နယ်ခြားစောင့်တပ်
-
Nov- 2024 -15 Novemberသတင်း
KIA သိမ်းပိုက်နယ်မြေတွေမှာ လူထုအသံနားထောင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တောင်းဆို
ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIO အစိုးရအနေဖြင့် အုပ်ချုပ်စနစ်ကို စတင်ထူထောင်တဲ့အခါ ဗဟိုအမိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲ ဒေသခံအသံကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒေသခံတချို့ ပြောဆိုပါတယ်။…
Read More » -
15 Novemberသတင်း
KIA ရဲ့စည်းရုံးမှုအပေါ် အမြင်မှန်ရပူးပေါင်းမှုကြောင့် ကချင်အထူးဒေသ ၁ နယ်မြေကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့တာလို့ ဦးအားတီယောဟန်ပြော
ကချင်အထူးဒေသ ၁ နယ်မြေကိုအချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့တာဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဘက်က KIA ရဲ့စည်းရုံးမှုအပေါ် အမြင်မှန်ရပူးပေါင်းခဲ့တာကြောင့်ဖြစ်တယ်လို့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်ကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ကချင်အထူးဒေသ ၁ နယ်မြေအတွင်းမှာ ရှိတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော် စတဲ့နယ်မြေတွေထဲက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့နယ်ခြား စောင့်တပ်တွေရဲ့ တပ်စခန်းတွေကို အချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့သလို တစ်ချို့စခန်းတွေဟာ ပစ်ခတ်မှု မရှိဘဲ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ “ဗမာစကားပုံရှိတဲ့အတိုင်းပဲ ပြည်သူ့နှလုံးမသိမ်းကြုံးလျှင် ဓားသွားလည်းကြွေ လှံသွားလည်း ခွေဆိုသလို ပါပဲ။ နှစ်ပေါင်းများစွာအာဏာရှင်စနစ်လက်ဝါးကြီးအုပ်စနစ်ကို ပြည်သူလူထုမကြိုက်လို့သော် လည်းကောင်း၊ ဌာနေပြည်သူ့စစ်ခေါင်းဆောင်များက ပြည်သူ့အကျိုးရှေးရှုပြီးတော့ ကျနော်တို့ရဲ့ စည်းရုံး တာကိုအမြင်မှန်ရ ပူးပေါင်းလာတာကြောင့် အချိန်တိုအတွင်းနယ်မြေစိုးမိုးမှုရခဲ့တာလို့ ဒီလိုပဲမြင်ပါတယ်။”လို့ဦးအားတီယောဟန်ကပြောပါတယ်။ ကချင်အထူးဒေသ ၁ နယ်မြေအတွင်းရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ တွေကို အဖွဲ့ပေါင်းစုံက ဘက်ပေါင်းစုံကဏ္ဍပေါင်းစုံကနေ စည်းရုံးဖို့ကြိုးစားခဲ့ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ဌာနေပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်ဖွဲ့တွေကို စစ်ဆင်ရေးမတိုင်ခင် ၆ လလောက်အချိန်ယူပြီး စည်းရုံးခဲ့တယ်လို့ ဦးအားတီယောဟန်ကပြောပါတယ်။…
Read More » -
1 Novemberသတင်း
နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်တလောမှာတော့ အမှတ် ၁၀၀၁ တပ်စခန်းအနီးတစ်ဝှိုက်ပစ်ခတ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “၁၀၀၁ ကတော့ကျသွားပြီ ဒါပေမဲ့ အဲ့ဒီကနေဆုတ်သွားတဲ့ တပ်ဖွဲ့တွေနဲ့ KIA နဲ့က ပစ်ခတ်မှုတွေဖြစ်နေ တုန်းပဲ။ လောလောဆယ်တော့ အဲ့ဒီအနီးနားတစ်ဝှိုက်ကရွာတွေကတော့ ရှောင်ကုန်၊ပြေးကုန်ကြပြီပေါ့”လို့ ပြောပါတယ်။ အမှတ် ၁၀၀၁ ဌာနချုပ်တပ်ရင်းဟာ ဖီမော်မြို့ပေါ်နဲ့ ဆိုင်ကယ်နဲ့ဆိုရင် ၁နာရီကျော်လောက်သွားရတဲ့အကွာ အဝေးမှာရှိပြီး