KIA ဂိတ်ဖျက်ဆီးခံရမှု နှစ်ဖက်ညှိနှိုင်းနေဆဲ

ရှမ်းမြောက်၊ မူဆယ်နမ့်ခမ်းသွားလမ်းပေါ်က KIA ဂိတ်ကို ဒေသခံတွေအင်အားသုံးဖျက်ဆီးခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး KIA က တာဝန်ယူဖြေရှင်းနေဆဲဖြစ်တယ်လို့  KIO ဘက်ကပြောပါတယ်။

မူဆယ်မြို့နယ် နမ့်လိုင်ကျေးရွာအနီးမှာရှိတဲ့ KIA ဂိတ်မှာ ယာဉ်တွေကို တားဆီးစစ်ဆေးနေစဉ် ကားတစ်စီးက ရပ်မပေးဘဲ မောင်းပြေးသွားတာကြောင့် KIA တပ်သားတစ်ဦးက သေနတ်နဲ့ လိုက်လံပစ်ခတ်ရာမှာ တစ်ခြားအရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက် ဒေသခံတွေက KIA ဂိတ်ကို ဝိုင်းဝန်းဖျက်ဆီးမီးရှို့ခဲ့သလို သေနတ်ပစ်ခဲ့တဲ့ KIA တပ်သားကိုလည်း ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေ အခုလို အင်အားသုံးဖျက်ဆီးရတဲ့ အဓိကအကြောင်းရင်းနဲ့ နောက်နောင် အလားတူပြဿနာတွေ မဖြစ်စေရေးအတွက် ကွတ်ခိုင် KIO တိုက်နယ်ရုံးအဆင့်မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးနေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။

ကျနော်တို့ KIA တပ်သားကို စစ်ရေးစည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူမှာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အင်အားနဲ့ အခုလိုလုပ်ဆောင်ရခြင်းက အဖွဲ့အစည်းနှစ်ခုကြား စိတ်ဝမ်းကွဲမှုပိုဖြစ်စေလာနိုင်တယ်။ ဒါကြောင့် ပြည်သူတွေက ဘာရည်ရွယ်ချက်နဲ့ အခုလိုလုပ်ရသလဲဆိုတာ ရှင်းလင်းယူမှာဖြစ်တယ်။ မဟုတ်ရင် နောက်နောင်လည်း ဒီလိုတွေ ဆက်ဖြစ်လာမှာ စိုးရတယ်” လို့ ပြောပါတယ်။

ဩဂုတ်လ ၂၀ ရက်အထိ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကွတ်ခိုင် KIO တိုက်နယ်ရုံးအဆင့်မှာ ဒေသခံတွေနဲ့ KIA တာဝန်ရှိသူတွေ တွေ့ဆုံဖြေရှင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်ခဲ့တဲ့ KIA တပ်သားကိုလည်း သက်ဆိုင်ရာ KIA တပ်ရင်းတပ်ဖွဲ့က ခေါ်ထားပြီး စစ်ရေးစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူမယ်လို့ KIO ဘက်က ပြောဆိုထားပါတယ်။ 

သေနတ်ထိမှန်ခဲ့တဲ့ နမ့်စန့်ဒေသခံအမျိုးသားကလည်း မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံဆင်းသွားပြီလို့ သိရပါတယ်။

လက်ရှိ မူဆယ်– နမ့်ခမ်းသွားလမ်းပေါ် နမ့်လိုင်နဲ့ နမ့်လောင်းကျေးရွာကြား ဖျက်ဆီးခံခဲ့ရတဲ့ KIA ဂိတ်မှာ KIA ဘက်မှ ဆက်လက်နေရာယူ အထိုင်ချထားတယ်လို့ သိရပါတယ်။

KIO အရာရှိတစ်ဦးကတော့ ယာဉ်တားဆီးစစ်ဆေးတဲ့ ဂိတ်မှာ ရပ်မပေးဘဲ မောင်းပြေးသွားတဲ့ယာဉ်ကို လိုက်လံပစ်ခတ်တာဟာ တာဝန်အရလုပ်ဆောင်တာဖြစ်ပေမယ့် တစ်ခြားအရပ်သားကို ထိခိုက်သွားတာက မမျှော်လင့်ထားတဲ့ မတော်တဆမှုဖြစ်တယ်လို့ ပြောပါတယ်။ 

ဒါပေမယ့် ပြည်သူတွေက KIA တပ်သားကို ဖမ်းဆီးတာနဲ့ ဂိတ်ကို ဖျက်ဆီးမီးရှို့တာတွေက မလုပ်သင့်တဲ့လုပ်ရပ်ဖြစ်ပြီး ဒီကိစ္စကို အကြောင်းရင်းအပြည့်အစုံနဲ့ ဖြေရှင်းဖို့လိုတယ်လို့ ဆိုပါတယ်။

ဂိတ်ဆိုတာ လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးဖို့ တာဝန်ရှိတယ်။ ဒီမှာ တားဆီးနေပေမယ့် မရပ်ပေးပဲ မောင်းပြေးသွားသူကို ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်၊ နိုင်ငံတကာအဖွဲ့အစည်းကကြည့်ကြည့် ပစ်ခတ်တဲ့တပ်သားဘက်ကနေ မမှားဘူး၊ သူ့တာဝန်သူလုပ်ခြင်းဖြစ်တယ်၊ မဟုတ်တဲ့နေရာမှာထိမှန်သွားတယ်ဆိုတာက မျှော်လင့်မထားပဲ မတော်တဆ ထိခိုက်မှုဖြစ်တယ်။ ဒီလိုမျိုးက မတော်တဆဖြစ်လို့ ၁၀၀ မှာ တစ်ကြိမ်က ဖြစ်တတ်တယ်၊ ဒီလိုမတော်တဆမှုမှာ ပြည်သူတွေက တပ်သားတစ်ဦးကို လာဖမ်းဆီးတာ၊ ဂိတ်ကို လာရောက်ဖျက်ဆီး မီးရှို့တာတွေက မလုပ်သင့်တဲ့အရာဖြစ်တယ်။ ဒီကိစ္စကို ဘာကြောင့်လဲ ဆိုတဲ့ဘက်ကနေ သေချာဖြေရှင်းယူရမယ့်ကိစ္စဖြစ်တယ်။” လို့ ရှမ်းမြောက် KIO အရာရှိတစ်ဦးကလည်း ပြောပါတယ်။  

 မူဆယ်နမ့်ခမ်းကြား လမ်းမပေါ်အထိုင်ချထားတဲ့ နမ့်လိုင်ရွားနားက KIA ဂိတ်စခန်းက အဓိက မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်မှုတွေကို စစ်ဆေးအရေးယူတာတွေ၊ ယာဉ်တွေကို တားဆီးစစ်ဆေးတာတွေ ပုံမှန်လုပ်ဆောင်နေတဲ့ ဂိတ်ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေ ပြောဆိုချက်အရ ဒီဂိတ်မှာ အခုလို တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်တာကြောင့် ဒေသတွင်း လက်နက်ကိုင်တချို့နဲ့ ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းလုပ်နေသူတွေအတွက် အတားအဆီတစ်ခုလည်း ဖြစ်နေတယ်လို့ ပြောဆိုပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးပြောတာက ဂိတ်က နမ့်ခမ်းမြို့ဘက်အဝင်လမ်းဘက်ရှိတယ်။ အဲဒီက ရှမ်းလက်နက်ကိုင်တွေလည်း အဲဒီဂိတ်ကို ဖျက်ချင်နေတာကြာလှပြီတဲ့။ သူတို့က လက်နက်ကိုင်အချင်းအချင်းဆိုတော့ မလုပ်ကောင်းလို့ အခု ဒီကိစ္စဖြစ်လာတော့  အရပ်သားဝတ်နဲ့ အများကြီးဝင်ပါကြတာတွေ့ရတယ်။ နဂိုကတည်းက ငိုချင်နေတာ အမေရိုက်လိုက်တာနဲ့ကွက်တိ’ ဆိုတဲ့ စကားပုံအတိုင်းဖြစ်သွားတာပေါ့။” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIOမှာ တာဝန်ယူကာ KIO ကွတ်ခိုင်တိုက်နယ်အဆင့်မှာ နှစ်ဖက်ဖြေရှင်းပြီး အဆင်မပြေပါက ဗဟိုဌာနချုပ်အထိ သွားဖို့ရှိတယ်လို့ ဆက်လက်သိရပါတယ်။

ဒါ့အပြင် ခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှမ်းနဲ့ကချင်လူထုကြား အွန်လိုင်းပေါ်မှာ သွေးခွဲမှုနဲ့ အမုန်းပွားစေတဲ့ စကားတွေ မပြန့်ပွားစေရေးအတွက် သတိထားဖို့လိုပြီး နှစ်ဖက်ကြား နားလည်မှုရှိရှိ ဖြေရှင်းသွားမယ်လို့ KIO ဘက်က ပြောပါတယ်။

By- ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button