စစ်သားဟောင်းတွေကို နေအိမ်အထိ ဝင်ဖမ်းပြီး ပြန်ခေါ်နေ
ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဦးတန်ဂူးတန် ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့က အရင်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်သားဟောင်းတွေကို ပြန်လည်ခေါ်ယူရာမှာ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးတန်ဂူးတန် ဦးဆောင်တဲ့ ပူတာအိုဌာနေပြည်သူ့စစ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး အရင်က ပြည်သူ့စစ်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်သားဟောင်းတွေကို နာမည်စာရင်းနဲ့တကွ လိုက်လံခေါ်ယူနေပါတယ်။
ဒေသခံတွေပြောပြချက်အရ အကြောင်းကြားထားတဲ့ရက်မှာ ပြန်မလာသူတွေကိုတော့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဦးတန်ဂူးတန်ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“အရင်ပြည်သူ့စစ်လုပ်ပြီး နားသွားတဲ့ စစ်သားတွေကို ပြန်ခေါ်တာပါ။ နာမည်စာရင်းရှိခဲ့တဲ့သူတွေကို ဘယ်နေ့ ဘယ်ရက်မှာ ပြန်လာရမယ်လို့ အကြောင်းကြားတယ်။ အကြောင်းကြားပေမဲ့ ပြန်မလာတဲ့လူ၊ ရှောင်နေတဲ့လူတွေကို စောင့်ကြည့်ပြီး နေအိမ်မှာ ဝင်ဖမ်းတယ်။ သူရှိတဲ့နေရာမှာ ဝင်ဖမ်းတယ်။ ဘယ်မှာရှိရှိ သိတာနဲ့ ဝင်ဖမ်းတယ်” လို့ အသက် ၄၀ ကျော်အရွယ် အဲဒီအမျိုးသားက ပြောပါတယ်။
စစ်သားဟောင်းတွေကို ပြန်ခေါ်ရာမှာ နေအိမ်တွေအပြင် စားသောက်ဆိုင်တွေနဲ့ ရပ်ကွက်ထဲအထိ လိုက်လံစောင့်ကြည့်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မလာဘူးဆိုရင် အဲဒီစစ်သားက ပြေးမလွတ်ဘူး။ စားသောက်ဆိုင်တွေ၊ ရပ်ကွက်ထဲက အမျိုးအိမ်တွေအထိ ဝင်ရှာပြီး ဖမ်းတယ်။ နာမည်နဲ့ ပုံနဲ့ ဝင်စစ်ပြီး ဖမ်းတာ။ မလိုက်ဘူး၊ ငြင်းရင် ရိုက်နှက်ပြီး ခေါ်တာလည်း မြင်ဖူးတယ်။ မလိုက်ဘူးလို့ ငြင်းတာနဲ့ ထုထောင်းပြီး ခေါ်သွားတာဗျ” လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
ပြန်လည်ခေါ်ယူခံနေရသူတွေထဲမှာ လုပ်သက်ပြည့်လို့ တာဝန်ကနေ နားခဲ့သူတွေ၊ ကျန်းမာရေးနဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် လုပ်သက်မပြည့်ခင် ထွက်ခွာခဲ့သူတွေနဲ့ နှုတ်ထွက်ထားတဲ့ စစ်သားဟောင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက် ၅၀ အောက် စစ်သားဟောင်းတွေကို အဓိက ပြန်ခေါ်နေပြီး နာမည်စာရင်းပါသူတွေကို အခြေအနေမရွေး အတင်းအကျပ် ဖိအားပေးခေါ်ယူနေတယ်လို့ ပြည်သူ့စစ်နဲ့ နီးစပ်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“နာမည်ပြန်ပါတဲ့သူတွေက မလွတ်ဘူး။ ရအောင်ခေါ်တယ်။ အသိတစ်ယောက်ဆိုရင် အဖေလည်း မရှိတော့ဘူး။ သားအမိသုံးယောက်ပဲရှိတယ်။ သူ့အကိုက ခြေထောက်မသန်ဘူး။ အဲဒါကြောင့် ပြည်သူ့စစ်ထဲက ထွက်လိုက်တာ။အဲဒါကို ရအောင်ပြန်ခေါ်တယ်။ မလာရင် ဝင်ဖမ်းမယ်ဆိုတော့ သွားလိုက်ရတယ်။ စစ်သားဟောင်းဆိုရင် အလွတ်မပေးဘူး” လို့ သူက ပြောပါတယ်။
KNG က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးခံရတဲ့ စစ်သားဟောင်း ၈ ဦးထက်မနည်း ရှိနေပြီလို့ သိရပါတယ်။
ခုလို ဖမ်းဆီးမှုတွေကို ကောင်ကထောင်၊ သုတ္ထန်နဲ့ လုံးဇွတ်ရပ်ကွက်တွေမှာ အများဆုံး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဦးတန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကျော်ကတည်းက လူငယ်တွေကို လိုက်လံဖမ်းဆီးနေခဲ့တာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေ၊ ကျေးရွာတွေနဲ့ ရွှေမှော်တွေက လူငယ် ၃၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အစောပိုင်းမှာ အမျိုးသားတွေကိုသာ ပစ်မှတ်ထားဖမ်းဆီးခဲ့ပေမဲ့ အောက်တိုဘာ ၁၀ ရက်ကျော်ကစပြီး အမျိုးသမီးငယ်တွေကိုပါ ဖမ်းဆီးလာကာ ငွေပေးပြီး ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း မြန်မာ–တရုတ်နယ်စပ် မှတ်တိုင် ၃၀ နဲ့ ၃၁ ဘက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ ပြည်သူ့စစ်၊ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဖြစ်ပွားနေတဲ့ ခေါင်လန်ဖူးတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ဘက်က အထိအခိုက်နဲ့ အကျအဆုံးများနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဖမ်းဆီးထားတဲ့ လူငယ်တွေကို ကာလတို စစ်သင်တန်းပေးပြီး ခေါင်လန်ဖူးရှေ့တန်းကို ပို့တာ၊ ရှေ့တန်းအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်ခိုင်းတာတွေအတွက် အသုံးပြုနေတယ်လို့ သိရပါတယ်။
By – Zaw Zaw




