တိုက်ပွဲ

  • Aug- 2024 -
    15 August

    လမောင်(Lamawng) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ကြောင်း KIO အတည်ပြု

    ဖားကန့်မြို့တစ်ခုလုံးနဲ့  စစ်တပ်ဗျူဟာကုန်းကို လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO ပြောပါတယ်။ လမောင်စစ်တပ်ကုန်းကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဖားကန့်မှာ မနေ့ကနေ တိုက်တဲ့ လမောင်တပ်စခန်းကို ဒီကနေ့မနက် ၉ နာရီလောက်မှာ သိမ်းလိုက်နိုင်ပြီ။ တောမှော်က မသိမ်းသေးဘူးထင်တယ် ဘာမှမပြောလာသေးဘူး”လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်တဲ့ လမောင်စစ်တပ်ကုန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး ဖားကန့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိတာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်အတွင်း အမြင့်ဆုံးတောင်ကုန်းမှာရှိတဲ့ အဲဒီတပ်စခန်းကြီးမှာ စစ်အင်အားရာနဲ့ချီတပ်စွဲထားတဲ့အပြင် လက်နက်ကြီးအထိုင်ချထားပြီး ဖားကန့်မြို့ တစ်ခုလုံးနဲ့ စစ်တပ်ရဲ့အရေးပါတဲ့ ဖားကန့် ဗျူဟာကုန်း၊ ယမ်းချက်တပ်စခန်း၊ တောမှော်၊ ကံစီး စတဲ့ တပ်စခန်းနေရာတွေကို အဓိကလုံခြုံရေးနေရာယူထားပေးပြီး လက်နက်ကြီးလှမ်းထောက်ပေးနေတဲ့ တပ်စခန်းအကြီးဖြစ်ပါတယ်။ ဖားကန့် စစ်ဗျူဟာကုန်းကို တိုက်ခိုက်လို့မရအောင် လမောင်စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ ပုံမှန်လုပ်ဆောင်ပေးနေတာလည်းဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်တပ်က လမောင်စစ်တပ်ကုန်းကို လက်လွတ်လိုက်ရတဲ့နောက်ပိုင်း အရေးပါတဲ့ စစ်တပ်နေရာတွေ လုံခြုံရေးကင်းမဲ့သွားမှာဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “ဖားကန့်မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်မယ့် အနေအထားတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဗျူဟာအရတော့ အရေးပါတဲ့ စစ်တပ်ကုန်းဖြစ်တယ်။ ကျန်တဲ့ စစ်တပ်စခန်းနေရာတွေကို တော်လှန်ရေးအင်အားစုတွေ သွားတိုက်ရင် နောက်ကျောမလုံးဘူးပေါ့လေ။ လက်နက်ကြီးနဲ့လှမ်းထောက်ရင် အခုလိုမျိုးလမောင်ကျသွားရင်တော့ အားတစ်ခုတော့ဖြစ်သွားတာပေါ့”လို့ပြောပါတယ်။ လမောင်စစ်တပ်ကုန်း သိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ခန့်ကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့သိရပေမယ့် တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှု အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း ၂ နေရာကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေတဲ့ တောမှော်တပ်စခန်းကိုလည်း ပြန်လည်သိမ်းပိုက်ဖို့ KIA ဘက်က တိုက်ပွဲဆက်လက်ဖော်ဆောင်နေသေး KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ တောမှော်တပ်စခန်းကိုလည်း ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံသိမ်းပိုက်သွားနိုင်တယ်လို့လည်း သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကနေ ဧပြီလလောက်အထိ KIA တပ်တွေ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်း ၆ ခုလောက်ကို သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားတာ ၄ လလောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ ဒုတိယအကြိမ် တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 14 August

    တိုက်ပွဲပြင်းထန်နေတဲ့ လမောင်စစ်တပ်ဗျူဟာကုန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာ စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ

