မြစ်ကြီးနားမြို့မှာ ကား၊ဆိုင်ကယ် အဖမ်းဆီးကြမ်းနေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ထဲမှာ ဒီရက်ပိုင်း ကား၊ဆိုင်ကယ် အဖမ်းဆီးကြမ်းနေတဲ့အတွက် ပြည်သူတွေ သွားလာရေးအခက်ခဲဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက် ရဲ၊ယာဉ်ထိန်းတို့ပူးပေါင်းပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့တွင်း ကား၊ဆိုင်ကယ် ဖမ်းဆီးမှု သိသိသာသာအရှိန်မြင့်လာတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ဖမ်းတာတော့ နေ့တိုင်းဖမ်းတယ် ဒါပေမယ့် ဒီရက်ပိုင်းတော်တော်လေးပြန်ဖမ်းနေတယ်။ ကား ၊ ဆိုင်ကယ်တွေမှာ နံပါတ်ပြား ဦးထုပ်၊ ဘတ်မှန်၊ ခါးပတ်၊ ယာဉ်လိုင်စင်ဖမ်းတာဟုတ်တယ် တော်တော်ဖမ်းနေတယ်“လို့ ပြောပါတယ်။
ဆိုင်ကယ်ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ပြည်သူတစ်ဦး ပြောပြချက်အရ ဦးထုပ်၊ဘတ်မှန်၊နံပါတ်ပြား မပါတဲ့ ဆိုင်ကယ်တွေကို ဒဏ်ငွေ ၃ သောင်းဝန်းကျင်အထိ ဒဏ်ရိုက်ပြီး ပြန်လွတ်ပေးတာရှိပေမယ့် ကားတွေကိုတော့ လိုင်စင်မဲ့ကားဆို ပြန်လွတ်ပေးတာမရှိဘူးလို့ ပြောပါတယ်။
“ကျမတို့ ဆိုင်ကယ်တွေတော့ ဒဏ်ကြေးပေးပြီးပြန်လွတ်တယ် ဆိုင်ကယ်က လိုင်စင်မစစ်ဘူး ။ဒါပေမယ့် ကားတွေ ရုံးမှာလာရွေးပါပြောပြီး လိုင်စင်မပါတဲ့ဟာတွေ ပြန်မလွတ်ပေးတာလည်းရှိတယ်”လို့ မြစ်ကြီးနားမြို့နေ အမျိုးသမီးတစ်ဦးပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့လက်အောက် ယာဉ်ထိန်းရဲတွေဟာ ခုလိုမြစ်ကြီးနားမြို့တွင်း၊ ကား၊ဆိုင်ကယ်တွေကို ဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး မည်သည့်စီမံချက်နဲ့ဖမ်းဆီးနေလဲဆိုတာ တိတိကျကျပြောဆို၊ထုတ်ပြန်တာမျိုးမရှိပဲ ဖမ်းဆီးနေတဲ့အတွက် ပြည်သူတွေကြားဝေဖန်မှုမြင့်တက်နေပါတယ်။
အာဏသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းဝေးတစ်ခုမှာ စစ်ခေါင်းဆောင်က နိုင်ငံတဝန်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခနစ်နာနေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အခက်ခဲများလည်း ဖြစ်ပေါ်လာတဲ့အတွက် ကြပ်မတ်ကြဖို့ ညွန်ကြားခဲ့ပြီးနောက် ကချင်ဒေသမှာလည်း ၂၀၂၅ ခုနှစ် ဇွန်လဆန်းပိုင်းကစပြီး လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးတာတွေ စတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီရက်ပိုင်းဖမ်းဆီးမှုတာဟာ ဆိုင်ကယ်ဆို ဦးထုပ်၊နံပါတ်ပြား၊ဘတ်မှန်သာ စစ်ပြီး လိုင်စင်စစ်တာမျိုးမရှိပေမယ့် ကားဆိုရင် လိုင်စင်အဓိကစစ်နေတယ်လို့သိရပါတယ်။
စစ်တပ်အာဏာမသိမ်းမှီ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ ၂၆ ရက်နေ့ ပြဌာန်းလိုက်တဲ့ “ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ”ပုဒ်မ ၈၅ (က)မှာဖော်ပြထားချက်အရ လိုင်စင်မဲ့ ကားမောင်းတယ်ဆိုရင် ၃ နှစ်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။
ဒါပေမယ့် အဲဒီထဲမှာငွေဒဏ်ကို တိတိကျကျဖော်ပြထားခြင်းမရှိတဲ့အတွက် ငွေကျပ်သိန်းပေါင်းများစွာ ဒဏ်ရိုက်လို့ရသလို နောက်တစ်ချက်က အဲဒီပုဒ်မ ပြစ်မှုကျူးလွန်မှုကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ပုဒ်မအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဆိုလိုချင်တာကတော့ Without မော်တော်ယာဉ်မောင်းတာကို မိတာနဲ့ရဲကဖမ်းပြီး ချက်ချင်းအချုပ်ထဲထည့်ထားရုံမကပဲ ထောင် ၃ နှစ်၊အကန့်သတ်မဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေမျိုးဖြစ်ပါတယ်။
ဒီဥပဒေကို ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ပြဌာန်းခဲ့တဲ့ မော်တော်ယာဉ်ဥပဒေကို အစားထိုးလိုက်တာလည်းဖြစ်ပါတယ်။
ဒီဥပဒေအရလို့ဆိုကာ စစ်ကောင်စီရဲ့ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ လိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးခဲ့ရာ မန်းလေး၊စစ်ကိုင်း၊နေပြည်တော်နဲ့ရှမ်းဒေသတွေမှာ အများဆုံးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်ဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသတွင်း စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲကြောင့် တိုက်ပွဲနယ်မြေက ပြည်သူတွေဟာ ဘေးလွှတ်ရာတိမ်းရှောင်နေကြရင်း မြို့ပေါ်မှာလည်း စစ်ရှောင်တွေအများအပြား ခိုလှုံနေကြတာဖြစ်ပါတယ်။
စစ်ဘေး၊ရေဘေးအမျိုးမျိုးကြုံတွေ့နေရတဲ့ဒေသတွေမှာ ယခုလို လိုင်စင်မဲ့ယာဉ်ဖမ်းဆီးခြင်းက ပြည်သူတွေကို ပိုခက်ခဲကြပ်တည်းသွားစေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့ ဒီနေ့မှာတော့ မြစ်ကြီးနားမြို့ ဆေးရုံကြီးရှေ့၊ ယာဉ်ထိန်းရုံးရှေ့၊ စီတာပူ တံတား၊ မနော့ကွင်း၊ ဈေးဒေါင့်၊ မြို့သစ်ကြီး ၊ ကျွန်းပင်သာ မီးပွိုင့်၊ အောင်နန်းရပ်ကွက်က ဆီဆိုင်နားအနီးတစ်ဝိုက် အဖမ်းဆီးကြမ်းနေတယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေပြောပါတယ်။
By – Zami



