ဖမ်းဆီးခံရမှု
-
Nov- 2024 -11 November
SNA တပ်သားသုံးဦး PDF ထိန်းချုပ်ထားတဲ့ရွာဘက် ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ၊ တစ်ဦးဖမ်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်သားသုံးဦး PDF တပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SNA တစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိထားပြီး နောက်တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ထဲက တပ်သားသုံးဦး ဟုမ္မလင်းမြို့နယ် PDF တပ်ပေါင်းစုထိန်းချုပ်ထားတဲ့ နောင်ပိုအောင်ကျေးရွာ သဲနုတ်ဆွတ်ကျေးရွာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်လာရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “SNA သုံးယောက်ကနယ်မြေကျူးကျော်လာတာ သဲနုတ်ဆွတ်က PDF တွေပိုင်နက်လေး အဲ့မှာလာစားသောက်ကြတာ PDF တွေသိသွားတော့ဝင်ပစ်တာ တစ်ယောက်ကပွဲချင်းပြီးတစ်ယောက်မိတယ် တစ်ယောက်ကထွက်ပြေးသွားတယ်”လို့ သူကပြောပါတယ်။ ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ SNA တပ်ဖွဲ့ဝင်ဟာ လက်ရှိ ဆပ်ကယားကျေးရွာမှာနေထိုင်တဲ့သဲနုတ်ဆွတ်ကျေးဇာတိဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်ရှိ အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဖမ်းဆီးထားသူကိုလည်း စစ်ဆေးနေတုန်းပဲလို့သိရပါတယ်။ နောင်ပိုအောင်ကျေးရွာနဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ကျေးရွာချင်းဆက်နေတဲ့ ဆပ်ကယားကျေးရွာနဲ့ သဲနုတ်ဆွတ်ကျေးရွာဟာရွှေမှော်ဒေသတွေဖြစ်ပြီး လက်ရှိဆပ်ကယားကျေးရွာကို SNA ထိန်းချုပ်ထားသလို သဲနုတ်ဆွတ်ကျေးရွာကိုလည်း PDF တွေ ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ “အဲ့နှစ်ရွာကနီးနီးလေးပဲ ဆပ်ကယားမှာက SNAနေတယ် သဲနုတ်ဆွတ်က pdfတွေနေတယ် နှစ်ရွာလုံးက ရွှေအရမ်းထွက်တာ နယ်မြေကျူးကျော်လာတော့ပစ်ကြ ခတ်ကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း ဆပ်ကယားမှာထိုင်တဲ့ SNA တပ်ကနေ ညဘက်သဲနုတ်ဆွတ်ကျေးရွာဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောင်ပိုအောင်ကျေးရွာအလွန် ကချင်နဲ့စစ်ကိုင်းအစပ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက သံယောဇဉ် ရွှေမော်အနီးမှာလည်း SNA နဲ့ PDF တို့ နိုဝင်ဘာလ လဆန်းကစပြီး တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာနေပြည်သူအများအပြားထွက်ပြေး တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
11 November
TNLA ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်တောင်းဆို
ရှမ်းမြောက် နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်လက်မှတ်ရေးထိုးပြီး PSLF/TNLA ဗဟိုဌာနချုပ်ကိုတောင်းဆိုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝင်းလှိုင် ( ခ) ဦးမဲတူကို TNLA ဘက်က မေးမြန်းစရာရှိတယ်လို့ဆိုကာ စက်တင်ဘာလ ၂ ရက်နေ့ နေအိမ်ကနေ ဖမ်းဆီးသွားတာ ခုဆို ၂ လကျော်ကြာမြင့်လာပေမယ့် ပြန်လည်လွတ်ပေးခြင်းမရှိသေးတာကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့ ဒေသခံပြည်သူ ၄၃၀ ဦးလက်မှတ်ရေးထိုးပြီး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ဆီ စာပို့တောင်းဆိုထားတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “စာတင်ပြီးတောင်းဆိုတာ ဒီဟာပထမအကြိမ် ဟုတ်တယ်။ ရှေ့တစ်ခေါက်တွေမှာ ဒေသခံတွေ TNLA နဲ့ အကြိမ်ကြိမ်သွားရောက်တွေ့ဆုံစကားပြောပြီးပြီ။ ဒါပေမဲ့ TNLA မြို့နယ်မှူးဘက်ကမတွေ့ချင် မပြောချင်တဲ့အနေအထားဖြစ်တယ်။ ဒေသခံတွေဘက်ကလည်း ဘယ်လိုကြိုးစားကြိုးစားမရတာနဲ့ ဒီလိုစာထုတ်ပြီး စာတင်ပြီး တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်”လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ TNLA ဖမ်းဆီးထိန်းသိမ်းထားတဲ့ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဘော်တွင်းဒေသခံဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြိီး ဆက်တိုက်အနိုင်ရထားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် နမ္မတူမြို့နယ် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးဏ္ဍတွေမှာလည်း ဦးဆောင်ကာကြိုးပမ်းဆောင်ရွက်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ နမ္မတူဒေသခံတွေ ပြေဆိုချက်အရ TNLA ဘက်ကနေ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူကို ဖမ်းဆီးရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဒီနေ့ထိ တိတိကျကျပြောဆိုခြင်းမရှိသေးတဲ့အပြင် ခုလိုအချိန်အကြာကြီးဖမ်းဆီးတာတွေ မလုပ်သင့်ဘူးလို့ နမ္မတူမြို့မှာနေထိုင်တဲ့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “အစက ဖမ်းဆီးခံရချိန်မှာတော့ အော် သူတို့ခနလေးပြောစရာရှိတယ်ဆိုပြီး ခေါ်သွားတာကြောင့် ခနလေးနဲ့ ပြန်လွှတ်မယ်လို့ ထင်နေတာ။ တစ်ပတ်နှစ်ပတ်လောက် သူတို့မေးမြန်းပြီးရင်တော့ လွှတ်မယ်ထင်နေတာ။ ဒါပေမဲ့ သူတို့က အခုထိ မလွှတ်ပေးတာပေါ့။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်တယ်။ ဘာကြောင့် ပြစ်ချက်မရှိတဲ့သူကို ဖမ်းဆီးထားရတာလဲပေါ့” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်နေကျ ဖုန်းနံပါတ်နဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။ နမ္မတူမြို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ နမ္မတူမြို့နယ်ထဲ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) ကျောင်းဖွင့်ဖို့စတင်လာချိန် ကန့်ကွက်မှုတစ်ချို့လည်းရှိခဲ့တဲ့အတွက် TNLA ဘက်က ဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။ တအာင်းတပ် PSLF/ TNLA ဟာ နမ္မတူဒေသကို သိမ်းပိုက်ပြီးနောက် KIA တပ်ဖွဲ့ကိုလည်း ဝင်ခွင့်မပေးသလို NUG အစိုးရအောက် သက်ဆိုင်သူတွေကိုလည်း ဒေသတွင်းအုပ်ချုပ်ရေးနဲ့ ရပ်ကျေးဆိုင်ရာလုပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခွင့်မပေးပဲ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ခန့်အပ်တာတွေရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။…
Read More » -
Oct- 2024 -31 October
အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက်
ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား ၃ ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဖမ်းဆီးချိန် မျက်လုံးကိုပိတ်ပေးလိုက်တဲ့အပြင် အကိုးကန့်တပ်ရှိတဲ့နေရာကို ဖမ်းဆီးသွားပြီးနောက် ကြောင်းမဲ့ ရိုက်နှက်ကာပြန်လွတ်ပေးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး အခုလို ပြောပါတယ်။ “သူက အဲ့နေ့က ထင်းသွားရှာပြီး နမ့်ဖတ်ကာကို ပြန်လာချိန် လမ်းမှာ ကိုးကန့်တပ်သား ၃ ယောက်က သူ့ကိုတွေ့ပြီး အနောက်ကနေ သေနတ်နဲ့အရင်ထောက်တယ် ပြီးတော့ အနောက်ကနေ ရိုက်လိုက်တယ်။ ပြီးတော့ ချက်ချင်း မျက်လုံးပိတ်ပြီး ကိုးကန့်တပ်တွေရှိတဲ့ နေရာကို ခေါ်သွားတယ်လို့ပြောတယ်။ ဟိုမှာရောက်တော့ သူ့ကို ရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတယ်တဲ့။ သူလည်း စကားနားမလည်တော့ ဘာတွေမေးလို့မေးမှန်းမသိဘူးလို့ပြောတယ်။ သူဘာမှမသိဘူး ရိုက်တာပဲသိတယ်တဲ့။ ခုတော့ နမ့်ဖတ်ကာအုပ်ချူပ်ရေးတွေဘက်က လိုက်နေတယ်ပြောတယ်”လို့ နမ့်ဖတ်ကာဒေသခံက KNG ကို ပြောပါတယ်။ ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူဟာ နမ့်ဖတ်ကာမြို့ လွယ်ကုန် ရပ်ကွက် ၆ မှာ နေထိုင်သူ ဒေါ်လဗျလုပါရဲ့သား အသက် ၁၇ နှစ်အရွယ် မောင်အင်ခွမ်ဆန်လီ ဖြစ်တယ်လို့ သိရပြီး နမ့်ဖတ်ကာကနေ ကွတ်ခိုင်ဘက်သွားတဲ့လမ်း နမွန်းပါဘက်ကို ထင်းသွားခွေပြီး အပြန် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ မောင်အင်ခွမ်ဆန်လီကို ကိုးကန့်တပ်တွေဟာ အောက်က်ိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်ကနေ ရိုက်နှက်ဖမ်းခေါ်သွားပြီး ၃ နာရီလောက်အကြာ စစ်ဆေးမေးမြန်းကာ ည ၇ နာရီဝန်းကျင် နဂိုဖမ်းခေါ်သွားတဲ့နေရာမှာ ပြန်ပို့ပေးထားကြောင်း ဆက်လက်သိရပါတယ်။ အဲဒီနောက် ည ၁၀ နာရီဝန်းကျင် သတိလစ်ပြီး နမ့်ဖတ်ကာဆေးရုံကို ပိုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးကန့်တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူ မောင်အင်ခွမ်ဆန်လီဟာ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ မျက်လုံးတစ်ဖက်အမြင်အာရုံထိခိုက်ထားပြီး နားတစ်ဖက်လည်း မကြားရဘူးလို့ ပြောပြပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က ဘာ့ကြောင့် ရိုက်နှက်ကာ ဖမ်းဆီးသွားတယ်ဆိုတဲ့ အကျိုးအကြောင်း တစ်စုံတစ်ရာမျှ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “အခု နမ့်ဖတ်ကာ KIO အုပ်ချူပ်ရေးအဖွဲ့က လိုက်နေတယ်ဆိုပေမဲ့ ဘာမှတော့မသိရသေးဘူး။ ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့များတယ်။ အခုတော့ ဘာဘဲဖြစ်ဖြစ်အေးချမ်းပြီထင်နေတာ ဒီလိုလက်နက်ကိုင်တွေက ရွာသားတွေကို လူငယ်တွေကို အခုလို လုပ်တာတွေရှိတော့ ဘယ်လိုစိတ်မအေးနိုင်ပဲ လူငယ်တွေလည်း သွားရလာရ တော်တော်ဂရုစိုက်ရမဲ့အနေအထားဖြစ်နေတယ်။ ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ပြောချင်တယ်။ တစ်စုံတစ်ခုကြောင့်ရွာသားတွေကို ဖမ်းဆီးပြီဆို သေချာစွာ မေးမြန်း စစ်ဆေးပြီးမှ အပြစ်မရှိဘူးဆိုရင် ကောင်းမွန်စွာ ပြန်လွတ်ပေးသင့်တယ်။ အခုလို ရိုက်နှက် မေးမြန်း စစ်ဆေး၊ နှိပ်စက်ပြီးမှ ပြန်လွတ်ပေးတာမျိုး မလုပ်ခိုင်းစေချင်ဘူး” လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နမ့်ဖတ်ကာအုပ်ချူပ်ရေးတာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်သားတွေကို ဆက်လက်စုံစမ်းနေကာ ဖြေရှင်းပေးဖို့ ပြောဆိုထားတယ်လို့ သိရပေမယ့် လက်ရှိချိန်ထိတော့ အကျိုးအကြောင်း အသေးစိတ်ကိုမသိရသေးဘူးလို့ နမ့်ဖတ်ကာဒေသခံက ပြောပါတယ်။ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်တစ်ဝိုက် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်း ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က အခုလို ကျေးရွာဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွတ်ပေးခဲ့တဲ့ ဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့သလို လက်လွန်ပြီး သေဆုံးသွားသူတွေလည်း မျးစွာရှိခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
28 October
ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ ဦးပြန်လည်လွတ်မြောက်