    ဖားကန့်မြို့နယ်အတွင်း KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၂ ကြိမ်တိတိလာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့ကနေ ၅ မိုင်ဝန်းကျင်မှာရှိတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းနဲ့ ဖားကန့်မြို့ကနေ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ တောမှော်တပ်စခန်းကို KIA ပူးပေါင်းတပ် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်တိုက်ခိုက်နေပြီး မနက် ၁၀ နာရီ ၃၆ မိနစ်ဝန်းကျင်မှာတော့ စစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ ၂ ကြိမ်တိတိ လာရောက်ဗုံးကြဲသွားတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ “တောမှော်မှာတစ်လုံး လမောင်ကုန်းမှာတစ်လုံးကြဲသွားတယ် ၁၀ နာရီ ၃၆ မိန်စ်ဝန်းကျင်မှာ ထိခိုက်တာတွေတော့ မကြားရသေးဘူး။ ခုထိလည်း လေယာဉ်ကဝဲနေတုန်းဘဲ ” လို့ ပြောပါတယ်။ လက်ရှိချိန်ထိ အဲဒီတပ်စခန်း ၂ နေရာစလုံးမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်မှုရှိမရှိ အသေးစိတ်သိရဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဒီနေ့မနက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ စစ်ရေးအရ မဟာဗျူဟာကျတဲ့ စခန်းဖြစ်ပြီး တောမှော်တပ်စခန်းက နှစ်ဖက်စလုံးရဲ့ ကာကင်းစခန်းချထားတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။ “ဖားကန့်မှာက မြို့ထဲက ဗျူဟာကုန်း၊ လုံးခင်းက ယမ်းချက်နဲ့ ခုတိုက်နေတဲ့ လမောင်ကုန်းတွေက ဖိုခနှောင့်လို လုပ်ထားတာဟုတ်တယ် ယမ်းချက်နဲ့မြို့ထဲ ဗျူဟာကုန်းကို အဓိကလက်နက်ထောက်ကူပစ်ပေးနေတဲ့နေရာ လမောင်ကုန်းဘဲ ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာ လက်နက်ကြီးအထိုင်ချထားတာ။ ဒီတိုက်ပွဲနေရာ လေကြောင်းပစ်ကူတဲ့အထိ ဖြစ်နေပြီဆိုတော့ အခြေနေတော့ တော်တော်လေးကောင်းနေပြီလို့ ယူဆရတယ်”လို့ ပြောပါတယ်။ လက်ရှိ တိုက်ပွဲဇုန်အနီးမှာရှိတဲ့ ပြည်သူတွေဟာ ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရပြီလို့လည်း သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ဟာ မြစ်ကြီးနားကနေ မိုင်အားဖြင့် ၉၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလွန်းတာကြောင့် ခေတ်အဆက်ဆက် အစိုးရသက်တမ်းတစ်လျှောက် လူဦးရေစာရင်း တိတိပပ ကောက်ယူနိုင်ခြင်းမရှိတဲ့ နေရာဖြစ်ပါတယ်။ ဒါ့အပြင် အာဏသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေ မကြာခနထိတွေ့တိုက်ပွဲဖြစ်ပွားနေရာကနေ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ မြစ်ကြီးနား–ဖားကန့်လမ်းပေါ်က နန့်ယား၊  နန့်တိန်း၊ အင်းတော်ကြီး–ဖားကန့် လမ်းပေါ်က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင်၊ ဆယ်ဇင်းစတဲ့ တပ်စခန်းတွေကို သိမ်းယူထားနိုင်ပြီဖြစ်ပါတယ်။ By – Zami

    Read More »
  • 14 August

    ဖားကန့်  လမောင်တပ်စခန်းကုန်းကို  KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာတပ်စွဲထားတဲ့ လမောင်ကုန်း ဗျူဟာမြောက်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “မနက် ၃ နာရီလောက်ကနေစပြီး လမောင်ကုန်း အထိုင်စခန်းကို KIA  ပူးပေါင်းအဖွဲ့ စတိုက်နေပြီ လမောင်ကုန်းစခန်းက ဖားကန့်မှာ အမြင့်ဆုံးတောင်ပေါ်တပ်စွဲထားတာလည်း ဟုတ်တယ် အင်အားနှစ်ရာဝန်းကျင်လောက်ရှိတယ်”လို့ ပြောပါတယ်။ KIA နဲ့ KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲပါရှိပြီး မြေပုံအုပ်စုခွဲတမ်းအရ လုံးခင်းအုပ်စု၊ ဖားကန့်အုပ်စု၊ ဆိပ်မူအုပ်စု ဆက်စပ်နေတဲ့နေရာမှာရှိသလို ဖားကန့်နဲ့ လုံးခင်းကို လှမ်းမြင်နေရတဲ့ အမြင့်ဆုံးတောင်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင်  စစ်အင်အား ၂၀၀ ထက်မနည်းတပ်စွဲထားတဲ့ ဆယ်စုနှစ်တစ်စုကြာ ဗျူဟာမြောက်စခန်းဖြစ်ပြီး ဖားကန့်မြို့ထဲက ဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူလှမ်းထောက်ထားတဲ့ အဓိကစခန်းကြီးတစ်ခုဖြစ်သလို စစ်ရေးအရအရေးပါဆုံးတပ်စခန်းကြီးဖြစ်တယ်လို့  ဖားကန့်ပြည်သူတွေကပြောပါတယ်။ “အဲ့လမောင်ကုန်းက ဖားကန့်တဝိုက်အမြင့်ဆုံးတောင်ပဲ၊ စခန်းထဲအဝင်လမ်းလည်း တစ်ခုပဲရှိတာဟုတ်တယ် ဖားကန့်မြို့ထဲကဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူလှမ်းထောက်ထားတဲ့ အဓိကစခန်းကြီးတစ်ခုပဲ။လမောင်ကုန်းသာရရင် ဖားကန့်ဗျူဟာနဲ့ လုံးခင်းယမ်းချက်က အကူမဲ့သွားပြီ”လို့ ပြောပါတယ်။ ဖားကန့်မြို့နဲ့ ၅ မိုင်ဝန်းကျင်သာဝေးတဲ့ လမောင်ကုန်းတပ်စခန်းကြီးဟာ ဖားကန့်မြို့တစ်မြို့နယ်လုံးကို အပေါ်စီးကနေ ထိန်းချုပ်ထားတဲ့တပ်စခန်းဖြစ်ပြီး KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိိုက်နိုင်ပါက ဖားကန့်မြို့တစ်ခုလုံးကျသွားနိုင်ပြီလို့်လည်း ဖားကန့်ပြည်သူတွေက သုံးသပ်နေကြပါတယ်။ လက်ရှိချိန်ထိ နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအခြေနေ အသေးစိတ်သိရဖို့ ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။ လတ်တလောက် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာဖြစ်ပြီး ဖားကန့်ပြည်သူတွေဟာ IP STAR တပ်ဆင်ထားတဲ့ ဆိုင်တွေမှာ တစ်နာရီ ကျပ် ၃ သောင်းပေးပြီး ဖုန်းအင်တာနက်သုံးနေကြတာလည်း ဖြစ်ပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူကို KNG က ဖုန်းနဲ့ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ By – Zami

