ဒရုန်းဗုံးကြဲခံရလို့ အဘွားအိုတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် စစ်တန်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဘွားအိုတစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ နေ့လယ် တစ်နာရီဝန်းကျင်မှာ ဧရာဝတီမြစ်တစ်ဖက်ကမ်း မောင်းကုန်းကျေးရွာရှိ စစ်တပ်အထိုင်စခန်းကနေ စစ်တန်းကျေးရွာကို ဒရုန်းနဲ့ ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အသက် ၇၉ နှစ်အရွယ် ဒေါ်ထွေးအိမ် သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် မအေးမြတ်ဖြူနဲ့ အသက် ၁၇ နှစ်အရွယ် မရွန်းလဲ့ခိုင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ မအေးမြတ်ဖြူဟာ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရခဲ့ပြီး မရွန်းလဲ့ခိုင်ကတော့ ဘယ်ဘက်လည်ပင်းမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေအိမ်တစ်လုံး ပျက်စီးသွားခဲ့သလို နွားတစ်ကောင် သေဆုံးပြီး နွား ၃ ကောင်လည်း ဒဏ်ရာရခဲ့ပါတယ်။
စစ်တန်းကျေးရွာနဲ့ မောင်းကုန်းကျေးရွာဟာ ဧရာဝတီမြစ်တစ်ခုသာ ခြားထားတဲ့ ရွာတွေဖြစ်ပြီး မောင်းကုန်းကျေးရွာမှာ စစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အခု စစ်တန်းရွာက မောင်းကုန်းနဲ့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းလိုမျိုးပဲ။ ဧရာဝတီမြစ်ပဲ ခြားထားတယ်။ မောင်းကုန်းရွာမှာရှိတဲ့ စစ်ကောင်စီအထိုင်ကနေပြီးမှ ဒရုန်းနဲ့ချတာလို့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ချိန်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာနဲ့ စစ်ရေးထိတွေ့မှု မရှိခဲ့ဘူးလို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
“တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒီတိုင်းပဲ ဒရုန်းနဲ့လာချသွားတယ်လို့ သိရတယ်။ ဒရုန်းက ၆၀ သီးကို သုံးပြီးတော့ သုံးနေရာလောက် ချသွားတယ်။ ထိခိုက်တာကတော့ တစ်အိမ်တည်းပဲ။ အဲ့တစ်အိမ်တည်းကပဲ သေဆုံးမှုတွေ ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။
စစ်တန်းကျေးရွာဟာ ထီးချိုင့်မြို့နဲ့ သိပ်မဝေးပေမဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေမကောင်းတာကြောင့် သွားလာရေး အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့ကနေ စစ်တန်းကျေးရွာကို သွားမယ်ဆိုရင် လမ်းအခြေအနေကြောင့် နာရီဝက်ကျော်လောက် ကြာနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
ထီးချိုင့်မြို့နယ်ဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာရှိပြီး အင်းတော်၊ ဝန်းသိုမြို့နယ်တွေနဲ့ ဆက်စပ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ ဒေသဖြစ်ပါတယ်။
အောက်တိုဘာလအတွင်း အင်းတော်မြို့နယ်ကနေ ထီးချိုင့်နဲ့ ဝန်းသိုမြို့နယ်ဘက်ကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ် ညောင်ပင်သာကျေးရွာကို မောင်းကုန်းရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပုံစ– ဒရုန်းနဲ့ဗုံးကြဲခံရတဲ့မြင်ကွင်းများ




