သတင်း

KIA သိမ်းပိုက်ထားတဲ့ ပန်ဝါဒေသမှာ နေအိမ်ဖောက်ထွင်းခံရတာတွေရှိနေ

ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေရဲ့နေအိမ်တစ်ချို့ကို ဖောက်ထွင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လတ်တလော ပန်ဝါဒေသအတွက် KIO ဘက်က အုပ်ချုပ်ရေးလုပ်ငန်းတွေမစီမံရသေးသလို မြို့တွင်းမှာလည်း ရှေ့တန်း KIA တပ်သားနဲ့ PDF တပ်သားတွေသာရှိပြီး သူတို့တွေက ဒေသခံနေအိမ်တွေကိုဖောက်တာ၊ပစ္စည်းတွေကိုယူတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦး  KNG ကို ခုလိုပြောပါတယ်။

အခုက ဒီမှာက ကေအိုင်အေနဲ့PDF က တိုက်ထားတာနိုင်ထားတယ်။ ဒါပေမဲ့ နေရာတွေကအတည်တကျ မဖြစ်သေးဘူးလေ။ ပြောမယ်ဆိုရင် စစ်တပ်တစ်ခုကနိုင်ထားပြီဆိုရင် အဲ့ရှေ့ကတန်းကသူတွေပဲရှိနေသေး တယ်။ ပြောမယ်ဆို သူတို့ဘယ်လိုအုပ်ချုပ်မယ်ဆိုတာမစီမံသေးဘူးပေါ့။ စစ်သားတွေက ဒေသခံတွေဆီမှာ ဆိုင်ကယ်သွားငှားပြီးတော့ ပြန်မပို့ပေးတာတွေလုပ်ပေးတယ်။ အိမ်ကရှိပြီးလူမရှိရင် ပစ္စည်းတွေလိုက်ယူ အဲ့မျိုးတွေပေါ့လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

ကချင်အထူးဒေသ  ပန်ဝါဒေသကို နယ်ခြားစောင့်တပ် BGF နဲ့ ပြည်သူ့စစ်လက်ထဲကနေ KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ပန်ဝါမြို့မှာ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ပြင်ဆင်နေပြီး KIAတပ်ဖွဲ့ဝင်တွေဒေသခံနေအိမ်တွေဖောက်ထွင်းတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အခုလိုတုံ့ပြန်ပါတယ်။

ပစ္စည်းယူတာနဲ့ပတ်သက်လို့ကတော့ စစ်ကြောင်းတွေကို မနာလိုတဲ့အခါကျတော့ အပြစ်မြင်တာလည်း ရှိမှာ။ စစ်သည်တွေလည်းရှေ့တန်းသမားတွေဆိုတော့စားစရာ၊ သောက်စရာတွေယူစားသောက်စား တွေလည်း ရှိကောင်းရှိနိုင်တာပေါ့။ သိပ်ပြီးကြီးမားတဲ့ပြဿနာတွေ ရှိမယ်လို့တော့ကျနော်မထင်ပါဘူး။ ကျနော်တို့ခေါင်းဆောင်တွေ၊ လူကြီးပိုင်းတွေလည်းရှိတယ်။ သူတို့ရဲ့ စည်းကမ်းလိုက်နာမှုတွေကို ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာ။ ဒါ့ကြောင့် ပြဿနာကြီးကြီးမားမားရှိမယ်လို့ ကျနော်မထင်ပါဘူး။လို့ ပြောပါတယ်။

လက်ရှိတော့ KIA သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း တရုတ်ဘက်က လျှပ်စစ်မီးတွေအားလုံး ဖြတ်တောက်ထားပြီး မြေရှားသတ္တုလုပ်ငန်းတွေလည်း အားလုံးရပ်နားထားရတယ်လို့သိရပါတယ်။

တစ်ဖက်မှာ အဆိုပါမြေရှားသတ္တုဆိုက်တွေမှာလာရောက်လုပ်ကိုင်တဲ့ အနယ်နယ်အရပ်ရပ်က အလုပ်သမား တွေလည်း နေရပ်ပြန်သွားတာတွေရှိပြီး ဒေသခံတစ်ချို့လည်း မြစ်ကြီးနားမြို့ဘက်ကယာယီတိမ်းရှောင်နေ ကြတယ်လို့ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ တရုတ်ဘက်ကကုန်ပစ္စည်းတွေကိုသာအားကိုနေရတဲ့ ဒေသခံတွေဟာ တရုတ်ဘက်ကလျှပ်စစ် မီးဖြတ်တာ၊ နယ်စပ်ကုန်စည်စီးဆင်းမှုတွေကို ပိတ်လိုက်တာတွေကြောင့် အဘက်ဘက်က အခက်အခဲတွေ ကြုံနေရတယ်လို့ပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button