    Read More »
  • 9 August

    မိုးမောက်တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် KIO ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကချင်ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေကြရတယ်လို့ပြောပါတယ်။ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်တပ်နဲ့ KIA တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း…

    Read More »
  • 8 August

    KIO ထိန်းချုပ်နယ်မြေ နေရာ ၄ ခုမှာ  စစ်တပ်က ဗုံးကြဲတိုက်ခိုက်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် နေရာ ၄ ခုမှာ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ KIO ပြောပါတယ်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ မိုင်ဆပ်ပါ(Mai sak Pa)၊ မုန်လိုင်ခက်(Munglai Hkyet) ၊ မြို့သစ်(Myo Thit) နဲ့ ကုန်းလော(Kunglaw) နေရာတွေဖြစ်ပြီး  ဩဂုတ်လ ၇ ရက်ည ၁၂ နာရီဝန်းကျင်မှာ တစ်ပြိုင်နက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မနေ့ည ၁၂ နာရီနဲ့ ၁ နာရီကြားမှာပဲ လေယာဉ်က Y – 12 အမျိုးအစားလို့ထင်ရတယ်။ လိုင်ဇာမြို့အနီး ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်သွားတယ်။ မိုင်ဆပ်ပါမှာက ကချင် KBC ဘုရားကျောင်းဝင်းမှာလည်း ဗုံးကြဲပေးတယ်။ ဘုရားကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးမှုရှိတယ်။ ပြီးရင် အဲ့ဒီအနီးတဝိုက်က ပြည်သူနေအိမ်တစ်လုံးမှာလည်း ဗုံးကျလို့ အိမ်ပျက်စီးသွားတယ်။ အဲထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ထိခိုက်မှုရှိခဲ့တယ်”လို့ပြောပါတယ်။ မိုင်ဆပ်ပါကျေးရွာထဲ ပစ်ခတ်ခံရမှုမှာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းထဲ လေယာဉ် ဗုံး ၃ လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းဆောင်ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဘုရားကျောင်းအနီးမှာရှိတဲ့ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်။ KBC ဘုရားကျောင်းအနီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ထဲမှာ အသက် ၂၀ ခန့်ရှိတဲ့ မလန့်ခေါန်နန်(Malan Hkawn Nan) ဆိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ညာဘက်ခြမ်း ခြေထောက်တစ်ဖက် ဗုံးစထိမှန်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မိုင်ဆပ်ပါကျေးရွာ KBC ဘုရားကျောင်းနေရာကို ပစ်မှတ်ထား ပစ်ခတ်သွားတာဖြစ်တယ်လို့သိရပြီး လေယာဉ်ဗုံး ၁၀ လုံးထက်မနည်း ကျမှန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မိုင်ဆပ်ပါကျေးရွာကို ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာ လိုင်ဇာမြို့ပေါ်ဘက်ကို လှည့်ပတ်ပျံသွားပြီး မုန်လိုင်ခက်ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ တစ်ဆက်တည်း မိုင်ဆပ်ပါနဲ့ မုန်လိုင်ခက် ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားပြီး နာရီဝက်အကြာ ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် မြို့သစ်၊ ကုန်းလောဘက်ကိုလည်း ထပ်ပြီးဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက ထပ်မံပြောဆိုပါတယ်။…

    Read More »
  • 6 August

    မိုးမောက် ခမရ ၄၃၇ တပ်ရင်း လက်မလွတ်ရေး စစ်တပ်က လေကြောင်းနဲ့အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ

    တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ဗန်းမော်ခရိုင် မိုးမောက်တိုက်ပွဲမှာ စစ်တပ်က တပ်စခန်းလက်မလွတ်ရေးအတွက် လေကြောင်းကိုအဓိက ခုခံတိုက်ခိုက်နေပြီး တစ်ရက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့ ဂျက်လေယာဉ် ၁၀ စီးခန့် အထိရှိတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်နေတဲ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ဝန်းကျင်လောက်  KIA ပူးပေါင်းတပ်တွေက ခမရ ၄၃၇ တပ်ရင်းထဲဝင်ရောက်ပြီး တပ်စခန်း တဝက်ခန့်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့မြေပြင်ရော ဝေဟင်ကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ စစ်တပ်က မိုးမောက်တပ်စခန်းကို လက်မလွတ်ရေးအတွက် တစ်ရက်ကို ဂျက်လေယာဉ် ၈ စီးနဲ့ ၁၀ စီးကြားမှာ ပုံမှန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတာလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်တိုက်ပွဲက တိုက်ပွဲပြင်းရင် ပြင်းသလို လေယာဉ်လာတယ်။ တိုက်ပွဲအရမ်းပြင်းထန်တဲ့ ရက်တွေဆိုရင် ဂျက်လေယာဉ်က ၈ စီး၊ ၁၀ စီးလောက်တောင်ရှိတယ်။ သူတို့က မရပ်နားလာပစ်တယ်။ နေ့တိုင်းက လေယာဉ် ၃ စီး၊ ၄ စီးလောက်က ပုံမှန်ရောက်တယ်။ တိုက်ပွဲဖြစ်တာနဲ့ လေယာဉ်ရောက်ပြီ”လို့ပြောပါတယ်။ စစ်တပ်က မိုးမောက်တိုက်ပွဲမှာ စစ်လေယာဉ်အပြင် ဒရုန်းနဲ့ အပြင်းအထန် ခုခံကာကွယ်နေတဲ့အပြင် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်နဲ့ ခုခံတိုက်ခိုက်နေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် မိုးမောက်တိုက်ပွဲဟာ ၁၀ ရက်လောက်ကြာမြင့်လာပေမယ့် KIA တပ်ဘက်က အပြီးသတ်သိမ်းပိုက်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများနေတယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေပြောပါတယ်။ စစ်တပ်ဘက်က နေ့တိုင်းအဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူပိုင်နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုအများအပြားရှိနေပြီလို့ သိရပေမယ့် ဖုန်းအင်တာနက် အခက်အခဲကြောင့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာလည်း နံနက်ပိုင်း ၇ ဝန်းကျင်လောက်ကနေ စတင်ပြီး နှစ်ဖက်တပ် တိုက်ပွဲပြန်လည်ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်ကပြောပါတယ်။ စစ်ကောင်စီတပ်က မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေတာဟာ နယ်မြေအနေအထားအရ မိုးမောက်မြို့သိမ်းပိုက်လိုက်ရင် ဗန်းမော်မြို့တစ်ခုလုံးပါ လက်လွတ်လိုက်ရမှာဖြစ်တဲ့အတွက် ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။ “တကယ်လို့ မိုးမောက်ကို လက်လွတ်လိုက်ရင် ဗန်းမော်ကိုလည်း လက်လွတ်လိုက်ရတော့မှာပဲ ဒီအခြေအနေကြောင့် စစ်တပ်က မရရအောင် ခုခံတိုက်နေတာ။ နယ်မြေအနေအထားလည်း အဲဒီဖြစ်နေတာ။ ပြီးရင် ဒီမြို့ နှစ်ခုကို သိမ်းလိုက်ပြီဆိုရင် တရုတ်နယ်စပ် – လွယ်ဂျယ်လမ်း KIA တပ်တွေ အပြီးထိန်းချုပ်လိုက်မှာဖြစ်တယ်။ နောက်တစ်ခုက ဗန်းမော်မြို့ဆိုတာက ကချင်ပြည်နယ်အတွက်ဆိုရင် ဒုတိယမြို့တော်လိုလည်းဖြစ်နေတာဆိုတော့ သူတို့ လက်လွတ်မှာမဟုတ်ဘူး”လို့ပြောပါတယ်။ KIA တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းဟာ ဗန်းမော်ကနေ ၇ မိုင်အကွာမှာရှိပြီး ဆယ်စုနှစ်တစ်စုကြာ အခိုင်အမာတည်ရှိတဲ့ တပ်စခန်းကြီးဖြစ်ပါတယ်။  ဒါ့အပြင် မိုးမောက်မြို့ဟာ ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးပေါ်မှာတည်ရှိတဲ့ မြို့တစ်ခုဖြစ်ပြီး တရုတ်နယ်စပ် နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ စစ်ရေးအရ မိုးမောက်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်နိုင်ပါက ဗန်းမော်မြို့တစ်ခုလုံးကိုပါ သိမ်းပိုက်ဖို့ လွယ်ကူသွားပြီး ဗန်းမော် – လွယ်ဂျယ် ကားလမ်းပိုင်းကိုလည်း လက်လွတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်က မိုးမောက်နဲ့ ဗန်းမော်မြို့ နှစ်ခုစလုံးကို လက်မလွတ်ရေးအတွက် လေကြောင်း၊ ဒရုန်းတွေနဲ့ ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေက မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ မေလမှာ ပထမအကြိမ် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပေမယ့် သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဘဲ ဇူလို ၂၄ ရက်နေ့မှာ တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 2 August