ဖီမော်မြို့ပေါ်ဒေသခံတွေအပါအဝင် အဲ့ဒီအနီးတစ်ဝှိုက်ဒေသခံတွေကတော့ ဘေးလွှတ်ရာတွေ မှာ တိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ပြန်ကြားရေးတာဝန်ခံကတော့ ဖီမော်မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်သိမ်းပိုက်တဲ့အခြေနေနဲ့ပတ်သက်လို့ KNG ကို ဒီကနေ့မနက်ပိုင်း ၈ နာရီ ဝန်းကျင်မှာ အခုလိုပြောပါတယ်။ “ဖီမော်သိမ်းတာကတော့ ကျနော်တို့တရားဝင်မကြားရသေးဘူး။ လူမှုကွန်ယက်မှာပြန့်တာကိုပဲတွေ့တယ်။ တရားဝင်တော့သတင်းပို့တာမရှိသေးဘူး။ တိုက်ပွဲအခြေနေလည်း အသေးစိတ်တော့ မသိဘူး။”လို့ပြောပါတယ်။ တစ်ဖက်မှာ ဖီမော်ဒေသအတွင်းမှာရှိတဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းတွေကတော့ဆက်လက်လည်ပတ် နေပြီး ဖီမော်မြို့ပေါ်နယ်စပ်ဂိတ်မှာလည်း ကျောက်ဖြူလုပ်ငန်းကားတွေသာ သွားလာခွင့်ရှိနေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်ကစတင်ပြီးတော့ ကချင် အထူးဒေသ ၁ နယ်မြေတွေထဲက စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ဆဒုံး၊ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့တွေအပါအဝင် ၁၀၀၂လုပ်ီတပ်ရင်း၊ ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်အားလုံးကို KIA က ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
Oct- 2024 -31 Octoberသတင်း
ဖီမော် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA တိုက်ခိုက်
ကချင်အထူးဒေသ (၁) နယ်မြေက ဖီမော်မြို့စောင့်တပ် ၁၀၀၁ တပ်စခန်းမှာအောက်တိုဘာလ ၃၀ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းမှာ ၁၀၀၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်နေတာလို့သိရပြီး ဒီကနေ့မနက်ပိုင်း…
Read More » -
28 Octoberသတင်း
KIA သိမ်းပိုက်ထားတဲ့ ပန်ဝါဒေသမှာ နေအိမ်ဖောက်ထွင်းခံရတာတွေရှိနေ
ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေရဲ့နေအိမ်တစ်ချို့ကို ဖောက်ထွင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လတ်တလော ပန်ဝါဒေသအတွက် KIO ဘက်က အုပ်ချုပ်ရေးလုပ်ငန်းတွေမစီမံရသေးသလို မြို့တွင်းမှာလည်း ရှေ့တန်း KIA တပ်သားနဲ့ PDF တပ်သားတွေသာရှိပြီး သူတို့တွေက ဒေသခံနေအိမ်တွေကိုဖောက်တာ၊ပစ္စည်းတွေကိုယူတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အခုက ဒီမှာက ကေအိုင်အေနဲ့PDF က တိုက်ထားတာနိုင်ထားတယ်။ ဒါပေမဲ့ နေရာတွေကအတည်တကျ မဖြစ်သေးဘူးလေ။ ပြောမယ်ဆိုရင် စစ်တပ်တစ်ခုကနိုင်ထားပြီဆိုရင် အဲ့ရှေ့ကတန်းကသူတွေပဲရှိနေသေး တယ်။ ပြောမယ်ဆို သူတို့ဘယ်လိုအုပ်ချုပ်မယ်ဆိုတာမစီမံသေးဘူးပေါ့။ စစ်သားတွေက ဒေသခံတွေဆီမှာ ဆိုင်ကယ်သွားငှားပြီးတော့ ပြန်မပို့ပေးတာတွေလုပ်ပေးတယ်။ အိမ်ကရှိပြီးလူမရှိရင် ပစ္စည်းတွေလိုက်ယူ အဲ့မျိုးတွေပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ကချင်အထူးဒေသ ၁ ပန်ဝါဒေသကို နယ်ခြားစောင့်တပ် BGF နဲ့ ပြည်သူ့စစ်လက်ထဲကနေ KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ပန်ဝါမြို့မှာ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ပြင်ဆင်နေပြီး KIAတပ်ဖွဲ့ဝင်တွေဒေသခံနေအိမ်တွေဖောက်ထွင်းတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အခုလိုတုံ့ပြန်ပါတယ်။ “ပစ္စည်းယူတာနဲ့ပတ်သက်လို့ကတော့ စစ်ကြောင်းတွေကို မနာလိုတဲ့အခါကျတော့ အပြစ်မြင်တာလည်း ရှိမှာ။ စစ်သည်တွေလည်းရှေ့တန်းသမားတွေဆိုတော့စားစရာ၊ သောက်စရာတွေယူစားသောက်စား တွေလည်း ရှိကောင်းရှိနိုင်တာပေါ့။ သိပ်ပြီးကြီးမားတဲ့ပြဿနာတွေ ရှိမယ်လို့တော့ကျနော်မထင်ပါဘူး။ ကျနော်တို့ခေါင်းဆောင်တွေ၊ လူကြီးပိုင်းတွေလည်းရှိတယ်။ သူတို့ရဲ့ စည်းကမ်းလိုက်နာမှုတွေကို ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာ။ ဒါ့ကြောင့် ပြဿနာကြီးကြီးမားမားရှိမယ်လို့ ကျနော်မထင်ပါဘူး။လို့ ပြောပါတယ်။ လက်ရှိတော့ KIA သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း တရုတ်ဘက်က လျှပ်စစ်မီးတွေအားလုံး ဖြတ်တောက်ထားပြီး မြေရှားသတ္တုလုပ်ငန်းတွေလည်း အားလုံးရပ်နားထားရတယ်လို့သိရပါတယ်။ တစ်ဖက်မှာ အဆိုပါမြေရှားသတ္တုဆိုက်တွေမှာလာရောက်လုပ်ကိုင်တဲ့ အနယ်နယ်အရပ်ရပ်က အလုပ်သမား တွေလည်း နေရပ်ပြန်သွားတာတွေရှိပြီး ဒေသခံတစ်ချို့လည်း မြစ်ကြီးနားမြို့ဘက်ကယာယီတိမ်းရှောင်နေ ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ တရုတ်ဘက်ကကုန်ပစ္စည်းတွေကိုသာအားကိုနေရတဲ့ ဒေသခံတွေဟာ တရုတ်ဘက်ကလျှပ်စစ် မီးဖြတ်တာ၊ နယ်စပ်ကုန်စည်စီးဆင်းမှုတွေကို ပိတ်လိုက်တာတွေကြောင့် အဘက်ဘက်က အခက်အခဲတွေ ကြုံနေရတယ်လို့ပြောပါတယ်။ By – အမိုး
Read More » -
28 Octoberအင်တာဗျူး
နယ်စပ်ဒေသမှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ KIA ကို တရုတ်ဖိအားပေးနေတာ ဘာကြောင့်လဲ
မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကချင်အထူးဒေသ(၁)၊ ကချင်ဒီမိုကရေသစ်တပ်မတော် (NDA-K )ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အုပ်ချုပ်နယ်မြေတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလအတွင်းမှာပဲ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ တပ်ရင်း ဌာနချုပ်အပါအဝင် တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ KIA ရဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဟာ…
Read More » -
23 Octoberသတင်း
ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ
ကံပိုင်တည်မြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်နေတဲ့ကြတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုရန် လိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ကံပိုင်တည်စောင့်တပ်ဖြစ်တဲ့ စင်ကြိုင်ကျေးရွာ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်လိုက်ပြီးနောက် ကံပိုင်တည်မြို့ထဲရှိ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တပ်တွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ကံပိုင်တည်မြို့ လက်မလွှတ်ရေး စစ်အင်အား ၅၀၀ ဝန်းကျင်ထပ်ဖြည့်ထားပြီး ခုခံတိုက်ခိုက်ဖို့ပြင်ဆင်နေပြီး တစ်ဖက်မှာလည်း မြို့အနိီးဝန်းကျင် စစ်ရှောင်နေတဲ့ပြည်သူတွေကို လိုက်ဖမ်းဆီးနေတယ်လို့ ကံပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုချိန်မှာ ကန်ပိုင်တည်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေက အားလုံးပြေးကုန်ပြီ မရှိတော့ဘူး။ ပြေးလို့မရတဲ့ တစ်ချို့လူတွေလောက်ပဲရှိတော့တယ်။ ဘယ်လိုဖြစ်လာသလဲဆိုတော့ ရက်ပိုင်းအတွင်းမှာပဲ ပို့ထားတဲ့ စစ်ကောင်စီတပ်သားအများကြီးရှိလာတယ်။ သူတို့က နယ်ခြားစောင့်တပ်တွေကို အားကိုးပြီးနေရတော့ ခုနယ်ခြားစောင့်၊ပြည်သူ့စစ်တွေပြေးသွားတော့ သူတို့အတွက် အခက်ခဲရှိသွားတယ်ထင်တယ်။ အဲ့ကြောင့် အားလုံးကို ပြန်လာဖို့ခေါ်တယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေက ဘယ်သူမှမပြန်လာကြဘူး။ အဲ့ကြောင့် စစ်ပြေးနေကြတဲ့ ပြည်သူတွေက လူငယ်၊ လူလတ်။ လူကြီးပိုင်း အားလုံးကို လိုက်ဖမ်းနေတာ”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၂ ရက်နေ့ ကစတင်ပြီး ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြို့အနီးတဝိုက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို မြို့ထဲကို ပြန်ဝင်လာဖို့ လိုက်လံပြောဆိုနေသလို လူငယ်နဲ့ လူကြီးတွေကိုတော့ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေနဲ့ ထွက်ပြေးနေတဲ့ BGF တပ်တွေအနေနဲ့ ရွာထဲကို ဝင်မလာဘဲ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေပါက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မီရှို့ဖျက်ဆီးမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဆက်သိရပါတယ်။ လက်ရှိ ကံပိုင်တည်မြို့ထဲမှာ စစ်ကောင်စီတပ်သား စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိနေပြီး KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေ လူသားဒိုင်းအဖြစ် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။ “စစ်သားတွေ ကိုယ်တိုင်လည်း ကံပိုင်တည်မြို့ပတ်ပတ်လည်တစ်ခုလုံးကို KIA တွေရှိနေပြီဆိုတာ သူတို့သိတယ်။ KIA ဝင်လာမှာကို သူတို့အရမ်းကြောက်နေတာ အဲ့ကြောင့် ပြည်သူတွေကိုခေါ်ပြီး လူသားဒိုင်းလုပ်ခိုင်းတဲ့သဘောပါ။ အခုတောင်မှ ဘာမှမဖြစ်သေးဘူး ပြည်သူတွေက တော်တော်လေးခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာရှိနေပြီ။ KIA ဘက်ကလည်း တကယ်လို့ ဝင်လာပြီဆိုတာနဲ့ အခြေအနေတော်တော်ဆိုးသွားနိုင်ပါတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကတည်းကနေ လိုက်လံဖမ်းဆီးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံထားရပြီးတော့ ခြိမ်းခြောက်မှုထဲမှာ အမျိုးသမီးတွေကိုပါ ထပ်မံဖမ်းဆီးမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ ရှိရင်းစွဲစစ်ကောင်စီတပ်သားတစ်ချို့နဲ့ ရက်ပိုင်းအတွင်း ပန်ဝါမြို့သိမ်းတိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကနေ ထွက်ပြေးလွတ်မြောက်လာသူများ၊ ဆဒုံးမြို့ဘက်ကနေ ထွက်ပြေးလာတဲ့သူများ၊ ရဟတ်ယာဉ်နဲ့ပို့ထားတဲ့ စစ်သား စုစုပေါင်း စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ ဒေသခံသတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ပန်ဝါဘက်က လုပီနယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ တပ်ရင်းနဲ့ စင်ကြိုင် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်က တာဝန်ရှိသူ အရှာရှိအားလုံးနီးပါး တရုတ်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ပြောပြပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာပဲ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လုပီ၊ စင်ကြိုင် စတဲ့ စစ်ဌာနချုပ်ရှိတဲ့ မြို့တွေကို KIA ပူးပေါင်းတပ်တွေက တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖီမော်ဘက်က အမှတ် ၁၀၀၁ တပ်ရင်းနဲ့ ချန်းမောခုန်း ဒေသတွေသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
