စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၈ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်၊ အင်းတော်၊ ကသာနဲ့ ကောလင်းမြို့နယ်တွေမှာ စက်တင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အရပ်သား အနည်းဆုံး ၈ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ၊ သက်ဆိုင်ရာအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလို စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုစိပ်လာတာနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက“လေကြောင်းတိုက်ခိုက်မှုတွေက ဒီရက်ပိုင်းမှာ တော်တော်စိပ်နေတယ်ပေါ့နော်။ ဒီထီးချိုင့်၊ အင်းတော်၊ ကသာ၊ ထီးချိုင့်နဲ့ မန္တလေးတိုင်းနယ်စပ်ဆို တကောင်းရှိမယ်ပေါ့နော်။ အဲ့ဒီဘက်တွေ တော်တော်များများကို ကသာခရိုင်အတွင်းရယ် လေကြောင်းတိုက်ခိုက်တာတွေက နေ့စဉ်နဲ့အမျှ ပြုလုပ်နေတယ်ပေါ့နော်”
လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က မြို့နယ်တွေဖြစ်တဲ့ အင်းတော်၊ ကသာနဲ့ ကောလင်းဘက်အပြင် ထီးချိုင့်မြို့နယ်အတွင်းမှာလည်ဖြစ်ပွားခဲ့တာဖြစ်ပြီး မန္တလေး–မြစ်ကြီးနား ကားလမ်းကြောင်းနဲ့ ဆက်စပ်တဲ့ ဒေသတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ထိခိုက်လာတာဖြစ်ပါတယ်။
စက်တင်ဘာ ၂၁ ရက်မှာ ထီးချိုင့်မြို့နယ်အတွင်း နေရာတစ်ခုကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် အဲဒီဖြစ်စဉ်မှာ လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီနောက် စက်တင်ဘာ ၂၃ ရက်မှာတော့ အင်းတော်မြို့နယ်အတွင်း မန္တလေး–မြစ်ကြီးနား ကားလမ်းပိုင်းကို Y-12 လေယာဉ်နဲ့ ဗုံး ၁၈ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး ကားသမားနဲ့ စပါယ်ယာတွေ ထိခိုက်သေဆုံးခဲ့တဲ့အပြင် ဆီဘောင်ဆာကားနဲ့ တွဲကားတစ်စီးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး AAPP ရဲ့ စက်တင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်မှာတော့ စက်တင်ဘာ ၂၃ ရက် အင်းတော်မြို့နယ်အတွင်း အရပ်သားနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနေ့မှာပဲ ကသာမြို့နယ် မိုးတားတိုက်နယ်အတွင်း ညောင်ခြေထောက်ကျေးရွာက ဘုန်းကြီးကျောင်းကို လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သီလရှင်တစ်ပါး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်မှာတော့ ကောလင်းမြို့နယ် အရှေ့ခြမ်း ကုက္ကိုကုန်းကျေးရွာကို လေကြောင်းကနေ နှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံးနှစ်လုံးနဲ့ ရော့ကက်လေးလုံး အသုံးပြုခဲ့တယ်လို့ ကောလင်းခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရကာ နေအိမ်ငါးလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ ထီးချိုင့်မြို့နယ် ညောင်ပင်သာကျေးရွာကို မောင်းကုန်း–ထူးဆိပ်ကမ်းဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပေမယ့် ဒီဖြစ်စဉ်က လေကြောင်းတိုက်ခိုက်မှု မဟုတ်တဲ့အတွက် အထက်ပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူစာရင်းထဲ ထည့်သွင်းမထားပါဘူး။
စက်တင်ဘာ ၂၇ ရက်မှာလည်း ကောလင်းမြို့နယ်အရှေ့ခြမ်းက ကချင်ကုန်းနဲ့ ရှောက်ပင်ဝိုင်းကျေးရွာတွေကို ညသန်းခေါင်ကျော် အချိန် လေကြောင်းကနေ နှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးကျည် ခြောက်လုံး ပစ်ခတ်ခဲ့တယ်လို့ ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ပါတယ်။
အင်းတော်မြို့နယ်ဟာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပြီး မန္တလေး–မြစ်ကြီးနား ကားလမ်းပိုင်းဟာ လည်း အထက်မြန်မာပြည်နဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ပေးတဲ့ အရေးကြီးတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
စက်တင်ဘာ ၂၃ ရက်က လေကြောင်းတိုက်ခိုက်မှုဟာ တိုက်ပွဲဖြစ်ပွားနေချိန်မဟုတ်ဘဲ ကားလမ်းဘေး နားနေရာတစ်ခုကို ထိမှန်ခဲ့တာလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောထားပါတယ်။
ဒေသခံတချို့ကတော့ လက်ရှိလေကြောင်းတိုက်ခိုက်မှုတွေဟာ ထီးချိုင့်–အင်းတော် လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး၊ မြေပြင်စစ်ကြောင်းတွေ ရွှေ့ပြောင်းနိုင်ရေးနဲ့ လမ်းကြောင်းပေါ်က ကုန်စည်နဲ့ ဆီသယ်ယူပို့ဆောင်မှုတွေကို ဖြတ်တောက်နိုင်ရေး အတွက် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
“သူတို့ ထီးချိုင့်–အင်းတော် လမ်းကြောင်းကိုပဲ ပြန်ထိန်းချုပ်ချင်လို့၊ စစ်ကြောင်းထိုးချင်လို့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေသလားပေါ့နော်။ ဒါမှမဟုတ်ရင် အင်းတော်ဘက်ကလည်း လမ်းတွေပိတ်ထားတယ်။ ဆီကားတွေ တန်းစီပြီးတော့ ရပ်ထားရတဲ့အနေအထားရှိတယ်။ အဲ့ဒီအတွက်ကြောင့် စစ်ကြောင်းထိုးဖို့ အဆင်မပြေတဲ့အတွက် လေကြောင်းနဲ့ရှင်းပြီးတော့မှ သွားချင်သလားပေါ့နော်။ ဒီလိုတော့ ထင်မိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် အဆိုပါသုံးသပ်ချက်ဟာ ဒေသခံတစ်ဦးရဲ့ အမြင်သာဖြစ်ပြီး စစ်တပ်ဘက်က အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကို ဘာကြောင့် ပြုလုပ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး သီးခြားရှင်းလင်းထုတ်ပြန်ထားတာကို လက်ရှိအချိန်အထိ မတွေ့ရသေးပါဘူး။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းတွေအရလည်း စစ်ကိုင်းတိုင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုဟာ ဆက်လက်မြင့်တက်နေပါတယ်။ စက်တင်ဘာ ၁၇ ရက်အထိ စစ်ကိုင်းတိုင်းမှာ ၂၀၂၆ ခုနှစ်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၄ ဦးရှိပြီး အဲဒီအထဲက ၁၃၃ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ AAPP က မှတ်တမ်းတင်ထားပါတယ်။
ထို့အပြင် စက်တင်ဘာ ၁ ရက်ကနေ ၁၄ ရက်အထိ တစ်နိုင်ငံလုံးမှာ အရပ်သား ၆၂ ဦးဟာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ AAPP က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်ဒေသတွေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား အနည်းဆုံး ၈ ဦး သေဆုံးပြီး အတည်ပြုနိုင်တဲ့ ဒဏ်ရာရသူ ၁၀ ဦးရှိကာ နေအိမ်နဲ့ ယာဉ်အချို့လည်း ပျက်စီးခဲ့ပါတယ်။
By – အမိုး