    မြစ်ကြီးနားမြို့နယ်ထဲက တယန်ဇွပ်(Tayang Zup) စစ်တပ်စခန်း ၃ နေရာခုကို KIA သိမ်းပိုက်

    မြစ်ကြီးနားမြို့နယ် – ဆွမ်ပရာဘွမ့်သွားလမ်းပေါ် တယန်ဇွပ်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ တယန်ဇွပ်မှာ စစ်ကောင်စီတပ်က တပ်စခန်း ၃ နေရာခွဲပြီး တပ်ချထားတဲ့အတွက် တပ်စခန်း ၃ နေရာစလုံးကို အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တယန်ဇွပ်က ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်တာဖြစ်တယ်။ သူတို့တပ်ခွဲပြီး နေကြတဲ့ စခန်း ၃ ခုစလုံးကို သိမ်းလိုက်တာဖြစ်တယ်”လို့ပြောပါတယ်။ KIA တပ်တွေ ဒီနေ့ မနက်ပိုင်း ၈ နာရီခန့်လောက်မှာ တပ်စခန်းတဝက်လောက်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး  ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ တယန်ဇွပ်စစ်တပ်စခန်းဟာ မြစ်ကြီးနားမြို့နယ်ထဲကနေ ဆွမ်ပရာဘွမ့်ကို တက်သွားတဲ့လမ်းတစ်ကြောကို အဓိကလုံခြုံရေးရယူထားတဲ့ တပ်စခန်းတစ်ခုဖြစ့်တဲ့အတွက် စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ့်ကို တက်သွားတဲ့ လမ်းကို လုံခြုံရေးယူပေးတဲ့ နေရာဖြစ်တယ်။ တယန်ဇွပ်ကနေ ရေကြောင်းနဲ့ စစ်လှေသွားတဲ့ သူတွေကို တားမြစ်ပြီး စစ်ဆေးရေးအရမ်းတင်းကြပ်တဲ့နေရာဖြစ်တယ်။ ပြီးရင် တယန်ဇွပ်ကနေ စက်လှေ တက်သွားရင် KIA တပ်မဟာ (၁) နေရာကို တက်သွားတာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် အရေးပါတဲ့ နေရာဖြစ်တယ်”လို့ပြောပါတယ်။ လက်ရှိ KIA တပ်တွေက တယန်ဇွပ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် အထက်ဘက် ၁၀ မိုင်လောက်အကွာမှာရှိတဲ့ အင်ဆော့ပ် (Nsawp Zup) တပ်စခန်းနေရာကိုလည်း ထပ်မံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပေါ်မှာဖြစ်ပွားတဲ့ တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ၃ လလောက် တိုက်ပွဲငြိမ်သက်သွားတာဖြစ်ပါတယ်။  KIA တပ်တွေက ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၃ လအတွင်းမှာ ဆွမ်ပရာဘွမ့်မြို့အပါ မလိယန်နဲ့ ဒိန်ဝါရွမ်စတဲ့ တပ်စခန်းတစ်ချို့ကိုလည်း သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လ ၁ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့နယ်ခြမ်းဘက်မှာ ကျန်ရှိနေသေးတဲ့ တယန်ဇွပ်၊ အင်ဆောပ့် စတဲ့ စစ်တပ်စခန်းနေရာတွေမှာ တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 1 August

    မြစ်ကြီးနားမြို့အနီး တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်း ၂ နေရာကို KIA တိုက်ခိုက်နေ

