွင်း ဧရာဝတီမြစ်ကြောင်းက အရေးပါတဲ့နေရာတစ်ချို့ကို KIA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ စစ်ရေး ကျွမ်းကျင်သူတွေကတော့သုံးသပ်ထားပါတယ်။ By – အမိုး

    Read More »
  • 4 September
    သတင်း

    ဗန်းမော်မြို့နယ် ၇ မိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ

    ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ကနေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမောက်နဲ့ မိုးမောက်ကြားက ၇ မိုင်ဆိုတဲ့ အောင်မြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အဖွဲ့တွေက အောင်မြေကျေးရွာတွေမှာ နေရာယူထားတယ်။ အဲ့ဒါကြောင့် ပိတ်ဆို့တိုက်ခိုက်နေတာဟုတ်တယ်”လို့ပြောပါတယ်။ မိုးမောက်တပ်ကို KIA တပ်တွေ ဩဂုတ်လ ၁၉ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်ဘက်ကနေ တန်ပြန်ထိုးစစ်ဆင် စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေဟာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်တပ်ရှိတဲ့ဘက်ကို ကျော်တက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ တစ်ရက်ထဲမှာပဲ လေကြောင်းနဲ့ ဗုံး ၈ လုံးအထက်လာရောက် ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “အခုတိုက်ပွဲဖြစ်နေတဲ့ မိုးမောက် ၆ မိုင်၊ ၇ မိုင်ဘက်ကို ဒီကနေ့က ဗုံးလာကြဲသွားတာ ၈ ကြိမ်လောက်ရှိပြီ။ တိုက်ပွဲလည်း ဆက်ဖြစ်နေတုန်းပဲ”လို့ပြောပါတယ်။ KIA တပ်တွေလည်း သိမ်းပိုက်ထားပြီဲဖြစ်တဲ့ မိုးမောက်တပ်ကို လက်မလွတ်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ပိတ်ဆို့တိုက်ခိုက်နေတာ ၁၀ ရက်ကျော်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိမှာ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်တွေက ၆ မိုင်နဲ့ ၇ မိုင်ကြားမှာရှိတဲ့ အောင်မြေကျေးရွာမှာ အင်အားစုပြီး တပ်စွဲနေထိုင်ထားတာကြောင့် KIA တပ်တွေက ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်တာ ရက်ပေါင်း ၂၀ လောက်ရှိလာပြီဖြစ်ပေမယ့် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 4 September
    သတင်း

    KIO  ထိန်းချုပ်နယ်မြေတစ်ချို့မှာ ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေ

    မြစ်ကြီးနား–ဗန်းမော်ကားလမ်းတစ်လျှောက် KIO ထိန်းချုပ်နယ်မြေမှာ ဘတ်စ်ကားလိုင်း စပြေးဆွဲနေပြီဖြစ်တယ်လို့  KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ခုလိုဘတ်စ်ကားပြေးဆွဲရတာဟာ KIO အစိုးရကနေပြီးတော့ သွားရေး၊လာရေး အခက်ကြုံနေကြတဲ့ အရပ်သားပြည်သူတွေ၊စစ်ရှောင်ပြည်သူတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ကေအိုင်အိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “ပြည်သူတွေအနေနဲ့ ကိုယ်ရဲ့နေရာဒေသတွေဆီ မပြန်နိုင်သေးဘူးပေါ့ ဒါပေမယ့်လည်း လယ်ယာစိုက်ခင်းတွေကိုတော့ ကိုယ့်ဒေသမှာဘဲလုပ်ကြနေကြတာဆိုတော့ သွားလာရေးအတွက် ကျွန်တော်တို့ KIO အစိုးရကနေပြီးတော့ တက်နိုင်သလောက်ထောက်ပံ့ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လုပ် ဘတ်စ်ကားတွေကို စီစဉ်ပေးတာပါ”လို့ ပြောပါတယ်။ ဘတ်စ်ကားလိုင်းပြေးဆွဲတာကိုတော့ မနေ့က(စက်တင်ဘာ၂ရက်နေ့)ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး  လိုင်ဇာ– မြစ်ကြီးနားသွားလမ်းတစ်လျှောက်မှာရှိတဲ့ ဂန်ဒေါင်ယန်ထိ နှစ်ထောင့်ငါးကျပ် (၂၅၀၀) နဲ့ ဂါးရာယန်ထိ ကျပ် ငါးထောင်ကျပ်(၅၀၀၀)အပြင် လိုင်ဇာကနေ ဗန်းမော်သွားလမ်းတစ်လျှောက်မှာရှိတဲ့ ဒေါ့ဖုန်းယန်ထိ ကျပ် နှစ်ထောင့်ငါးရာ(၂၅၀၀)နဲ့ မြို့သစ်ကုန်းလောထိ ကျပ် ငါးထောင်(၅၀၀၀)ထိအသီးသီးကျသင့်မှာဖြစ်တယ်လို့ ဩဂုတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ‌ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘတ်စ်ကားခက ဈေးသက်သာတဲ့အတွက် အရပ်သားပြည်သူတွေသာမက KIO အစိုးရအောက်က ဝန်ထမ်းတွေအားလုံးလည်း ကားခပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အလားတူဘဲ ဆန်၊စပါး၊ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊နန်း၊ ဂျင်း၊ အားလူးစတဲ့ ပစ္စည်းတစ်အိတ်ကို ကျပ် နှစ်ထောင် (၂၀၀၀) ကျသင့်မှာ ဖြစ်ပြီး စားဆီ၂၅လီတာတစ်ဗူးကို တစ်ထောင်ကျပ်နဲ့ ဟင်းသီးဟင်းရွက်တစ်အိတ်ကို ၅၀၀ ထိကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခုလိုဈေးနှုန်းချိုသာစွာနဲ့ ဘတ်စ်ကားပြေးဆွဲပေးတာကြောင့် ပြည်သူတွေရဲ့ သွားလာရေးအတွက် အကုန်အကျသက်သာပြီး ပိုမိုအဆင်ပြေလာတယ်လို့ လိုင်ဇာဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “လမ်းစရိတ်တွေလည်း အရမ်းဈေးကြီးနေတယ် အခုအချိန်က ကိုယ်က ဆိုင်ကယ်မရှိ ကားမရှိဆိုတော့ သွားလာလို့မရ ငှားရအောင်လည်း မလွယ်တော့ အခုလို ဘတ်စ်ကားတွေ စီစဉ်လုပ်ပေးတော့ အကုန်လုံးက အရမ်းဝမ်းသာနေကြတယ်”လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် လိုင်ဇာမြို့ကနေ မြစ်ကြီးနားအသွားအပြန်ကို ၆ သိန်းဝန်းကျင်လောက် ကုန်ကျတာဖြစ်ပေမယ့်လည်း ခုလို လိုင်ဇာ–မြစ်ကြီးနားသွားလမ်းတစ်လျှောက် ဘတ်စ်ကားပြေးဆွဲပေးတဲ့အတွက် အရပ်သားပြည်သူတွေအတွက် သွားလာရေးစရိတ်ပိုမို ချွေတာလာနိုင်တာဘဲ ဖြစ်ပါတယ်။  လက်ရှိကားလမ်းပြေးဆွဲတဲ့ အချိန်တွေကိုတော့ မနက် ၇ နာရီခွဲအချိန် ဂါးရာယန်၊ ညနေပိုင်း ၁ နာရီမှာတော့ မြို့သစ်ကုန်းလော သတ်မှတ်ထားတာဖြစ်ပြီး လုံခြုံမှုရှိတဲ့နေရာတွေမှာသာ ပြေးဆွဲနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIA ပူးပေါင်းတပ်တွေဟာ အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း  နယ်စပ်ကုန်သွယ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့အပြင် မြို့ ၉ မြို့ကို သိမ်းပိုက်ထားပြီး စစ်တပ်စခန်း ၂၀၀ ကျော်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် သိမ်းပိုက်ထားတဲ့ မြို့ရွာတွေမှာလည်း အုပ်ချုပ်ရေးယန္တရားစပြီးလည်ပတ်နေပြီဖြစ်ပါတယ်။ By – Hope