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးခံထားရတဲ့ ဖားကန့်မြို့ နယ်ခံသတင်းထောက် ၂ ဦး ပြန်လည်လွှတ်မြောက်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့၊ ၃၀ ရက် ဖားကန့်နယ်ခံသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုတာလင်းမောင်နဲ့ ကိုနှောင်ရိုးကို KIA ဘက်က ဖမ်းဆီးသွားပြီးနောက် အောက်တိုဘာလ ၂၈ ရက်နေ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ “လွတ်လာပြီ အထဲမှာ ၂၈ ရက်ကြာခဲ့တယ် ”လို့ အလွတ်တန်းသတင်းထောက် ကိုတာလင်းမောင်က ပြောပါတယ်။ ပြန်လည်လွှတ်မြောက်လာတဲ့သတင်းထောက်တွေရဲ့ ပြောဆိုချက်အရ KIA ဘက်က ဖမ်းဆီးထားချိန် ဖားကန့်မြို့နယ် မြေပြင်မှာဖြစ်နေတဲ့အခြေနေနဲ့ပတ်သက်တဲ့သတင်းတွေကို ရေးသားရာမှာ နားလည်မှုလွှဲတာတွေရှိနေတဲ့အတွက် ခေါ်ယူမေးမြန်းတာမျိုးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားချိန်မှာလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်တာမျိုးမရှိဘဲ ကောင်းကောင်းမွန်မွန်သာ ဆက်ဆံကြောင်း ပြောပါတယ်။ “ဟုတ်တယ်ဗျ အောက်တိုဘာလ ၂၈ ရက်နေ့မှာလွတ်လာပါပြီ။ ဟုတ် ကျနော်တို့ကို ကောင်းမွန်စွာဆက်ဆံပါတယ်။သတင်းကိစ္စနဲ့ပတ်သက်ပြီး ခေါ်မေးတာမျိုးပါ”လို့ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးက ပြောပါတယ်။ သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့မှာပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး သတင်းထောက်ကိုတာလင်းမောင်ကအာဏာမသိမ်းခင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ Red News Agency သတင်းဌာနက သတင်းထောက်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အတွက် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၄၃ ဦးအကျဥ်းချခံထားရတယ်လို့ CPJ ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် ချက်အရသိရပါတယ်။ By – Zami
Read More » -
23 October
KIA အနေနဲ့ စစ်တပ်လို သတင်းသမားတွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့ CPJ ပြော
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ်၊ နယ်ခံသတင်းသမား ၂ ဦး အမြန်ဆုံး လွှတ်ပေးဖို့ CPJ က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က စက်တင်ဘာလ ၂၂ ရက်နေ့ရက်စွဲနဲ့ KIA ဖမ်းဆီးထားတဲ့သတင်းသမား ၂ ဦးကို အမြန်ဆုံးပြန်လွတ်ပေးဖို့၊ KIA အနေနဲ့ စစ်ကောင်စီတပ်လို သတင်းသမား တွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့လည်း ဆိုထားပါတယ်။ “မြန်မာပြည်တွင်းစစ်မှာ ပါဝင်နေတဲ့အဖွဲ့တိုင်းဟာ သတင်းထောက်တွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ သတင်းထောက်တွေကို ပစ်မှတ်ထားခွင့်မရှိဘူး ကချင်လွတ်ရေးတပ်မတော်က သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရလိုမလုပ်သင့်ပါဘူး။ တာလင်းမောင်နဲ့ နောင်ရိုးကို အခု လွှတ်ပေးသင့်တယ်”လို့ CPJ ရဲ့ အရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အဆိုပါ သတင်း သမား ၂ ဦးကို ဖားကန့်မြို့နယ်ထဲက KIA တပ်မဟာ ၉ နယ်မြေမှာဖမ်းဆီးထားပြီး လက်ရှိအခြေနေနဲ့ပတ်သက်လို့ KNG ကို အခုလိုပြောပါတယ်။ “ဘာကြောင့်ဖမ်း တယ် သူတို့အပြစ်ကဘာရှိတယ်ဆိုတာကို စစ်ဆေးမေးမြန်းနေတဲ့ အနေအထား ထင်တယ် ဖမ်းတဲ့ကိစ္စနဲ့တော့ သတင်းဌာနနဲ့တော့ တိုက်ရိုက်ပတ်သက်မှုမရှိဘူး တပ်ပိုင်းဆိုင်ရာကနေဖမ်းတာဆိုတော့။ ဘာကြောင့် ဖမ်းတယ်ဆိုတာကတော့ ကျနော်မသိတာကိုပြောတာပါ။ သူတို့ကတော့သိမှာပါ။ သူတို့ရဲ့ စားရေးသောက်ရေးနဲ့တစ်ခြားကိစ္စတွေကတော့ စိုးရိမ်စရာတော့မရှိပါဘူး KIA ကတော့ အဲ့တာ မျိုးတွေ ဘယ်တော့မှအလေးမထားတာကိုမတွေ့ရဘူး အလေးထားပြီးတော့မှ သူတို့လိုအပ်တာတွေကို ဖြည့်ဆည်း ပြီးမှ ထိန်းထိန်းသိမ်းသိမ်းခေါ်ထားတယ်ထင်တယ် ဒါက ကျနော်သူတို့ရဲ့အခြေနေကို သုံးသပ်ပြီးမှ ပြောတာ ပါ။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ သတင်းထောက် ၂ ဦးဖမ်းဆီးခံထားရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက တိတိကျကျဖြေဆိုနိုင်တာမရှိပေမယ့် သတင်းထောက် ၂ ဦးကို အလေးနက်ထားပြီး သေချာထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ ဖားကန့်မြို့နယ် နယ်ခံသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို KIA တပ်က စက်တင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ တစ်ရက်ခြားပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး အခုဆိုရင် ၃ ပတ်ရှိလာပြီ ဖြစ်ပါတယ်။ သတင်းသမား ၂ ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးပြောတာကတော့ “ အဲဒီ ဖားကန့်တပ်မဟာက ၉ တပ်မဟာမှူး ပြောတာကတော့ ဆိုင်းတောင်တိုက်ပွဲပြီးရင် လွှတ်ပေးမယ်ပြောတယ်။ ဒါပေမယ့်ခုချိန်ထိ မလွှတ်ပေးသေး ဘူး” လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့သူလို့သိရပါတယ်။ သတင်းထောက်ကိုတာလင်းမောင်ကတော့ အာဏာမသိမ်းခင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ Red News Agency သတင်းဌာနက သတင်းထောက်အလုပ်ကို လုပ်ကိုင်နေတာလို့သိရပါတယ်။ သတင်းသမား ၂ ဦးပြန်လွတ်ပေးဖို့ ဖားကန့်တော်လှန်ရေးအင်အားစုနဲ့ မိသားစု၊ရင်းနှီးတဲ့ မိတ်ဆွေတွေကလည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ ၊တပ်မဟာမှူးကို စာပေးပို့တောင်းဆိုထားကြတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက KIA တပ်ဟာ သတင်းသမားတွေကိုပထမဆုံးအကြိမ်ဖမ်းဆီးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်းကိုလည်း CPJ ကဆိုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အတွက် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၄၃ ဦးအကျဥ်းချခံထားရတယ်လို့ CPJ ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် ချက်အရသိရပါတယ်။ By –…
Read More » -
2 October
ဖားကန့်မှာ သတင်းထောက်နှစ်ဦးကို KIA ဖမ်းဆီးထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထောက်နှစ်ဦးကိုဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူနှစ်ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေအပါအဝင် ဒေသခံတစ်ချို့ ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ တစ်ရက်ခြားပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သတင်းထောက်နှစ်ဦးနဲ့ ရင်းနှီးသူတစ်ဦးက KNG ကို အခုလိုပြောပါတယ်။ “၂၉ ရက်နေ့ကထင်ပါတယ်။ ကိုတာလင်းမောင် ကိုသူနေတဲ့နေရာမှာလာခေါ်တယ် သေနတ်တွေ ကိုင်ထားတဲ့သူတွေပေါ့ မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရတော့ KIA လို့ပြောတယ်။ အဲ့အချိန်မှာ ကိုတာကမရှိဘူး လာခေါ်တဲ့အချိန် ကိုတာကမရှိဘူး။ ဒါပေမဲ့သူ့ကိုလာခေါ်တာသိတော့ သူကရှောင်မနေပါ ဘူး။ တစ်ခုခုရှင်းစရာရှိရင်ရှင်းမယ်ဆိုပြီး ရှောင်မနေပဲလိုက်သွားတဲ့သဘောပေါ့နော်”လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးထဲက ကိုတာလင်းမောင်ဟာ Red News Agency သတင်းတိုက်ရဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်ပြီး ကိုနောင်ရိုးလည်း ဖားကန့်ဒေသထဲမှာ အလွတ်တန်းသတင်းထောက်အဖြစ်ရပ်တည်နေသူဖြစ်တယ်လို့ ရင်းနှီးသူတွေကပြောပါတယ်။ သတင်းထောက် ကိုတာလင်းမောင် ဖမ်းခံရတာနဲ့ပတ်သက်ပြီး တာလင်းမောင်အသိမိတ်ဆွေတွေပြောဆိုချက်အရ ဖမ်းဆီးမခံရခင်တင်ထားတဲ့ ပို့စ်ကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဖမ်းဆီးမခံရခင်ရေးသားခဲ့တဲ့ပို့စ်ဟာ” ဆိုင်းတောင်တိုက်ပွဲအတွင်း လုံခြုံရေးကင်းစောင့်နေတဲ့ KIA/KPDF