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်မပေါ်ရှိတဲ့ တယန်ဇွပ်(Tayang Zup) နဲ့ အင်ဆောပ့်(Nsawp) ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့ မနက် ၇ နာရီလောက်ကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အဲဒီတပ်စခန်း ၂ နေရာမှာ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အထိ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တယန်ဇွပ်တပ်စခန်းကို ဒီမနက်ကနေ သွားရောက်တိုက်ခိုက်နေတယ်ဖြစ်တယ်။ အခုချိန်အထိ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေသေးတာဖြစ်ပါတယ်။ စခန်းသိမ်းပိုက်နိုင်တာကမရှိသေးဘူး”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နေရာဟာ မြစ်ကြီးနားမြို့နယ်ထဲမှာဖြစ်ပြီး အင်ဆောပ့်နဲ့ တယန်ဇွပ်က ၁၀ မိုင်အကွာမှာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ KIA တပ်တွေက စစ်တပ်စခန်းအကြီးရှိတဲ့ တယန်ဇွပ်တပ်စခန်းကိုသာ အဓိကတိုက်ခိုက်နေတာဖြစ်ပြီး အင်ဆောပ့်မှာက ပစ်ခတ်မှုအနည်းငယ်သာရှိနေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပေါ်မှာ ပြီးခဲ့တဲ့ မတ်လအတွင်း KIA တပ်တွေ ဆွမ်ပရာဘွမ့်မြို့ပေါ်တိုက်ပွဲ စတင်ဖော်ဆောင်လိုက်ချိန်မှာ ဆွမ်ပရာဘွမ့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာတပ်ချထားတဲ့ မလိယန်နဲ့ ဒိန်ဝါရွမ် စစ်တပ်စခန်းတွေကို ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂ လကျော်အကြာ ဆွမ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး မေလ ၅ ရက်နေ့မှာ ဆွမ်ပရာဘွမ့်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲငြိမ်သက်သွားတဲ့ ၂ လလောက်အကြာမှာ KIA က မြစ်ကြီးနားမြို့နယ်ဘက်ခြမ်းမှာ ကျန်ရှိနေသေးတဲ့ တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းတစ်ကြော စစ်ရေးအရ တယန်ဇွပ်ကနေ ဆွမ်ပရာဘွမ့်မြို့အထိ KIA တပ်တွေ ထိန်းချုပ်ထားပြီးတော့ တယန်ဇွပ်ကနေ မြစ်ကြီးနားမြို့နယ် တန်ဖရဲ ကျေးရွာအထိ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် KIA တပ်တွေက မြစ်ကြီးနားမြို့နယ်ထဲမှာ ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထပ်မံသိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်သလို စစ်မျက်နှာပြင်က မြစ်ကြီးနားမြို့နယ်ဘက်ကို ဦးတည်လာနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် KIA က မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းတစ်ကြောလုံးကို ထိန်းချုပ်လိုက်ဖို့ ကြိုးစားလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ အလားတူစွာဘဲ စစ်ကောင်စီတပ်ဘက်က ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အင်တာနက်ပြတ်တောက်နေချိန် မြစ်ကြီးနားမြို့ပြင် တယန်ဇွပ်ရွာသွားတဲ့လမ်းမပေါ်ရှိတဲ့ ၁၀ မိုင်ကျေးရွာနဲ့ ဂျော်ဘွမ်ဆုတောင်းတောင် အနီးတစ်ဝိုက်မှာ တပ်စွဲနေရာယူထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ရေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်ဟာ ဇူလိုင်လ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေချိန် မိုးမောက် ခမရ ၄၃၇ တပ်စခန်းကြီးနဲ့ ၊ဗန်းမော်မြို့အနီးတစ်ဝိုက်တိုက်ပွဲပြင်းထန်နေသလို ဩဂုတ်လ ၁ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့နယ်အထက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 1 August

