နွားသေဆုံးမှုများလာတဲ့အတွက် အသားစားသုံးသူတွေစိုးရိမ်မှုမြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်အတွင်း အရေပြားရောဂါဖြစ်နေတယ်လို့ ယူဆရတဲ့ နွားတွေ လမ်းဘေးနေရာတွေမှာ သေဆုံးနေတာတွေ့ရှိလာတာကြောင့် အသားစားသုံးသူတွေအကြား စိုးရိမ်စရာ မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ဒုတိယအပတ်မှာ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်နဲ့ သီတာရပ်ကွက်အပြင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်နဲ့ခတ်ချို့ကျေးရွာဘက်တွေမှာ အရေပြားအဖုအကြိတ်တွေ ထွက်ရှိနေတဲ့ နွားတွေ သေဆုံးနေတာကို တွေ့ရှိလာခဲ့တယ်လို့ သိရပါတယ်။
“အရေပြားမှာ အဖုတွေ၊ အနာတွေ တွေ့ရတယ်။ ဘာရောဂါလဲဆိုတာတော့ အတည်မပြုနိုင်သေးပေမယ့် ဒီလိုဖြစ်နေတာကြောင့် အသားစားသုံးသူတွေ စိုးရိမ်နေကြတယ်”လို့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
သေဆုံးနေတဲ့ နွားတွေရဲ့ ကိုယ်ပေါ်မှာ အနီရောင်အစက်အပြောက်တွေ၊ အဖုအကြိတ်တွေနဲ့ အရေပြားပေါက်ပြဲပြီး ဖြစ်ပေါ်လာတဲ့ အနာတွေကို တွေ့ရတာကြောင့် Lumpy Skin Disease (LSD) လို့ခေါ်တဲ့ ကျွဲနွားအရေပြားရောဂါ ဖြစ်နိုင်ခြေရှိတယ်လို့ တိကုဆရာတွေက ယူဆနေကြပါတယ်။
“LSD ရောဂါက ခြင်၊ ယင်လို သွေးစုပ်ပိုးမွှားတွေကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးပါ။ ဖြစ်ပွားရင် ကျွဲနွားတွေမှာ အရေပြားအဖုအကြိတ်တွေ ထွက်တာ၊ အဖျားတက်တာ၊ အားနည်းတာနဲ့ နို့ထွက်နှုန်းကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်” လို့ ဝိုင်းမော်မြို့နယ် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးက ပြောပါတယ်။

ကျွဲနွားအရေပြားရောဂါ (LSD) ဟာ မြန်မာနိုင်ငံမှာလည်း အရင်နှစ်တွေကတည်းက ဖြစ်ခဲ့ဖူးတဲ့ တိရစ္ဆာန်ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာလည်း ကချင်ပြည်နယ်အချို့ဒေသတွေအပါအဝင် ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အလားတူ ကျွဲနွားအရေပြားရောဂါ အဖြစ်များလေ့ရှိတယ်လို့သိရပါတယ်။
ဒါကြောင့် နွားမွေးမြူသူတွေအနေနဲ့ ကာကွယ်ဆေးထိုးခြင်းနဲ့ ရောဂါဖြစ်တဲ့ တိရစ္ဆာန်တွေကို သီးခြားခွဲထားခြင်းတွေ လိုအပ်တယ်လို့ မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
လက်ရှိမှာတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်အတွင်း သေဆုံးနေတဲ့ နွားတွေဟာ LSD ရောဂါကြောင့်ဖြစ်တာ ဟုတ်၊ မဟုတ်ကို သက်ဆိုင်ရာက အတည်ပြုထားခြင်း မရှိသေးပါဘူး။
ဒါပေမယ့် စားသုံးသူတွေကတော့ အသားဈေးကွက်နဲ့ အမဲသားသတ်ရုံတွေမှာ စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။
By – Zami