တပ်ဖွဲ့ကို အသိမပေးဘဲ Jade Garden ရေကူးကန်နဲ့ အားကစားကွင်းနေရာမှာပိတ်မိနေတဲ့ ဝန်ထမ်းတွေကို KIA အရာရှိ Lion ဆိုသူရဲ့စေခိုင်းချက်ကြောင့် လူခိုးထုတ်တဲ့အခြေနေနဲ့ပတ်သက်ပြီး” ရေးသားထားတာတွေ့ရပါတယ်။ “သူတို့နှစ်ယောက်လုံးကတော့ဖားကန့်သတင်းတွေကို ဒိုင်ခံရေးနေတဲ့ သူပေါ့နော်။ ကိုတာလင်းမောင်ဆိုရင် သတင်းရေးတဲ့အပြင်မှာမှ တစ်ချို့ဟာတွေလည်းပြင်းပြင်းထန်ထန်သုံးသပ်တာတွေ ရှိတယ်။ FB မှာဆိုရင် တင်တယ်။ အဓိကတော့ စစ်ပွဲတွေနဲ့ အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးသူရေးနေတာ တွေရှိတယ်။ ဒီရှေ့ရက် မှာဆိုရင် KIA အရာရှိတစ်ချို့ အာဏာပါဝါအလွဲသုံးစားလုပ်ပြီး လူခိုးထုတ်တာတို့ဘာတို့ပေါ့ အဲ့တာသူရေး တင်ထားတာရှိတယ်။ အခုခေါ်သွားတာဟာ ဒါနဲ့ဆက်စပ်မှုရှိလားဆိုပြီးတွေးမိတာပေါ့နော်။ပြီးတော့ နှောင်ရိုးဖမ်းခံရတာကျတော့ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ မပြောတတ်ဘူး”လို့ ကိုတာလင်းမောင်နဲ့နီးစပ်နဲ့ မိတ်ဆွေတစ်ဦးက ဆက်ပြောပါတယ်။ သတင်းထောက်တာလင်းမောင် ဖမ်းဆီးမခံရင် နောက်ဆုံးရေးသားခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ ရုပ်သံကို KNG သတင်းဌာနကလည်း ရရှိထားပါတယ်။ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရပြီးချိန်ကစလို့ ဒီနေ့အထိအဆက်အသွယ်တစ်စုံတစ်ရာမရရှိသေးပဲ သူတို့ နှစ်ဦးဟာ ဖားကန့်မြို့နယ်အတွင်းကသတင်းတွေနဲ့ပတ်သက်လို့ဒိုင်ခံရေးနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ KNG က KIO/KIA ရဲ့သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူကြီးနော်ဘူကိုဆက်သွယ်ခဲ့ပေမယ့် ဒီသတင်းနဲ့ပတ်သက်လို့မကြားမိသေးကြောင်း အတည်ပြုမေမြန်းရအုံးမှာ ဖြစ်တဲ့အကြောင်းသာ ဖြေဆိုပါတယ်။…
Read More » -
Aug- 2024 -26 August
ဟုမ္မလင်းမြို့နယ် လောင်းမင်းရွာတိုက်ပွဲ SNA တပ်သား ၅ ဦးဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင် ၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ရက်စွဲနဲ့…
Read More » -
8 August
ချီဖွေနဲ့ပန်ဝါမှာ ပြည်သူ့စစ်အဖွဲ့ တပ်သားသစ် အပြင်းထန်စုဆောင်းနေ
ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ပြည်သူ့စစ်တပ်ဖွဲ့ တပ်သားစုဆောင်းတာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ချီဖွေ၊ပန်ဝါဒေသ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေသလို သတ္တုတူးဖော်တဲ့လုပ်ငန်းခွင်ထဲထိ လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး ဆက်တိုက်တပ်သားစုဆောင်းနေတယ်လို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။ “ပြည်သူ့စစ်တွေ တပ်သားအရမ်းစုဆောင်းနေတယ်။ အခုချိန် လူငယ်တွေအပြင်မထွက်ရဲကြတော့ဘူး။ ပြည်သူ့စစ်တွေ သတ္တုဆိုက်အားလုံးမှာ လိုက်စုဆောင်းနေတာ။ ဟိုတစ်နေ့ကလည်း ချီဖွေကနေ ၆ မိုင်အကွာ သတ္တုဆိုဒ်တစ်ခုမှာ လူငယ် ၆ ယောက်ကို ဖမ်းသွားတယ်။ ပြီးတော့ ဖီမှော်နဲ့ ပန်ဝါသွားတဲ့လမ်းဆုံ ပြည်သူ့စစ်နဲ့စစ်တပ်ပေါင်းထိုင်တဲ့ဂိတ်မှာ ယောက်ျားလေး ၄ ယောက် ထပ်ပါသွားတယ်။ လမ်းမှာပိတ်ပြီးစုဆောင်းတယ်။ ပန်ဝါထဲမှာက အိမ်တိုင်ရာ တစ်အိမ်ဝင်တစ်အိမ်ထွက် စုဆောင်းတယ်ပြောတယ်။လို့ ချီဖွေဒေသခံ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကစပြီး ချီဖွေကနေ ၆ မိုင်အကွာမှာရှိတဲ့မြေရှားသတ္တုဆိုက်တစ်ခုမှ လူငယ် ၆ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားစုဆောင်းခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။ အဲဒီနေ့ တစ်ရက်တည်းမှာပဲ ချီဖွေကနေ ၄ မိုင်အကွာ ဖီမှော်နဲ့ ပန်ဝါသွားလမ်းဆုံဂိတ်မှာလည်း လူငယ် ၄ ဦးထပ်မံဖမ်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၅ ရက်နေ့ ပန်ဝါဒေသ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ငန်းခွင်တွေမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားသစ်လိုက်လံစုဆောင်းရာ လူငယ် ၂၀ ဦးထက်ဖမ်းခံသွားရတယ်လို့ ဆက်လက်သိရပါတယ်။ အဖက်ဖက်ကနေ စစ်အင်အားကျဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချိီဖွေဒေသကိုကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူငယ်တွေကို ဖမ်းဆီးကာ စစ်အင်အားဖြည့်နေတာလို့ သိရပြီး ကချင်လူငယ်တွေကိုသာ အဓိကဖမ်းခေါ်တပ်သားစုဆောင်းနေတာလို့ ဒေသခံတွေဘက်ကပြောပါတယ်။ ဖမ်းဆီးစုထားတဲ့လူငယ်တွေကို မြစ်ကြီးနားဘက်ကို လိုင်းကားနဲ့ ဆက်တိုက်ပို့ဆောင်နေတယ်လို့ ချီဖွေဒေသခံကဆက်ပြောပါတယ်။ “စစ်ကောင်စီတပ်တွေ အရမ်းကျရှုံးလာလို့ သူတို့ဘက်ကို အင်အားဖြည့်ပေးဖို့အတွက် နဲ့ ရှေ့တန်းပို့ဖို့အတွက်ပဲလို့မြင်တယ်။ ပြီးတော့ ချီဖွေကနေ စုဆောင်းရထားတဲ့ လူငယ်တွေကို မြစ်ကြီးနားဘက်ကို ပို့နေတယ်။ လိုင်းကားကနေ ၁ ရက်ခြား ၂ ခြား နဲ့ တစ်စုစီပို့နေတယ်။ ဆိုတော့ စစ်ကောင်စီကို အင်အားဖြည့်ပေးနေတာကိုတွေ့ရတယ်။”လို့ ဆိုပါတယ်။ လက်ရှိ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာ မြို့နယ်အားလုံးနီးပါးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပေမဲ့ မြစ်ကြီးနားမြို့ထဲက ရပ်ကွက်တချို့မှာတော့ MPT ဖုန်းလိုင်းရရှိတာဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာ ဆက်သွယ်ရေးလိုင်းအားလုံးပြတ်တောက်ထားပေမဲ့ ပူတာအိုနောင်မွန်မြို့နယ်မှာလည်း ဆက်သွယ်ရေးလိုင်း ရရှိသလို ချီဖွေမြို့နယ်မှာလည်း အက်တမ်(တယ်လီနော)ဖုန်းလိုင်းနဲ့ WIFI အင်တာနက်လိုင်းတစ်ချို့ ရနေတာဖြစ်ပါတယ်။ “ချီဖွေမှာက စစ်တပ်ထောက်တိုင်တွေများတယ်။ စီးပွားရေးလုပ်တဲ့သူတွေလည်း စစ်တပ်ခရိုနီတွေများတယ်။ ဒီဘက်က စီးပွားရေးလုပ်တဲ့သူအားလုံး စစ်တပ်နဲ့ပူးပေါင်းပြီးလုပ်ရတဲ့သူတွေချည်းဆိုတော့ သူတို့ ပြည်သူ့စစ်နဲ့ပူးပေါင်းတပ်ဖွဲ့ရှိတဲ့ဒေသကို ဖုန်းလိုင်းပေးထားတာလို့မှတ်ယူတယ်။ WIFI လိုင်း အင်တာနက်လည်းကောင်းကောင်းရတယ်။” ဒါ့အပြင် ဒီရက်ပိုင်း ချီဖွေမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ည ၁၀ နာရီနောက်ပိုင်း မြို့ထဲကို စစ်ကားတွေနဲ့ လှည့်ပြီး စျေးဝယ်တာတွေလုပ်နေတယ်လို့ ဆက်သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ–ဆော့လော်တစ်ခုလုံးကို ထိန်းချူပ်ထားချိန် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ချီဖွေ၊ပန်ဝါဒေသမှာ ဩဂုတ်လ ၃ ရက်နေ့စပြီး တပ်သားသစ်စုဆောင်းနေတာလည်းဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Jul- 2024 -30 July
စစ်တပ်ဖမ်းဆီးသွားတဲ့ KBC ဆရာ ၄ ဦးထဲကနေ ၂ ဦးလွတ်မြောက်၊ ၂ ဦးကျန်ရှိနေသေး
မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ထဲက ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၂ ဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လအတွင်းမှာ မြစ်ကြီးနား စီတာပူရပ်ကွက်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang ၊ ဆရာ Sut Aung တို့ကို စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၂၆ ရက်နေ့မှာ အကြောင်းမဲ့ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ၃ ဦးထဲကနေ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang တို့ ၂ ဦးကို ၂၇ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့ပေမယ့် ဆရာ Sut Aung ကိုတော့ ဒီနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးသိရှိတဲ့ မြစ်ကြီးနား ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်တို့သိထားရသလောက်ဆိုရင် ဆရာဂျုံးခေါင်နဲ့ မဒိန်ဇုန်းကရန်း နှစ်ယောက်က လွတ်လာပြီ။ ဆရာဒဘန် ဆွတ်အောင်က မလွတ်လာသေးဘူးလို့ကြားတယ်”လို့ပြောပါတယ်။ လက်ရှိမှာ ဆရာ ၂ ဦးသာ လွတ်မြောက်လာပြီး လွတ်မြောက်ဖို့ ကျန်ရှိနေသေးတဲ့ ဆရာ ဆွတ်အောင်ကို စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးထားတာကို မသိရသေးဘူးလို့ ဆိုပါတယ်။…
Read More » -
29 July
ဖမ်းဆီးခံရတဲ့ စီတာပူနှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာနဲ့လူငယ်ခေါင်းဆောင်လွတ်မြောက်လာ
ကချင်ပြည်နယ် မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ကသိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာဆွတ်အောင်ကို စစ်တပ် ဖမ်းဆီးသွာားပေမယ့် ၂၄ နာရီမပြည့်ခင်ပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ စစ်ကောင်စီတပ်တွေဟာ စီတာပူကချင်နှစ်ခြင်းအသင်းတော် အမှုတော်ဆောင်တွေဖြစ်တဲ့ သိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်ဆရာဆွတ်အောင် ၂ ဦးကို နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းမှပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ မြစ်ကြီးနားကနေ ရန်ကုန်ကို ခေတ္တရောက်နေတဲ့မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။ “၂၄ နာရီမပြည့်ခင် ပြန်လွတ်ပေးလာတယ် ကျနော်တို့ကြာားရသလောက်တော့ စီတာပူနှစ်ခြင်းအသင်းတော်မှာ ဖမ်းမခံရခင် ရှေ့အပတ်မှာ တိုက်ပွဲဖြစ်လာရင် အသင်းသူ၊သားတွေကို ဘယ်လိုရှောင်ကြမလဲဆိုပြီးပြောထားတဲ့ကိစ္စကြောင့်လို့တော့ ပြောတယ်။ အသေးစိတ်တော့မသိရဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၈ ရက်နေ့မှာလည်း ဝိုင်းမော်မြို့ ဝူယန်ပြည်သူ့စစ်စခန်းအနီး ဘက်ဟိုးနဲ့ ကတုတ်ကျင်းတူးဖော်နေတဲ့ ဗီဒီယိုဖိုင်ရိုက်ကူးခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဝူယန် KBC သိက္ခာတော်ရ သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီနဲ့ပြည်သူ့စစ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပါသေးတယ်။ ခုလို စစ်တပ်က ဘာသာရေးလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်တာ၊ဘာသာရေးဆရာတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် ၂၀၂၃ ခုနှစ် မေလ ၁ရက်နေ့က ထုတ်ဝေတဲ့ USCIRF ရဲ့ ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံတွေနဲ့အတူ အထူးစိုးရိမ်ရတဲ့နိုင်ငံများ ( Countries of Particular Concern- CPC )စာရင်းထဲမှာ ထည်သွင်းသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီနိုင်ငံတွေက အစိုးရတွေဟာ ဘာသာရေးနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ချိုးဖောက်မှုတွေကို ကိုယ်တိုင် ချိုးဖောက်တာ ဒါမှမဟုတ် အခြားသူတွေ ချိုးဖောက်တာကို မျက်ကွယ်ပြုထားတာတွေ လုပ်ဆောင်နေတယ်လို့ USCIRF ရဲ့ ကြေညာချက်မှာ ဖော်ပြထားတဲ့အပြင် USCIRF ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာထဲမှာ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံ ဧရိယာရဲ့ ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပေမယ့်၊ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ဆန့်ကျင်သူတွေကို ဖိနှိပ်တာ၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ By – CJ
Read More »