လုံးခြုံရေးစိုးရိမ်နေမှု

  • Oct- 2022 -
    27 October
    သတင်း

    ဖားကန့် အစုပြုံလိုက် ဗုံးကျဲခံရခြင်းမှ လွတ်မြောက်လာသူများကို စစ်ကောင်စီက ထပ်မံရှာဖွေနေ

    ဖားကန့်တွင် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများ ဆုတောင်းပွဲပြုလုပ်ရန် လုံခြုံရေးအရ စိုးရိမ်ရသည့်အပြင် လွတ်မြောက်လာသူများကိုလည်း ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု ဖားကန့်ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ အလောင်းကို သယ်ယူခွင့်မရအောင် ဖားကန့် Ginsi ကျေးရွာအထွက်တွင် အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက ပိတ်ဆို့ထားပြီး လွတ်မြောက်လာသူများနှင့် ကူညီဆောင်ရွက်ပေးသူများကိုလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုမည်ဟု သိရကြောင်း ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ဦးက KNG ကိုပြောသည်။ “အခုက သူတို့ တော်တော်တင်းကြပ်ထားတဲ့ပုံစံဖြစ်တယ်။ စစ်ကောင်စီတွေက ဒဏ်ရာရပြီး လွတ်လာတဲ့သူတွေကော ကူညီဆောင်ရွက်ပေးတဲ့သူတွေကိုပါ ၁၇(၁)နဲ့ ဖမ်းဆီးမယ်လို့လည်း ပြောနေကြတယ်။ အဲ့ကြောင့် ပြည်သူတွေလည်း လုပ်ရကိုင်ရတာ တော်တော်ခက်ခဲသွားတယ်”ဟုပြောဆိုသည်။ ယခုလို စစ်ကောင်စီဘက်မှ ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုနေသည့်အတွက် သေဆုံးသွားသူများ၏ မိသားစုဝင်များက အောက်မေ့ သတိရ ဆုတောင်းပွဲပြုလုပ်၍ မရသည့် အခြေအနေရှိနေသည်ဟု သူကဆက်ဆိုသည်။ လက်ရှိ ဒဏ်ရာရရှိသူများပိတ်ဆို့ခံထားရဆဲဖြစ်သောကြောင့် KIA တပ်မဟာ ၉ နယ်မြေတွင်သာ ဆေးဝါးကုသမှုများပြုလုပ်လျက်ရှိနေပြီး တစ်ချို့မှာ ဆေးကုသခံယူမှု နှောင့်နည်းသည့်အတွက် သွေးထွက်လွန်ကာ သေဆုံးမှုများရှိနေသည်။ ဗုံးကျဲခံရမှုကြောင့် သေဆုံးသူ ၆၀ ကျော်၏ ရုပ်အလောင်းများကို ဖားကန့် Ginsi ကျေးရွာအထက် ဘော်ဆာဒီးကျေးရွာ၏ ဥရုချောင်းတစ်ဖက်ကမ်းတွင် အောက်တိုဘာလ ၂၅ ၊၂၆ ရက်နေ့တို့တွင် မြေမြှုပ်သဂြိုလ်ပေးခဲ့ကြကြောင်းသိရသည်။ အောက်တိုဘာလ ၂၃ ရက်နေ့ ည စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၅၀ ဝန်းကျင်ရှိခဲ့ပြီး ၃ ရက်ခန့်အကြာ စစ်ကောင်စီတပ်မှ သွားလာခွင့်ပိတ်ဆို့ထားသည့်အတွက် ဒဏ်ရာရရှိသူများသွေးလွန်ကာ သေဆုံးမှုများရှိခဲ့သောကြောင့် သေဆုံးသူဦးရေ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဗုံးကျဲမှုအပြီး ဖားကန့် ဆေးရုံး ဆေးခန်းများတွင် စစ်ကောင်စီ စစ်သားများနှင့်ရဲများက ဒဏ်ရာပြင်းထန်သည့် လူများရှိမရှိ လိုက်လံစစ်ဆေးမှုများရှိနေသည့်အတွက် မြို့တွင်း မြို့ပြင်နေရာများတွင်လည်း စစ်ဆေးရေးတင်းကြပ်ထားသည်ခြင်းသည်။

    Read More »
Back to top button