22 Octoberသတင်း
BGF စခန်းတွေကို အချိန်တိုအတွင်းသိမ်းနိုင်တာဟာ KIA ရဲ့ စစ်ရေး၊နိုင်ငံရေးကို နားလည်သဘောပေါက်လာတာကြောင့်ဖြစ်တယ်လို့ KIO ပြော
ကံပိုင်တည်မြို့စောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်အပါအဝင် BGF စခန်းသိမ်းပိုက်မှုမြန်ဆန်လာတာဟာ KIA ရဲ့နိုင်ငံရေး၊စစ်ရေးကို BGF တပ်အနေနဲ့ နားလည်သဘောပေါက်လာတဲ့အတွက်ဖြစ်တယ်လို့ KIO ပြောပါတယ်။ ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာကို KIA ပူးပေါင်းတပ်ဘက်က တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ခုလိုနယ်ခြားစောင့်တပ်တွေရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာအပါအဝင် BGF စခန်းတွေအချိန်တိုအတွင်းသိမ်းပိုက်လိုက်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “စခန်းကိုတော့ မနေ့ ညနေ ၅ နာရီလောက်မှာ သိမ်းပိုက်လိုက်တယ်။ တိုက်ပွဲက ဘယ်အချိန်လောက်မှာ စဖြစ်တာလဲတော့မသိဘူး။ စခန်းသိမ်းတာမကြာလိုက်ဘူး အဓိကတော့ BGF ၁၀၀၃ တပ်ရင်းဌာနချုပ်ဖြစ်တယ်။ အဲမှာက ကျနော်တို့ လူမျိုးချင်းတူတဲ့ အဖွဲ့တွေရှိတဲ့ တပ်ရင်းနေရာဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း KIO/KIA ရဲ့ နိုင်ငံရေး၊ စစ်ရေးကို နားလည်သဘောပေါက်ပြီးတော့ တိုက်ပွဲက အရမ်းကြီးခုခံတိုက်ခိုက်တာတွေသိပ်မလုပ်ဘဲ အမြန်သိမ်းပိုက်လိုက်တယ်လို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ နယ်ခြားစောင့်တပ်တွေဟာ KIO/KIA ရဲ့ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေကို နားလည်သဘောပေါက်ရုံတင်မကပဲ လူမျိုးအချင်းအချင်း ခိုက်ရန်မလိုလားတဲ့အတွက်လည်း အချိန်အကြာကြီးခုခံတိုက်ခိုက်တာမလုပ်တဲ့အတွက် အမြန်ဆုံးသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပြောဆိုထားတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ အောက်တိုဘာလ ၁၅ ရက်နေ့ ၁၀၀၂ လုပီတပ်ရင်းဌာနချုပ်၊ အောက်တိုဘာလ ၁၉ ရက်မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါမြို့သိမ်းလိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ ကံပိုင်တည်မြို့အနီး စင်ကြိုင် ၁၀၀၃ တပ်ရင်း အောက်တိုဘာလ ၂၂ ရက်နေ့ သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ စင်ကြိုင်ကျေးရွာရှိ ၁၀၀၃ တပ်ရင်းဌာချုပ်မသိမ်းခင် ရှေ့တန်းကာကင်းစခန်းတွေဖြစ်တဲ့ လဖိုင် (Lahpai) ဝေါ့ချုံး (Waw Hkyung) ၊ မဂါး(Maga) စတဲ့စခန်းတွေကို KIA ဘက်က အောက်တိုဘာလ ၁၆ ရက်နေ့စပြီး ထိုးစစ်ဆင်တိုက်ခိုက်ရာ အောက်တိုဘာလ ၂၁ ရက်သိမ်းပိုက်နိုင်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၂ ရက်နေ့ သိမ်းပိုက်ထားတဲ့ အမှတ် ၁၀၀၃ တပ်ရင်းနေရာဟာ နှစ်ပေါင်းကြာရှည်စွာ ကံပိုင်တည်ဒေသအတွင်း ဘိန်းစိုက်ပျိုးရေးအတွက်လည်း အဓိက လုံခြုံရေးယူထားပေးတဲ့ နယ်ခြားစောင့်တပ်ရင်းတစ်ခုဖြစ်သလို စစ်ရေးဗျူဟာအရလည်း အလွန်အရေးပါတဲ့ တပ်ရင်းနေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “ဒီနယ်ခြားစောင့်တပ်ရင်းက ကန်ပိုင်တည်သွားလမ်းနဲ့ မြို့နေရာကို အဓိက ကာကွယ်ပေးထားတဲ့ တပ်ရင်းဖြစ်တယ်။ ပြီးရင် နောက်တစ်ခုက အဲဒီဒေသမှာ ဘိန်းအရမ်းစိုက်ကြတယ်။ စင်ကြိုင်၊ ဝေါ့ခရုန်း(Waw Hkyung) ၊ မဂါး(Maga) တစ်ကြောပတ်ပတ်လည်လည် ဘိန်းစိုက်တဲ့ နေရာတွေပဲ။ အဲဒီ ဘိန်းစိုက်ပျိုးတဲ့ ပြည်သူတွေကိုလည်း လုံခြုံရေးပေးနေတဲ့ တပ်လည်းဖြစ်တယ်”လို့ပြောပါတယ်။ အဲဒီဒေသတစ်ခုလုံကို ယခင်က KIO/KIA က ဦးဆောင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး(Pat Jasan Magam)လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် ထိရောက်မှုမရှိဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အလွန်ခက်ခဲတဲ့ နေရာဒေသတွေဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ဝန်းကျင်ကတည်းမှာ KIA အဖွဲ့တွေ အဲဒီဒေသမှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်းနေရာတွေကို လိုက်လံ ခုတ်ထွင်ရှင်းလင်းချိန်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်တာတွေ၊ Pat Jasan အဖွဲ့တွေကိုလည်း မိုင်းနဲ့ ချိန်ပစ်ဖောက်ခွဲခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ ဆက်သိရပါတယ်။ ဒါကြောင့် KIA ပူးပေါင်းတပ်တွေဟာ ဆဒုံးနဲ့ ကန်ပိုင်တည်ကြားက စင်ကြိုင် နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်လိုက်တာဟာ စစ်ရေးအရတင်မဟုတ်ဘဲ ကံပိုင်တည်ဒေသအတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးတဲ့ လုပ်ငန်းတွေကိုပါ တားဆီးလာနိုင်တော့မှာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်ပြောဆိုနေကြပါတယ်။ စင်ကြိုင် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် KIA ရဲ့ စစ်ဆင်ရေးက ကံပိုင်တည်မြို့ အနီးတဝိုက်မှာ ရောက်ရှိနေသလို တိုက်ပွဲတွေလည်းဆက်ဖြစ်နေပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့အတွက်လည်း တာဝန်ရှိသူတွေ ညှိနှိုင်းမှုတွေရှိနေတယ်လို့ သိရပြီးတော့ တစ်ချို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဒီရက်ပိုင်းအတွင်းမှာတင် ကံပိုင်တည်မြို့ကိုပါ ထပ်သိမ်းလာနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။…
Read More » -
20 Octoberသတင်းဆောင်းပါး
စိန်ခေါ်မှု များစွာရှိတဲ့ မြို့သိမ်းတိုက်ပွဲများ
နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။ ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ၄ နာရီဝန်းကျင်သာ ကြာမြင့်ခဲ့တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More » -
19 Octoberသတင်း
ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးစီးကြောင်း KIO အတည်ပြု
ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့တစ်ခုလုံးကို KIA အပြီးသတ်ရှင်းလင်း သိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုလိုက်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၀ နာရီလောက် ပန်ဝါမြို့တွင်း နေရာအားလုံးကို ဝင်ရောက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဒီကမနေ့ ၆ နာရီနဲ့ ၈ နာရီကြားမှာ နေရာအားလုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီလို့ကြားရတယ်။ ဒီအခြေအနေကို ကြားရသလောက်ဆို ရင်တော့ ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီလို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဆက်သွယ်အခက်အခဲကြောင့် အထဲက အခြေအနေကိုတော့ အသေးစိတ်သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ ပန်ဝါတိုက်ပွဲမှာ မနေ့က ၅ နာရီလောက်ကတည်းကနေ ပန်ဝါ စစ်ဗျူဟာကုန်းနေရာမှာ တိုက်ပွဲစတင်ပြင်းဖြစ်ပွားလာခဲ့တာဖြစ်ပြီး ၆ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၀ နာရီလောက်မှာ ဗျူဟာကုန်းကို အရင်ဆုံးသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဗျူဟာကုန်း သိမ်းပိုက်မှုအပြီး KIA ပူးပေါင်းတပ်တွေဟာ ပန်ဝါမြို့တွင်းနေရာအားလုံးကို ထပ်မံသိမ်းပိုက်လိုက်ပြီးတော့ ၁၂ နာရီနောက်ပိုင်းမှာ လက်နက်သံတွေ ငြိမ်ကျသွားတယ်လို့ ပန်ဝါဒေသခံတွေကပြောပါတယ်။ ပန်ဝါမြို့မသိမ်းမှီ KIA ပူးပေါင်းတပ်တွေဟာ ချီဖွေနဲ့ ပန်ဝါကြားမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်းအကြီးတစ်ခုဖြစ်တဲ့ လုပီ(ဒေသခေါ်) ၁၀၀၂ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် တစ်ပတ်ခန့်အကြာမှာ တပြိုင်နက် ပန်ဝါမြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KIA တပ်တွေ ပန်ဝါမြို့သိမ်းတိုက်ပွဲ တစ်ပြိုင်နက် ဆင်းနွှဲခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တိုက်ပွဲအခြေအနေက အထဲမှာ ဘယ်လို လုပ်ကြလဲတော့ သေချာမသိဘူး။ ပန်ဝါမြို့အနီးတဝိုက်မှာ KIA တွေရှိနေတာတော့ ကြာပြီ။ တစ်ဖက်မှာ ပြည်သူ့စစ်တွေကလည်း KIA တွေဝင်လာရင် ပြင်းပြင်းထန်ထန် တွန်းလှန်တော်လှန်ဖို့ ပြင်ဆင်ထားတာလည်း သိရှိရတာဖြစ်တယ်။ ဒီအခြေအနေတွေကိုလည်း သိထားပြီးသားဖြစ်တယ်။ ဒါကြောင့် စစ်ရေးခြေအနေပေါ်မူတည်ပြီးတော့ လုပ်ကြတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်တာကြောင့် KIA နယ်မြေတစ်ကြော ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရဘက်ကနေ ပိတ်ဆို့လိုက်တယ်လို့လည်း သိရပါတယ်။ တရုတ် ရင်ဂျန်းအစိုးရကနေ ပန်ဝါမြို့တစ်ခုလုံးကို KIA ထိန်းချုပ်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ လမ်းတံတားတွေပြုပြင်ရမယ်လို့ ပြောဆိုပြီး နယ်စပ်ဂိတ်တွေကို ယာယီပိတ်ထားမယ့် အသိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်လာတာ တွေ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ တရုတ်အစိုးရဘက်ကနေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ လက်လွတ်လိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဟာ ညတွင်းချင်မှာပဲ KIO လိုင်ဇာမြို့အနီး ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမိုင်ယန်ကျေးရွာက လင်မယားနှစ်ဦး ဗုံးကျမှန်ပေါက်ကွဲ သေဆုံးမှုရှိခဲ့ပါတယ်။ KIA တပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကနေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ချီဖွေ၊ ဆော့လော် မြို့နယ်တွေကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »