အင်တာဗျူး

နယ်စပ်ဒေသမှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ KIA ကို တရုတ်ဖိအားပေးနေတာ ဘာကြောင့်လဲ

မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကချင်အထူးဒေသ()၊ ကချင်ဒီမိုကရေသစ်တပ်မတော် (NDA-K )ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အုပ်ချုပ်နယ်မြေတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလအတွင်းမှာပဲ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ တပ်ရင်း ဌာနချုပ်အပါအဝင် တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

KIA ရဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဟာ လက်ရှိမှာ ကချင်ပြည်နယ်ရဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေး တံခါးဝဖြစ်တဲ့ ကန်ပိုင်တည်မြို့အနီးမှာရောက်ရှိနေပြီးတော့ အောက်တိုဘာလ ၂၅ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် နှစ်ဖက်တပ် စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။

စစ်ရေးဗျူဟာအရ ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲထပ်မံဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် ဒေသခံပြည်သူ အများအပြားကလည်း မြို့နဲ့အနီးတဝိုက် နယ်စပ်ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်စပ်မြို့တွေမှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့အတွက် တဖက်မှာ တရုတ်အစိုးရဘက်ကလည်း နယ်စပ်မြို့တွေကို မသိမ်းပိုက်ဖို့ ဖိအားပေးပြောဆိုနေတာတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ အောင်တိုဘာလ ၁၈ ရက်နေ့မှာ မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်လိုက်တဲ့ နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံနဲ့ ထိစပ် ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်ပေါက်တွေဖြစ်တဲ့ မံဝင်ကြီး၊ မိုင်ဂျာယန်၊ အင်ဘာပါ၊ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ဆမား၊ ကန်ပိုင်တည် အားလုံးနီးပါးခန့် ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

အခုလို တရုတ်အစိုးရဘက်ကနေ နယ်စပ်ဂိတ်ပေါက်ဝ ပိတ်လိုက်တဲ့အပေါ်မှာ KIO/KIA နဲ့ ကချင်ပြည်သူတွေအတွက် ဘယ်လောက်ထိ သက်ရောက်မှုရှိလာနိုင်မလဲ။ အရင်ကကော ဘယ်လိုကျော်ဖြတ်နိုင်ခဲ့ကြသလဲ။ ဒီအခြေအနေတစ်ရပ်လုံးနဲ့ ပတ်သက်ပြီး တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်စော နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။   ။ မင်္ဂလာပါ ဆရာမကြီး။

ဖြေ။   ။ ဟုတ်ကဲ့ပါ

မေး။  KIA နဲ့ တရုတ်အစိုးရနဲ့ ပတ်သက်ပြီး မေးချင်တာက တရုတ်ဘက်ကနေ ဘာကြောင့် ဒီနယ်စပ်ဂိတ်တွေကို ပိတ်လိုက်ရသလဲ။

ဖြေ။ ။ကျနော်တို့ သိရသလောက်က ကချင်မှာတင် မဟုတ်ပါဘူး။ ကိုးကန့် တခြားတော်လှန်ရေးတပ်တွေ ကိုလည်း တရုတ်အစိုးရဘက်ကနေ အစောကြီးကတည်းက သတိပေးထားတာတွေ့ရတယ်။ တိုက်ပွဲတွေ ရပ်ခိုင်းတယ် မရပ်လို့ရှိရင် သူတို့ဘက်ကနေ အရေးယူမှုတွေ လုပ်မယ်လို့ ပြောထားတာရှိတယ်။ အဲ့အတိုင်းလုပ်လာတယ်လို့မြင်ပါတယ်။

မေး။ ဒီလိုရပ်ခိုင်းတဲ့အပေါ်မှာ KIA အပေါ်မှာကော ဘယ်လိုမြင်သလဲ။

ဖြေ။ ။ KIA ကတော့ သူ့စီမံကိန်းအတိုင်း လုပ်နေတယ်လို့မြင်တယ်။ တိုက်စရာရှိတာ ဆက်တိုက်တယ် ။ တဖက်မှာလည်း တရုတ်အစိုးရကလည်း သူပြောထားတဲ့အတိုင်း လုပ်တယ်။ ဒီအခြေအနေ အားလုံးကိုလည်း KIA ဘက်က မျှော်လင့်ထားပြီးသားလို့ မြင်ပါတယ်။ ဆက်တိုက်နေရင်တော့ ပိတ်မယ်ဆိုတာသိမှာပဲ။ ဒါကတော့ သိပ်ထူးဆန်းတဲ့အရာတော့ မဟုတ်ဘူး။ ကျန်တဲ့ ကိုးကန့်တွေကိုလည်း ဖြတ်တောက်ပြီး ပိတ်ဆို့လိုက်ပြီ။ ဒါကြောင့် ပန်ဝါတွေကိုလည်း ပိတ်လိုက်တာဖြစ်မယ်။

မေး။  KIA အနေနဲ့ကော ဘယ်လိုကျော်လွှားနိုင်မယ်လို့ထင်လဲ။

ဖြေ။ ။ နယ်စပ်တစ်လျှောက်မှာက လူပေါင်းများစွာရှိတယ်။ ကျနော်တို့တောင်မှ တရုတ်ပိတ်ဆို့နေတဲ့ကြားထဲကနေ တရုတ်ထဲကို ရောက်အောင်လာကြတာပဲ။ လူတွေတောင်ပြေးနိုင်သေးတာပဲ ကုန်ပစ္စည်းတွေက ခက်မှာမဟုတ်ဘူး။ နောက်တစ်ခုက ပိုက်ဆံရှိရင် ဘာမဆို ဝယ်လို့ရတယ်။ ဘာပဲ ဖြစ်ဖြစ် နည်းလမ်းပေါင်းစုံရှာမယ်လို့ထင်တယ်။ ဥပမာတရုတ်ကနေ လျှပ်စစ်မီးတွေ မပေးတော့ဘူး ပိတ်လိုက်မယ်ဆိုရင် အစောကြီးကတည်းက NUG ပဲဖြစ်ဖြစ် KIA ပဲဖြစ်ဖြစ် ဆိုလာတွေဝယ်ပြီးတပ်ဆင်ထားကြတာပဲ။ ပြောချင်တာက ကျနော်တို့သာ စိတ်ရှိရင်နည်းလမ်းရှာလို့ရပါတယ်။

မေး။ တစ်ဖက်မှာ တရုတ်ကန့်ကွက်နေတဲ့ကြားကနေ ပြည်သူ့စစ်နဲ့ BGF တွေရဲ့ ဌာနချုပ်နေရာတွေကို ဆက်တိုက်သိမ်းနေတယ်ဆိုတော့ တရုတ်က KIA ကို ဘယ်ဖိအားတွေ ထပ်ပေးလာနိုင်သလဲ။

ဖြေ။ ။ ဖိအားတွေ ဘယ်လောက်ပေးပေး တရုတ်ဖိအားပေးတာက ငြိမ်းချမ်းရေးစားပွဲရောက်အောင် ဖိအားပေးတာလေ။ KIA ပဲဖြစ်ဖြစ်၊ MNDAA ပဲဖြစ်ဖြစ် တရုတ်က ခေါ်ဆွေးနွေးရင် သွားကြရတာပါပဲ။ ဒါပေမယ့် မရပ်တာက စစ်ကောင်စီဖြစ်တယ်။ တရုတ်က ဖိအားပေးရင် စစ်ကောင်စီကလည်း ဆက်ပြီး ဖိအားပေးပေါ့။ အားလုံးလည်း စောင့်ကြည့်ကြပါအုံး။

မေး။ ဒီအခြေအနေတွေကို ကြည့်ရင် တရုတ်အစိုးရကရော စစ်တပ်ဘက်ကို လုံးဝရပ်တည်သွားပြီလို့ပြောလို့ရပါ့မလား။

ဖြေ။ ။ ပြောလို့မရပါဘူး။ တရုတ်က စစ်တပ်ကိုလည်း ဖိအားပေးနေတာပဲလေ။ စစ်တပ်ကလည်း ဖိအားပေးခံနေရတာဖြစ်တဲ့ အာဏာသိမ်းမင်းအောင်လှိုင်က ဆွေးနွေးကြရအောင် လက်နက်ချလာပါ။ တစ်သက်လုံး တော်လှန်ရေးသမားတွေ လက်နက်ချကြမလဲ။ ဆွေးနွေးမှုကို ရိုးရိုးခေါ်တာမဟုတ်ဘူးလေ။ နောက် စစ်တပ်ကို ပြောသွားတဲ့အထဲမှာပါ ဥပမာရွေးကောက်ပွဲဆိုရင် သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲလို့ပြောထားတာ။