    မိုးမိတ်မြို့ကို TNLA နဲ့ပူးပေါင်းအဖွဲ့အလုံးစုံသိမ်းပိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့ မနေ့ကပဲ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေအလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မလွေးယေဦးက KNG ကိုပြောပါတယ်။ မနေ့က ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မိုးမိတ်မြို့တွင်းနောက်ဆုံးကျန်တဲ့ စကခ ၂၁၊ ခလရ ၃၄၈၊ ခလရ  ၂၇၆  ခလရ ၂၂၃ တို့ကိုသိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ “မနေ့က မိုးမိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကိုရှင်းလင်းပြီးတော့မှ ဒီစခန်းအားလုံးကိုသိမ်း ပိုက်နိုင်ခဲ့တယ်။ လက်ရှိမှာတော့ မိုးမိတ်မြို့ကိုထိန်းချုပ်နိုင်တဲ့အခြေနေဖြစ်ပါတယ်။” လို့ TNLA ပြန်ကြားရေး တာဝန်ခံ မလွေးယေဦးကပြောပါတယ်။ မိုးမိတ်မြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇွန်လ နောက်ဆုံးအပတ်မှစတင်ကာ တအာင်းတပ် မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က မိုးမိတ်မြို့တွင်းက စစ်ကောင်စီတပ်ဖွဲ့တွေတပ်ပြန်ဆုတ်ခဲ့ကြရပြီး မြို့နဲ့ ၂မိုင် လောက်အကွာမှာရှိတဲ့ ဗျူဟာကုန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ မိုးမိတ်မြို့ရဲ့ အနောက်တောင်ဘက်မှာ မန္တလေးတိုင်း၊ မြောက်ဘက်ခြမ်းမှာတော့ ကချင်ပြည်နယ်၊ အရှေ့တောင်ဘက်မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာတည်ရှိတာဖြစ်ပြီး စစ်ရေးအရအချက်အချာ ကျတဲ့နေရာလို့ စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။ “မိုးမိတ်မြို့ကျတော့ တော်တော်လေးအရေးကြီးတဲ့ တည်နေရာမှာပါတာပေါ့နော်။ မိုးမိတ်မြို့ဟာ ကချင်ပြည်နယ် မပခရဲ့ လက်အောက်ခံဖြစ်ပေမဲ့ တိုင်း ၃ ခုပေါ့နော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရယ် ၊ မပခ ရယ်၊ ရမခ ရယ် ၃ခုရဲ့ တည်နေရာလို့တောင်ပြောလို့ရတယ်။ အရေးကြီးတဲ့နေရာလည်းဖြစ်တာမို့ အခြေချစစ်ဗျူဟာ တောင်အခြေချထားတယ်။ တစ်ခြားသူ့လက်အောက်မှာလည်း တပ်ရင်းတွေရှိတယ်။ တောင်ဘက်မှာ ဆို မိုးကုတ်၊ မဘိမ်း၊ ကချင်တောက်လျှောက်ပေါ့၊ နောက်ပြီး မိုးမိတ်နဲ့ မဘိမ်းကြားမှာဆို ရေအားလျှပ်စစ်တွေ ရှိတယ်။ နောက်ပြီးတော့ အရှေ့ဘက်ခြမ်းဆိုမန်တုံပေါ့နော် ဆိုတော့ တော်တော်လေး ဗျူဟာကျတဲ့ နေရာ လို့ သုံးသပ်ပါတယ်။”လို့ အမည်မဖော်လိုတဲ့နိုင်ငံရေးနဲ့စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။ မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ မိုးမိတ်မြို့ကို တအာင်းတပ်မတော် TNLA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ MOD PDF ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပထမအကြိမ် KIA နဲ့ တိုက်ပွဲကတည်းက ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီက ဒီတစ်ကြိမ်တော့ တော်လှန်ရေး အင်အားစုတွေလက်ထဲ လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ အခုလိုမိုးမိတ်မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာတော့ တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း မန္တလေးတိုင်းထဲက မိုးကုတ်၊ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုမြို့နဲ့ တတိယမြို့ အဖြစ် မိုးမိတ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းဟာ တစ်လကျော်ရှိလာပြီ ဖြစ်ပြီး မြို့ကြီး ၃မြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ အရပ်သားသေဆုံးမှုနဲ့ နေအိမ်အဆောက်အဦးပျက်ဆီး ဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဒီနေ့အထိ ရှမ်းမြောက်တစ်ခွင် စစ်ကောင်စီရဲ့ လက်နက် ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ရပြီး ဘုန်းကျောင်း စာသင်ကျောင်း နဲ့ အရပ်သားနေအိမ် ၁၀၅ လုံး ပျက်စီးခဲ့ရတယ်လို့ TNLA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • Jul- 2024 -
    29 July

    လားရှိုးမြို့ထဲ ပိတ်မိနေပြည်သူတွေကို ကယ်ထုတ်ဖို့ခက်ခဲနေ

    ရှမ်းမြောက် လားရှိုးမြို့ထဲ ကိုးကန့် MNDAA တပ်ဟာ ပရဟိတအသင်းတွေကိုဝင်ခွင့်မပေးတဲ့အတွက် ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ပရဟိတအဖွဲ့တွေဘက်က ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ လားရှိုးမြို့မှာ မြို့တွင်းကနေ လမ်းလျှောက်ထွက်ပြေးလာတဲ့ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ လိုအပ်နေပေမယ့် ကိုးကန့် MNDAA က မြို့အဝင် ခါးလျှိဂိတ်မှာဝင်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုးကန့် MNDAA တပ်တွေဟာ ပရဟိတအဖွဲ့ဝင်တွေ နောက်ထပ် ရောက်လာမယ်ဆိုရင်သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ပရဟိတလူငယ်တစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “လားရှိုးမြို့ထဲ ဝင်ခွင့်မပေးဘူး ဝင်ကြိုခွင့်လည်းမပေးဘူး။ မြို့တွင်းထဲမဟုတ်ပဲ မြို့ပြင်မှာပဲ ဒုက္ခသည်တွေ လမ်းလျှောက်ပြီးထွက်လာတာကို ကျနော်တို့လှမ်းမြင်နေရပြီ အဲဒါကိုသွားကြိုခွင့်မပေးဘူး။ ပရဟိတ လိုဂို၊တံဆိပ်တွေအကုန်ပါတယ်။ အဲဒါကို ကျနော်တို့ကို လက်ခလယ်ထောင်ပြတဲ့အဆင့်ထိလုပ်တယ်။ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကယ်ခွင့်မပေးဘူး။ သူတို့က နောက်တစ်ခါမလာနဲ့ လာရင်ပစ်သတ်မယ်ဆိုတဲ့အဆင့်ထိ ကျနော်တို့ ခြိမ်းခြောက်ခဲ့တယ်။ ကျနော်တို့က တောင်ပိုင်းကနေ မြောက်ထိသွားတယ်ဆိုတော့လေ မလွယ်ဘူးလေဗျာ။” လို့ လက်ရှိ လားရှိုးစစ်ရှောင်တွေကို ကူညီကယ်ထုတ်နေတဲ့ ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၇ ရက်နေ့မှာ ပရဟိတအဖွဲ့ ကား ၇ စီးနဲ့ လားရှိုးမြို့ထဲကနေ လမ်းလျှောက်ပြီးပြေးလာတဲ့ ဒုက္ခသည်ပြည်သူတွေကိုကယ်ထုတ်ဖို့ တောင်ကြီးဘက်ကနေလာခဲ့ပေမယ့် လားရှိုးဝင်ခါနီးဂိတ်မှာတင် ပိတ်ပင်ခံလိုက်ရပြီး MNDAA ဘက်က ပြန်ခေါက်ခိုင်းလိုက်တယ်လို့ ပြောပါတယ်။ လားရှိုးမြို့ တိုက်ပွဲဖြစ်ပွားစဖြစ်ကတည်းက ကိုးကန့် MNDAA တပ်တွေဟာ အရပ်သားကားတွေ ဝင်ခွင့်ပိတ်ပေးလိုက်ပြီး လူမှုကယ်ဆယ်ရေးအသင်းကိုတော့ ဒုက္ခသည်ပြည်သူတွေကို ကယ်ထုတ်ခွင့်ပေးခဲ့ပေမေယ့် ဇူလိုင်လ ၂၀ ရက်နေ့နောက်ပိုင်း မြို့ထဲဝင်ခွင့်ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။  “ကျနော်တို့ကတော့ ရှုံ့ချတယ်။ ဘာလို့ဆို တော်လှန်ရေးဆိုတာကျနော်တို့နားလည်တယ်။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ အရပ်သားတွေကိုတော့ သူတို့ကယ်ထုတ်ခွင့်ပေးသင့်တယ်။”လို့ ပရဟိတ လူငယ်ကဆက်ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ထဲမှာ သေဆုံးနေတဲ့ပြည်သူအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ ပရဟိတတွေမရှိတော့တာကြောင့် အကူအညီတောင်းခံတဲ့ပြည်သူတွေ လွတ်မြောက်နိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။  လားရှိုးမြို့ထဲကနေ အရပ်သားပြည်သူ ၉၀ ရာခိုင်နှုန်း စစ်ရှောင်သွားပြီး မြို့တွင်းမှာ ပြည်သူအနည်းအကျဉ်းကျန်နေသေးသလို လက်ရှိထိ တိုက်ပွဲကြာ လမ်းလျှောက်ပြီး ဆက်လက်ထွက်ပြေးနေသူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုးကန့် MNDAA က ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ မနက်အစောပိုင်း လားရှိုးစစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ကားသမားတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။  အလားတူဘဲ စစ်ရှောင်လာတဲ့ အရပ်သားလူငယ်တွေ ကို စစ်သားစုဆောင်း ဖမ်းခေါ်တာတွေလုပ်နေပြီး စစ်ရှောင်ပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေကို ငှားရမ်းသိမ်းယူလိုက်တဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။  ဇူလိုင် ၂၉ ဒီနေ့မနက်ထိ လားရှိုးမြို့ ပန်းခြံနဲ့ မန်ဆူဘုရားနားမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဇူလိုင် ၂၈ မနေ့ည စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာကြောင့် အရပ်သား ၅ ဦးထပ်မံသေဆုံးမှု ရှိတယ်လို့ ထွက်ပြေးလာသူ အရပ်သားတွေဆီကနေ သိရပါတယ်။ တစ်ဖက်မှာ တိုက်ပွဲကြား လားရှိုးအကျဉ်းထောင်မှာ လက်နက်ကြီး ၂ ကြိမ်လောက်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အကျဉ်းသားတွေ ထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် ဇူလိုင် ၂၈ ရက်နေ့မှာ အကျဉ်းဦးစီးဌာနကနေ လွတ်ရက်စေ့ပြီဖြစ်တဲ့ အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးလိုက်တယ်လို့ အကျဉ်းထောင်အမှုထမ်းတွေနဲ့ ဆက်သွယ်နေသူက ပြောပါတယ်။ လားရှိုးထဲကနေ စစ်ရှောင်လာတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ လားရှိုးကို MNDAA က အလုံးစုံထိန်းချူပ်လိုက်တဲ့ အနေအထားထိမရှိသေးပဲ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အပြင် အကျဉ်းထောင်ကိုလည်း သိမ်းပိုက်ထားနိုင်ပြီး အကျဉ်းသားအားလုံးကိုလွတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကလည်း မှန်ကန်မှုမရှိဘူးလို့ အကျဉ်းထောင်အမှုထမ်းနဲ့ ဆက်သွယ်နေသူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၇ ရက်နေ့ လားရှိုးမြို့ထဲမှာ UWSA ၀ လက်နက်ကိုင်တပ်ဖွဲ့ အင်အား ၂၀ ခန့် ဝင်ရောက်နေတာဖြစ်ပြီး လက်ရှိလားရှိုးမြို့တွင်း၊မြို့ပြင်တွေမှာ အင်တာနက်၊ ဖုန်းလိုင်းအားလုံး ပြတ်တောက်နေတာကြောင့် သတင်းအချက်အလက်အတိအကျ သိရှိနိုင်ဖို့လည်း ခက်ခဲနေပါတယ်။ By – ဂျာဘောက်ရာ

    Read More »
Back to top button