    Read More »
  • 4 September
    သတင်း

    KIO ထိန်းချုပ်ထားတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ ရွှေအလွန်အကျွံတူးဖော်လာ

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ စစ်ကောင်စီထွက်သွားပြီးနောက် အင်ဂျန်းယန်ဒေသအလုံးစုံကို KIA ထိန်းချူပ်လိုက်တဲ့ ၉ လအတွင်း အင်ဂျန်ယန်မြို့တွင်းထိ ရွှေတူးတာတွေလုပ်နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။

    Read More »
  • 3 September
    သတင်း

    ကသာကိုတက်လာတဲ့ စစ်သင်္ဘောတွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်ကို မနေ့က စက်တင်ဘာလ ၂ ရက်နေ့မှာရောက်ရှိလာတဲ့ စစ်သင်္ဘောတွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကသာမြို့နယ်အတွင်းက အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ “အရပ်သားပြည်သူက သူတို့ပစ်လို့သေတာ ၂ ယောက်ပေါ့။ ၃ ယောက်ဒဏ်ရာရတယ်။ အဲ့ဒီသင်္ဘောပေါ်က နေပစ်တာပေါ့”လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ သေဆုံးခဲ့သူတွေဟာ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေဖြစ်တဲ့ ကလုံရွာက ၁ ဦး သေဆုံး ၁ ဦးဒဏ်ရာရခဲ့သလို ညောင်ခြေထောက်ကျေးရွာက ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရခဲ့တာလို့ သူကဆက်ပြောပါတယ်။ အဲ့ဒီစစ်သင်္ဘောတွေဟာ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်အင်အားနဲ့ရိက္ခာတွေတင်လာတဲ့ စစ်သင်္ဘောတွေဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာချိန်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ခြင်းကိုဆက်တိုက်ခံခဲ့ရတာဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာဆိုရင် ထီးချိုင့်မြို့နယ်နဲ့မြတောင်ရွာကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆက်မသွားနိုင်တော့ဘဲ ထီးချိုင့်မြို့မှတစ်ညအိပ်ခဲ့ရသလို ကသာကိုထွက်လာချိန်မှာလည်း လမ်းတစ်လျှောက် ပစ်ခတ်ခံခဲ့ရတာတွေရှိခဲ့ပါတယ်။ “ကသာမြို့နယ်ကိုတော့ ၅ စီးလုံးရောက်လာပြီ။ ပြီးခဲ့တဲ့ရက်တွေက ထီးချိုင့်မှာပစ်ခတ်ခံရတာတွေလည်း ပြန်ရောက်လာခဲ့တာ။ ၅ စီးလုံးကသာမှာပေါ့ ထီးချိုင့်မှာကသူတို့ခဏကမ်းကပ်ရပြီး ပြန်ဆန်လာတာပေါ့ လေ။”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အဲ့ဒီစစ်သင်္ဘော ၅ စီးတက်လာချိန်မှာလည်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာနေရာယူထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး ၁၈ ဦးဒဏ်ရာ ရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ အခုလို စစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပေမဲ့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ တစ်ဖက်မှာ စစ်သင်္ဘောတွေတက်လာချိန်တောက်လျှောက်မှာလည်း ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှု တွေဆက်တိုက်လုပ်ပြီးပစ်ကူပေးခဲ့တဲ့အတွက် မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ အရပ်သား ၉ ဦးသေဆုံးခဲ့ရပါသေးတယ်။ ဒီတစ်ကြိမ်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်သွားမယ်ဆိုတာတော့မသိရသေး ပေမဲ့ ဗန်းမော်မြို့နယ်မရောက်ခင် ဧရာဝတီစင်းခန်းတံတားကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲကိုတော့ ဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ မြေပြင်အခြေနေသိရှိသူတွေက သုံးသပ်နေကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အနေနဲ့ ကချင်ပြည်နယ်အထက်ပိုင်းကို ဝင်ရောက်ဖို့ ရေကြောင်းကိုအဓိကထား အသုံးပြုခဲ့ကြပေမယ့် သင်္ဘောတက်လာတိုင်းမြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်ခံရမှုကြောင့် အတော်အတန်ကြာ ရပ်နားသွားရာကနေ ခုတစ်ဖန်ပြန်ပြီးဆန်တက်လာတာဘဲဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 3 September
    သတင်း

    ပူတာအိုမှာ  CB ဘဏ်မဖွင့်သေးတဲ့အတွက် ပြည်သူတွေ ငွေသွင်းငွေထုတ်အခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာတစ်ခုတည်းရှိတဲ့ CB ဘဏ်ပြန်မဖွင့်သေးတဲ့အတွက် ဒေသခံပြည်သူတွေ ငွေထုတ်ငွေသွင်းအခက်အခဲဖြစ်နေတယ်လို့ ပူတာအိုမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ အင်တာနက်လိုင်းအခက်အခဲကြောင့် ဘဏ်မှာငွေသားမလုံလောက်တာလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မေလ ၁၀ရက်ကျော်ကတည်းက ပိတ်ထားတဲ့ CB ဘဏ်ဟာ ဒီနေ့အထိပြန်လည်ဖွင့်လှစ်တာမျိုးမရှိတဲ့အတွက် ဒေသခံတွေငွေသွင်းငွေထုတ်အခက်အခဲ ဖြစ်နေတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ဘဏ်က မေလ ၁၀ ရက် ၊၁၅ ရက်လောက်ကတည်းကပိတ်သွားတာလေ ခုထိမဖွင့်သေးဘူး လွှဲလို့လည်းမရ ထုတ်လို့လည်းမရဘူး တချို့လူတွေဆိုဘဏ်မှာအပ်ငွေရှိတယ်ထုတ်မရဘူး”လို့ သူကပြောပါတယ်။ လက်ရှိ ပူတာအိုဒေသမှာ ငွေလွှဲနဲ့ငွေထုတ်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်ကို အားထားနေရပေမယ့် မြန်မာ့စီးပွားရေးဘဏ်မှာလည်း အကန့်အသတ်နဲ့ထုတ်ပေးနေတဲ့အတွက် အခက်အခဲဖြစ်နေတာလို့  ကောင်အထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ “စီးပွားရေးဘဏ်ကတော့ဖွင့်တယ်ငွေသွင်းတာနဲ့ လွှဲတာတော့နည်းနည်းအဆင်ပြေတယ် ဒါပေမယ့် ငွေထုတ်ဖို့အဆင်မပြေဘူး လူတစ်ယောက်ကို တစ်ပတ် ၂ သိန်းပဲထုတ်ပေးတယ်။ ဆယ်သိန်းထုတ်မယ်ဆိုရင် ငါးလ လောက်စောင့်ပြီးထုတ်နေရမှာအဆင်မပြေဘူး”လို့ ပြောပါတယ်။ ပူတာအိုဒေသထဲက မိသားစုအများပိုင်းဟာ ထိုင်း၊မလေးရှား၊စင်္ကာပူ၊အိုမန်စတဲ့ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မိသားစုဝင်တွေရဲ့ ပြည်ပလွှဲငွေကို အားကိုးနေရတဲ့မိသားစုတွေများတယ်လို့ သိရပါတယ်။ “ရပ်ကွက်တစ်ခုမှာအိမ်ခြေ ၅၀ လောက်ရှိရင် အိမ်ခြေ ၃၀ လောက်က ပြည်ပမှာ အလုပ်လုပ်တဲ့လူရှိတယ် တချို့ဆိုတစ်အိမ်ထဲကနေ သုံးလေးယောက်ထိသွားကြတာ တခြားစီးပွားရေးလည်းမရှိဘူးလေဒီဘက်မှာက လကုန်လို့သူတို့လွှဲလာတဲ့ပိုက်ဆံနဲ့ပဲ အားလုံးဖြေရှင်းနေရတာအခုငွေထုတ်မရလို့ဆိုပြီးခက်ခဲ နေတဲ့လူတွေအများကြီးရှိတယ်”လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။ လတ်တလော ပူတာအိုဒေသခံတွေဟာ ငွေလွှဲငွေထုတ်အတွက် Kpay ဆိုင်တွေကိုအားကိုးနေရပေမယ့် Kpay ဆိုင်တွေမှာလည်း ထုတ်ခ ကျပ်တစ်သိန်းကို ကျပ် သုံးထောင်ကနေ ကျပ် ၅ထောင်အထိ ပေးဆောင်နေရတဲ့အပြင် ငွေသား အကန့်အသတ်နဲ့သာထုတ်လို့ရတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်ကျော်ကတည်းကနေကချင်တစ်ပြည်နယ်ဖုန်းဆက်သွယ်ရေးလိုင်း၊ဖုန်းအင်တာနက်လိုင်းနဲ့ wifi အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာဖြစ်ပြီး လတ်တလောပူတာအိုမြို့နယ်ထဲက Atom ဖုန်းလိုင်းတစ်ခုတည်းနဲ့သာဆက်သွယ်လို့ရတာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 3 September
    သတင်း

    ဗန်းမော်မြို့ ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်မရှိလို့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူများ ဆေးရုံပြဖို့အခက်ကြုံနေ

    ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာရှိတဲ့ ပြည်သူ့ဆေးရုံနဲ့ အပြင် ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူတွေ ဆေးရုံပြဖို့အခက်ခဲကြုံနေကြတယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဗန်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြို့တွင်း ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကလေးခွဲမွေးဖို့လိုအပ်တဲ့ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်တဲ့လူနာတွေ၊နာမကျန်းဖြစ်သူတွေ ဆေးရုံ၊ဆေးခန်းပြဖို့ ခက်ခဲနေကြပြီး အသက်သေဆုံးတဲ့ကလေးတွေရှိနေတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက  KNG ကို ခုလိုပြောပါတယ်။ “ကျမမျက်စိရှေ့မှာဘဲ အပြင်ဆေးရုံတစ်ခုမှာ ကလေးခွဲမမွေးနိုင်ဖို့ အရေးပေါ်ခွဲမွေးရမယ့် ကိုယ်ဝန်ဆောင်တစ်ယောက် အမြန်မခွဲနိုင်တော့ ကလေးကရေမွှာမွန်းပြီးသေသွားတယ် ဆရာဝန်တွေက မရှိကြတော့ အရေးပေါ်ခွဲရမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ဆေးရုံရက်ချိန်းလူနာတွေအရမ်းဒုက္ခရောက်နေကြတယ်”လို့ပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ဗန်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ အပြင် ပုဂ္ဂလိကဆေးရုံအားလုံးနီးပါးမှာ ဗန်းမော် ၄ မိုင် စစ်ဆေးရုံကနေ လာရောက်တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်တွေများတယ်လို့ ဆိုပါတယ်။ သို့သော် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း CDM လုပ်သွားတဲ့ ဆရာဝန်တွေရှိသလို Non CDM ဆရာဝန်အများပိုင်းက KIA ပူးပေါင်းတပ်တွေ စစ်ဆင်ရေးစတင်လာတဲ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ထွက်ပြေးတိမ်းရှောင်သွားသူတွေရှိတယ်လို့ သိရပြီး ကျန်တဲ့ဆရာဝန်တွေကလည်း စစ်ဆေးရုံကနေထွက်ခွင့်မရတော့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ခုနောက်ပိုင်းက စစ်တပ်ထဲက ဆေးရုံမှာလည်း တိုက်ပွဲမှာဒဏ်ရာရတဲ့ရဲဘော် ခြေပြတ် လက်ပြတ်တာတွေ အပြတ်တွေများလာတော့ သူတို့ဆေးရုံထဲမှာလည်း ဆရာဝန်တွေက အချိန်ပြည့်လိုနေတော့ အပြင်ကိုပေးမထွက်တော့တာဟုတ်တယ်။ အဲကြောင့် အပြင်ဆေးရုံတွေမှာသွားပြလည်း ဆရာဝန်မရှိဘူးဘဲပြောနေကြတာ”လို့…

    Read More »
  • 3 September
    သတင်း

    ထီးချိုင့်မှာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၉ ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် မိတ္ထီလာကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့  ၂  ကြိမ်တိုင်တိုင်ဗုံးကြဲချခဲ့တာဖြစ်ပြီး ရွာထဲမှာရှိတဲ့ ဆိုင်တစ်ချို့ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။ “ထီးချိုင့်အောက်ဖက် သပိတ်ကျင်းမှာ သင်္ဘောတွေပစ်ခတ်ခံရတဲ့နေ့က ဖိုက်တာနဲ့လာပစ်သွားတာ ဒီနေ့အထိ ပြည်သူ ၉ ယောက်အထိသေဆုံးသွားရတာပါ”လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ မောင်းကုန်းရွာဈေးအနီးမှာရှိတဲ့ စားသောက်ဆိုင်နဲ့ နီကယ်ပေါက်ရှေ့နားမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နောက်ထပ်အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါ တယ်။ ဒါ့အပြင် ဒီလုပ်ရပ်ဟာစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိပဲ အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ မောင်းကုန်းကျေးရွာဟာ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက နီကယ်စက်ရုံ သိမ်းပိုက်နိုင်ချိန်ကစလို ထိန်းချုပ်စိုးမိုးထားတဲ့ဒေသဖြစ်တယ်လို့ Tigyaing Revolution TR က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ အခြားဒေသတွေလိုပါဘဲဗျ။ ကျနော်တို့စိုးမိုးထားလို့ မလုံခြုံဘူးထင်ရအောင် လေကြောင်း တိုက်ခိုက်တာပါဗျ။တိုက်ပွဲလည်းမရှိပါဘူးကျနော်တို့စိုးမိုးနယ်မြေပါ။ စစ်ရေးအနေအထားလည်းမရှိ ပါဘူး”လို့ပြောပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်ပိုင်နီကယ်စက်ရုံရှိရာ မောင်းကုန်းကျေးရွာက အရပ်သားတွေ ဘေးလွှတ်ရာကို ယာယီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထီးချိုင့်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့လောက်က စတင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး မြတောင်ကျေးရွာကိုလက်လွှတ်ထားရတဲ့စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့တွင်း ရဲစခန်းတစ်ဝှိုက်မှာသာ အထိုင်ချပြီး မြို့လက်မလွှတ်ရရေးဆက်လက်ခုခံနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်အပါအဝင် အင်းတော်၊ပင်လည်ဘူး ဒေသတို့မှာလည်း KIA နဲ့ပူးပေါင်း အဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်ဟာ လေကြောင်း၊ ကုန်းကြောင်းအပါ အဝင် ရေကြောင်းပါအသုံးပြုရိက္ခာဖြည့်တင်းတာတွေလုပ်လာပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ NUG လက်အောက်ခံ ကာကွယ်ရေးတပ်၊ ABSDF ကျောင်းသားတပ် မတော် နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှစတင်ကာ စစ်ကိုင်း နဲ့ကချင်အစပ်က မြို့တွေမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 2 September
    သတင်း

    ထီးချိုင့်ကနေ ကသာနယ်ထဲရောက်လာတဲ့ စစ်သင်္ဘော ၃ စီးထပ်မံပစ်ခတ်ခံရပြီး တစ်စီးမီးလောင်

    စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ်ထဲကနေ ကသာမြို့နယ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စီး ထပ်မံပစ်ခတ်ခံရပြီး ကသာမြို့နယ် သဖန်းကိုင်းရပ်ကွက်ရေဆိပ်မှာ ရပ်နားထားတယ်လို့ ကသာမြို့ နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကသိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်လောက်မှာတော့ ထီးချိုင့်မြို့နယ်ကနေ ကသာမြို့နယ်ကို စစ်သင်္ဘော ၃ စီးဆန်တက်လာတာဖြစ်ပြီး ၂ စီးကို ထပ်မံပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “အခုမနက်ဆန်လာခဲ့တာ ၃ စီး ကသာကိုရောက်နေပြီ အဲ့တာဒီနေ့မနက်ပိုင်းကျတော့ ပစ်ခတ်တာ သင်္ဘောကိုကောင်းကောင်းမှန်သွားတယ်။ ၂ စီးမှန်တာ အခုတော့ သဖန်းကိုင်းရေဆိပ်မှာရပ်နေပြီ။ ဒီမနက် ၉ နာရီလောက်မှာပစ်တာမှာတော်တော်လေး ထိချက်ကောင်းသွားတယ်။ တစ်စီးက မီးတောင်လောင်နေသေးတာ”လို့ပြောပါတယ်။ အဲ့ဒီဆန်တက်လာတဲ့ စစ်သင်္ဘောတွေထဲက တစ်စီးမီးလောင်သွားတာကြောင့် ရေလယ်ခေါင်မှာ ခဏရပ်ပြီး မီးငြိမ်းကာ ပြန်ဆန်တက်လာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် ထီးချိုင့်မြို့နယ်ထဲကို စက်တင်ဘာလ ၁ ရက်နေ့မနက်ပိုင်းကရောက်လာတဲ့ စစ်သင်္ဘော ၅ စီးထဲက ၂ စီးကိုလည်း ထီးချိုင့်မြို့နယ်ထဲကတော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျက်ဆီးသွားခဲ့ကြောင်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ “ အဲ့ဘက်ကတော့အခြေနေတိတိကျကျမှန်မှန်ကန်ကန်မရဘူး။ ကျနော်တို့ကြားရတာကတော့ ထီးချိုင့် ဘက် မြတောင်ဘက်နေတက်လာတဲ့ သင်္ဘော ၅စီးထဲက ၂စီးကို အဲ့ဒီပူးပေါင်းအဖွဲ့တွေက ပစ်ခတ်ပြီးမှ ဖျက်ဆီးတယ်လို့ကြားရပါတယ်။ နောက်ပြီး ကျန်နေတဲ့သင်္ဘောတွေကတော့ ကချင်ပြည်နယ်ဘက်ကို ဆက်ပြီးတော့ ဆန်တက်လာနေတယ်လို့ကြားရပါတယ်။ “လို့ပြောပါတယ်။ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ထီးချိုင့်မြို့နယ်ထဲမှာ သင်္ဘော ၂ စီးကျန်ရစ်နေခဲ့ပြီး ကျန်တဲ့စစ်သင်္ဘော ၃ စီးကတော့ ကသာမြို့နယ်ဘက်ကိုရောက်ရှိနေပြီဖြစ်ကြောင်းအတည်ပြုပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကစတင်လို့ ကချင်နဲ့စစ်ကိုင်းအစပ်မှာ တော်လှန် ရေးအင်အားစုတွေအားကောင်းလာတာနဲ့အတူ ဧရာဝတီမြစ်ကြောင်းကိုအဓိကအသုံးပြုပြီး စစ်ကိုင်းနဲ့ ကချင် အစပ်မြို့တွေဆီ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေ အားဖြည့်လေ့ရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လက ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာကို KIA၊ PDF ပူးပေါင်းတပ်တွေ အရှိန်အဟုန်မြင့် စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ပြီး ဧရာဝတီမြစ်ကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဧရာဝတီမြစ်ရေတက်ချိန်ဆို ပုံမှန်ရေကြောင်းအသုံးပြု စစ်အင်အားဖြည့်တင်းတဲ့ စစ်ကောင်စီတပ် ဟာ ရေကြောင်းကိုအသုံးမပြုနိုင်တော့ပေမယ့် ထီးချိုင့်မြို့သိမ်းတိုက်ပွဲပြင်းထန်လာတဲ့အတွက် ဒီနှစ်အတွင်း