မေး။ ။ စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ခရီးစဉ်ဟာ တရုတ်အစိုးရရဲ့ အခန်းကဏ္ဍဘယ်လောက်ထိ အရေးပါလဲဗျာ။

ဖြေ။ ။ ဒီတော်လှန်ရေးကို ဆုံးဖြတ်ပေးမှာက ကိုယ်တို့ကိုယ်တိုင်ပါပဲ။ တရုတ်ကတော့ ဝင်ပြီးတော့ ဝန်းရံတာပဲ ပါမယ်။ ဥပမာမြောက်ပိုင်းအဖွဲ့နဲ့ စစ်ကောင်စီအဖွဲ့နဲ့ ခေါ်ပြီး ဆွေးနွေးတာ တာမျိုးတွေပေါ့။ ပြည်သူတွေကသာ ပြတ်သားနေဖို့ အရေးကြီးတယ်။ ဒီစစ်ကောင်စီရှိနေသရွေ့ ငါတို့တိုင်းပြည် မငြိမ်းချမ်းနိုင်ဘူး။ မဖွံ့ဖြိုးတိုးတက်နိုင်ဘူး။ ဒါကြောင့် စစ်ကောင်စီကို အမြစ်ပြုတ်တိုက်မယ်။ တော်လှန်ရေးလုပ်ငန်းဆိုတာ တစ်ချီထဲအပြတ်မဟုတ်ဘူး။ တက်လိုက် ကျလိုက်တော့ရှိမှာပဲ။ တိုက်တဲ့ သူတွေက တိုက် ဆွေးနွေးတဲ့သူတွေက ဆွေးနွေးပေါ့။

မေး။ နောက်တစ်ခုက ဗမာကွန်မြူနစ်ခေတ်မှာလည်း တရုတ်ရဲ့ အားပေးမှုနဲ့ မြန်မာတစ်နိုင်ငံလုံးကို သိမ်းဖို့ လုပ်တာပေါ့နော်။ အဲဒီအချိန်မှာတောင် မအောင်မြင်ခဲ့ပဲနဲ့ အခုလို တရုတ်ရဲ့ ပါဝင်မှုမရှိဘဲနဲ့ တော်လှန်ရေးကို အပြီးဖြတ်တိုက်မယ်ဆိုတာက ဖြစ်နိုင်ပါ့ မလား။

ဖြေ။ ။ အဲ့လိုတော့ ပြောလို့မရပါဘူး။ ဗကဗကို တရုတ်က အများကြီး ကူညီခဲ့ပေမယ့် ကောင်းကောင်းမဖြစ်ခဲ့တာက ကျနော်တို့ပြောတဲ့ ပေါ်လစီက လူထုထဲကျအောင် မပြောနိုင်တာဖြစ်တယ်။ ဥပမာဗကဗ တောက်လျှောက်ပြောခဲ့တာ ဒီစစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်မှသာ ဖြုတ်နိုင်မှာလို့ ပြောခဲ့ပေမယ့် လူထုထဲရောက်အောင် မပြောနိုင်ခဲ့ဘူး။ လူမျိုးစုတစ်စုထဲလွတ်မြောက်လို့မရဘူး။ လူမျိုးကြီးတွေပါ လွတ်မြောက်မှဖြစ်မယ်။ ဒီစကားကို နှစ်ပေါင်း ၆၀ လောက်ပြောခဲ့ပေမယ့် လူထုနားကို မရောက်ဘူး။ ဒါပေမယ့် နွေဦးတော်လှန်ရေးမှာ ဒီအချက် နှစ်ချက်ကို ပြည်သူလူထုက လက်ခံမှ ဖြစ်မယ်။ တိုင်းရင်းသားတော်လှန်ရေးသမားတွေက ငါတို့ဒေသလေးတင်နိုင်လို့ မဖြစ်ဘူး။ ဒါမဟုတ်ရင် စစ်တပ်က ပြန်လုပ်မယ်။ ဒါကြောင့်မို့ PDF တွေ တော်လှန်ရေးလုပ်နေတဲ့သူတွေကို ထောက်ပံ့နေတာလေ။

မေး။     နောက်ဆုံးပေါ့လေ တရုတ်ဘက်နေ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ဖြေ။     ဘာမှ ပြောစရာမရှိတော့ပါဘူး။ ဒီလောက်ပါပဲ။

Show More

Related Articles

Back to top button