တံတားတွေ ဗုံးခွဲဖျက်ဆီးခံနေရတဲ့အတွက် သွားလာရေးအခက်တွေ့

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်နဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေဆဲဖြစ်သလို တံတားတွေကိုလည်း ဒရုန်းနဲ့ ဗုံးခွဲဖျက်ဆီးနေတာကြောင့ ပြည်သူတွေ သွားလာရေး အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ ရွှေကူမြို့တွင်းကနေ ငအိုး၊ ငါးလမ်းဆုံဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့် မြို့ထဲကို တပ်ပြန်ဆုတ်သွားတာဖြစ်တယ်လို့  ဆိုပါတယ်။

ဒါပေမယ့် ဇူလိုင်လ တတိယအပတ်ကစပြီး ရွှေကူမြို့ပြင်ဘက်ကို ပြန်လည်ထိုးစစ်ဆင်လာပြီး တော်လှန်ကျေးရွာနဲ့ လမ်းကူးကျေးရွာကြားမှာရှိတဲ့ နန့်ဖားကျေးရွာ ချောင်းကူးတံတားကို စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေ သွားလာရေး ခက်ခဲလာနေတယ်လို့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

နန့်ဖားချောင်းကူးတံတားပါ တံတားဟောင်းနဲ့ တံတားသစ် နှစ်စင်းရှိတာ၊ နှစ်စင်းစလုံး ပျက်စီးသွားတယ်။ မနက်ပိုင်းမှာ တံတားဟောင်းကို ချသွားတယ်။ ညနေပိုင်းကျတော့ ဒရုန်းနဲ့ တံတားသစ်ကို ထပ်ချသွားတာလို့ အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီတံတားဟာ ရွှေကူဗန်းမော် ကားလမ်းပိုင်းပေါ်မှာရှိတာဖြစ်ပြီး တံတားဟောင်းနဲ့ တံတားသစ် နှစ်စင်းစလုံးကို စစ်ကောင်စီတပ်က ဇူလိုင် ၂၆ ရက် တစ်ရက်တည်းမှာပဲ ဒရုန်းနဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

တံတားပျက်စီးသွားပြီးနောက် လူနဲ့ ဆိုင်ကယ်တွေကတော့ ဖြတ်သန်းသွားလာနိုင်သေးပေမယ့် ကားတွေနဲ့ ကုန်တင်ယာဉ်ကြီးတွေ သွားလာဖို့ ခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံတားက ကိုယ်ထည်ပျက်သွားတယ် တံတားထိပ်ဘက်ကို ထိတာပါ။ လောလောဆယ် လူနဲ့ဆိုင်ကယ်ကတော့ အေးဆေးသွားလို့ရသေးတယ်။ ဒါပေမယ့် ကားသေးလေးတွေကတော့ သတိထားပြီး သွားလာနေရတယ်။ ကုန်ကားကြီးတွေဆိုရင်တော့ ဖြတ်ဖို့ ခက်သွားပြီ၊ ဝန်လျော့ပြီး ဖြတ်ရင်ဖြတ်နေရတယ် လို့ စီသာကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တံတားရဲ့ တစ်ဖက်ကမ်းမှာတော့ ပန်းတင်ရွာ၊ ကိုင်းရွာ၊ စီသာရွာ၊ မိုးကင့်ရွာ၊ စီဖွားရွာနဲ့ အခြားကျေးရွာအများအပြား ရှိနေပြီး ဒေသခံတွေအတွက် အဓိကအသုံးပြုနေရတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် အမြန်ဆုံး ပြန်လည်ပြုပြင်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြုပြင်ရင်တော့ လွယ်သေးတယ်။ မပြုပြင်ဘဲ ဒီတိုင်းထားရင် ပိုပျက်စီးသွားမှာ။ အခုက မိုးတွင်းဆိုတော့ ပိုဆိုးတယ်။ တံတားပျက်သွားရင် ဒီဘက်ရွာစဉ်တစ်လျှောက်က အတော်လေးဒုက္ခရောက်သွားမှာ။ စားဝတ်နေရေး၊ ကျန်းမာရေးကအစ ထိခိုက်သွားမှာလို့ စီသာဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဇူလိုင် ၂၉ ရက် မနက်အစောပိုင်းမှာလည်း လေးလမ်းဆုံနဲ့ တော်လှန်ကျေးရွာဘက်ကို Y-12 လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာလည်း တော်လှန်နဲ့ ကိုင်းရွာဘက်ကို စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးခဲ့ပေမယ့် ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်အတွင်း KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဇွန်လကုန်ပိုင်းကစပြီး စစ်ကြောင်းလေးကြောင်းခွဲကာ စစ်မျက်နှာလေးခုနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် တိုက်ပွဲတွေမှာ အရေးနိမ့်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်လာနိုင်ခြေရှိတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ ရည်ရွယ်ပြီး အဲဒီလမ်းပိုင်းက တံတားတွေကို ဖျက်ဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

KIO/KIA ရဲ့ ထုတ်ပြန်ချက်အရ ကချင်ဒေသတွင်း  ပြီးခဲ့တဲ့ sဇူလိုင် ၂၀ ရက်ကနေ ၂၆ ရက်အထိ တိုက်ပွဲပေါင်း ၁၈ ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

အထူးသဖြင့် တပ်မဟာ (၁၁) နယ်မြေမှာ တိုက်ပွဲ ၇ ကြိမ်၊ တပ်မဟာ () နယ်မြေမှာ ၃ ကြိမ်၊ တပ်မဟာ () နယ်မြေမှာ ၃ ကြိမ်နဲ့ တပ်မဟာ () နယ်မြေမှာ ၅ ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေဖြစ်နေတဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀ ၊ ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကို ၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကိုလည်း အကြိမ် ၈၀ ခန့် ထိလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button