ဒီတစ်ကြိမ်က ရေကြောင်းပထမဆုံးအသုံးပြု စစ်အင်အားဖြည့်တင်းခြင်းဖြစ်တယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။ “ဒါကတော့ စစ်ကောင်စီရဲ့ ပုံမှန်ထောက်ပို့လုပ်ငန်းလုပ်တာလည်းဖြစ်မယ်။ ထီးချိုင့်မြို့ မကျရေးအတွက်လည်း စစ်ကူတက်လာတာလည်းဖြစ်နိုင်ပါတယ်။ သူတို့က ပုံမှန်ဆိုသင်္ဘောတက်ရင် ကချင် ပြည်နယ်ဗန်းမော်လောက်အထိတက်တယ်။ တက်ပြီးပုံမှန်ထောက်ပို့လုပ်ငန်းတွေ လုပ်မလား။ လောလောဆယ် ထီးချိုင့်ကလည်းစခန်းကုန်းတစ်ခုပဲကျန်တော့ ထီးချိုင့်မြို့ကျသွားရင် ရေကြောင်းလမ်းက တော်လှန်ရေးအင်အားစုကထိန်းနိုင်တဲ့အနေအထားဖြစ်သွားမှာဆိုတော့ ဒီအတွက်ပဲကြိုးစားတယ်ထင်ပါတယ်။”လို့ပြောပါတယ်။ တစ်ဖက်မှာ စစ်သင်္ဘောတွေတက်လာချိန်တောက်လျှောက်မှာလည်း ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှု တွေဆက်တိုက်လုပ်ပြီးပစ်ကူပေးနေပြီး မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာမှာ အရပ်သား ၆ ယောက်သေဆုံးခဲ့ရကြောင်း Tigyaing Revolution TR က သတင်းထုတ်ပြန်ထား ပါတယ်။ ဒီတစ်ကြိမ်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်သွားမယ်ဆိုတာတော့မသိရသေးပေမဲ့ ကချင်ပြည်နယ်ထဲကိုတော့ ဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ မြေပြင်အခြေနေသိရှိသူတွေကသုံးသပ်ကြ ပါတယ်။ “ သူတို့ ကသာကနေပြန်လှည့်မယ်လို့ထင်တယ်။ ဗန်းမော်ကတော့ လေကြောင်းရှိတော့ လေကြောင်းသုံးပြီး ပဲ ပို့မယ်လို့ သုံးသပ်တယ်။ ဒီ ၃ စီးထဲနဲ့တော့ ဗန်းမော်အထိမလွယ်လောက်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဖြတ်သန်းရမယ့်လမ်းကြောင်းက ကသာကနေ ဗန်းမော်နားရောက်တဲ့အထိကကျနော်တို့က ထိန်းချုပ် ထားတာကို”လို့ပြောပါတယ်။ ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေဟာ ဒုတိယမြစ်ကျဥ်း အပါအဝင် ဗန်းမော်မြို့နယ်ထဲက ဧရာဝတီစင်းခန်းတံတားကိုပါ ပြီးခဲ့တဲ့ မတ်လဝန်းကျင်တိုက်ပွဲတွေမှာ ထိန်း ချုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးအပတ်ကစတင်ကာ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘော ၈ စီးနဲ့ ဆန်တက်လာတာဖြစ်ပေမဲ့ တက်လာတဲ့တစ်လျှောက်တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကသာမြို့နယ်အရောက်မှာ ၃ စီးသာကျန်ရှိတော့တာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ NUG လက်အောက်ခံ ကာကွယ်ရေးတပ်၊ ABSDF ကျောင်းသားတပ် မတော် နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှစတင်ကာ စစ်ကိုင်း နဲ့ကချင်အစပ်က မြို့တွေမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ ပင်လည်ဘူး၊ အင်းတော်၊ နဲ့ ထီးချိုင့်မြို့တို့ကို အဓိကသိမ်းပိုက်ဖို့ကြိုးစားနေပြီး နေ့စဥ်တိုက်ပွဲပြင်းထန်နေ သလို ဒီတိုက်ပွဲတွေကြောင့် မန္တလေး–ကချင် ကားလမ်းပိုင်းလည်းပိတ်ထားရတာ ၃ပတ်ဝန်းကျင်ကြာမြှင့်လာပြီဖြစ်ပါတယ်။…

    Read More »
Back to top button